အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အိန္ဒိယ- မြန်မာဆက်ဆံရေး နောက်ဆုံးအခြေအနေနှင့် ဖြစ်လာနိုင်ခြေများ

ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အိန္ဒိယ၏  ရပ်တည်ချက်များကိုပြန်၍လေ့လာကြည့်သည့်အခါ စစ်အာဏာ သိမ်းခဲ့သည့် အစောပိုင်းကာလတွင်  စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထဲထဲဝင်ဝင် ဝေဖန်ထောက်ပြ ခြင်း၊ ကန့်ကွက်ခြင်းမျိုး မရှိခဲ့ပေ။ မီဇိုရမ်၊ မဏိပူရပြည်နယ်များသို့ မြန်မာစစ်ဘေးရှောင် ပြည်သူ အများအပြား ဝင်ရောက်သွားစဉ်ကလည်း  အိန္ဒိယအစိုးရက စိုးရိမ်ပူပန်ကြောင်းသာ ပြောဆိုခဲ့ပြီး ဒေသအလိုက် ပြည်နယ်အစိုးရများက လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့ရသည်။  

အိန္ဒိယစစ်တပ်ကလည်း  နှစ်နိုင်ငံစစ်တပ်ချင်း သတင်းအချက်အလက်မျှဝေခြင်း၊ နယ်စပ်ဒေသဆိုင်ရာ တွေ့ဆုံညှိနှိုင်းခြင်းနှင့် အိန္ဒိယနိုင်ငံထဲ ဝင်ပြေးလာသည့် မြန်မာစစ်သားများကို လက်ခံပြီး ပြန်လည် ပို့ဆောင်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် အာဏာသိမ်းတပ်ကို ဒရုန်း၊ ဂျန်ဘာနှင့် ရေဒါပစ္စည်းများ ပေးပို့၊ ရောင်းချခဲ့သည်။  

မေလ ၁၄ ရက်နေ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(တမူး-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦး ကို အိန္ဒိယနယ် စပ်လုံခြုံရေးတပ်၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးသတ်ဖြတ် လိုက်ခြင်းသည်လည်း နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုဟု ယူဆနိုင်သည်။  

ယခုနောက်ပိုင်း ထိပ်သီးတွေ့ဆုံမှုများတွင် သတင်းမထုတ်ပြန်သည့် ညှိနှိုင်းမှုများ ပါနိုင်သည်ဟု ယူဆရသည်။ ထိုညှိနှိုင်းမှုများတွင်  မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တပ်များကို အိန္ဒိယဘက်က အထောက်အကူ ပြုနေခြင်းနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုမှုလည်း ပါဝင်နိုင်ကြောင်း ယူဆရ သည်။ ထို့ကြောင့် အိန္ဒိယဘက်ခြမ်း အထောက်အကူပေးရေး လုပ်ငန်းများကို အောက်ခြေအာဏာပိုင်တို့ မသိမသာ ခွင့်ပြုပေးနေခဲ့ရာမှ ယခုနောက်ပိုင်းတွင် ပို၍စစ်ဆေးဖော်ထုတ်လာဖွယ်ရှိသည်။ အလားတူ နယ်စပ်လုံခြုံရေး တင်းကျပ် လာနိုင်သဖြင့် အိန္ဒိယနယ်စပ်တွင် အခြေစိုက်သည့် တော်လှန်ရေးတပ်များ၊ အိန္ဒိယဘက်သို့ ကူးလူးသွားလာရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းတို့၏ လုံခြုံရေးကို ယခင်ကထက်ပို၍ ဂရုစိုက်ရမည့်အနေအထား ဖြစ်လာပြီဟု ယူဆနိုင်ပါသည်။ 

(ဆောင်းပါးရှင် ပိုင်ဖြိုးသည်  CDM စစ်တပ်အရာရှိတစ်ဦးဖြစ်သည်) 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button