သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ ကော်မရှင်နှင့် တွေ့ပြီးနောက် ပြည်သူ့ပါတီမှ နုတ်ထွက်သူများလာ 

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီတွင် နုတ်ထွက်သူ များလာလျက်ရှိသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နေပြည်တော်တွေ့ဆုံပွဲ တက်ရောက်ရန် ဆုံးဖြတ်ပြီးနောက် ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် သုံးပုံတစ်ပုံအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင်လည်း နုတ်ထွက်သည့် ပါတီဝင်များ ရှိနေသည်။ 

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ဦးရှိသည့်အနက် ၎င်းအပါအဝင် ခုနစ်ဦးနုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ပါတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲနိုင်အောင်က Myanmar Now ကို အတည်ပြုသည်။

ဦးရဲနိုင်အောင်မှာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကတည်းက ဦးကိုကိုကြီးနှင့် လက်တွဲခဲ့သူဖြစ်ကာ ပြည်သူ့ပါတီကို ပူးတွဲထူထောင်ခဲ့သူလည်းဖြစ်သည်။ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ဖိတ်ကြားမှုကို လက်ခံရန် သင့်မသင့်ဆွေးနွေးရာမှ ပြည်သူ့ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်း စတင်သဘောထားကွဲလွဲခဲ့ခြင်းဖြစ်သည်။ 

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဖိတ်ကြားချက်ဟာ ပြည်သူလူထုရဲ့ဆန္ဒ၊ လိုလားချက်၊ မျှော်မှန်းချက်မျိုးနဲ့ မကိုက်ညီတဲ့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ ဒီလိုဆုံးဖြတ်ချက်မျိုးကို မချသင့်ဘူးလို့ ကျွန်တော်ဆွေးနွေးတယ်။ သို့သော် အများစုက တက်မယ်ဆုံးဖြတ်တဲ့အတွက် ဒီအပေါ်မှာ တာဝန်မယူနိုင်တဲ့အတွက် ပါတီအတွင်းရေးမှူးတာဝန်ကနေ နုတ်ထွက်တာဖြစ်ပါတယ်” ဟု ဦးရဲနိုင်အောင်က ပြောသည်။

အခြားသော ပြည်သူ့ပါတီ CEC တစ်ဦးဖြစ်သည့် ဒေါ်အေးအေးခိုင်ကလည်း စစ်ကောင်စီ၏ UEC နှင့် အဆက်အဆံလုပ်ရန် ဆုံးဖြတ်သည့်အတွက် ပါတီမှ နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။

“ကိုယ့်ပါတီထဲမှာလည်း ဖမ်းဆီးခံထားရတဲ့သူတွေရှိနေတယ်။ ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေထဲမှာလည်း ကျဆုံးသွားတဲ့သားသမီးတွေရှိတယ်။ ဒီအဖြစ်အပျက်ကိုတော့ ကျောခိုင်းပြီးတော့ ဘယ်နည်းနဲ့မှ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကို ဘယ်မျက်နှာမျိုးနဲ့မှ မသွားနိုင်ဘူး” ဟု ဒေါ်အေးအေးခိုင်က ပြောသည်။

ဦးရဲနိုင်အောင်နှင့် ဒေါ်အေးအေးခိုင်တို့အပြင် အခြားနုတ်ထွက်သည့် ပြည်သူ့ပါတီ CEC လူစာရင်းကို Myanmar Now က စုံစမ်းဆဲဖြစ်သည်။

ထို့အတူ တိုင်းနှင့်ပြည်နယ်များတွင်လည်း နုတ်ထွက်သည့် ပြည်သူ့ပါတီဝင်များရှိနေပြီး မန္တလေးတိုင်းတွင် အများဆုံးရှိကြောင်း ဦးရဲနိုင်အောင်ထံမှ သိရသည်။

Myanamar Now က အဆက်အသွယ်ရခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကလည်း နုတ်ထွက်ကြောင်း အတည်ပြုသည်။

“သူ(ဦးကိုကိုကြီး)ပြောတဲ့ အခင်းအကျင်းကတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး။ ပူးပေါင်းဆွေးနွေးရာကနေ ဖက်ဒရယ်ပြည်ထောင်စုကြီးကို သွားမယ်ဆိုတာက ဘယ်လိုမှဖြစ်နိုင်ဘူး။ လက်ရှိအခင်းအကျင်းက တစ်နိုင်ငံလုံး လက်မခံနိုင်တဲ့ဟာကို စစ်တပ်က လုပ်ပစ်တာ။ အင်မတန်အောက်တန်းကျတယ်။ လက်ရှိလည်း လူပေါင်း ၈၀၀ လောက် သတ်ထားပြီးပြီ”ဟု မြဝတီမြို့နယ် ပြည်သူ့ပါတီအတွင်းရေးမှူး ဦးမျိုးအောင်က ပြောသည်။

စစ်ကောင်စီ၏ UEC နှင့် တွေ့ဆုံရန် ဆုံးဖြတ်ချက်သည် ခေါင်းဆောင်ပိုင်းများသာ တိုင်ပင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ပါတီတာဝန်ရှိသူများပင် မသိရဟုလည်း ၎င်းက ဆက်ပြောသည်။

ပြည်သူ့ပါတီသည် စစ်ကောင်စီလက်အောက်ခံ UEC ၏ ဖေဖော်ဝါရီလအတွင်း ပထမအကြိမ်ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သော်လည်း နှစ်လကျော်အကြာ UEC ၏ ဒုတိယအကြိမ်ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့စဉ်က “၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းအကောင်အထည်ဖော်မှုမလုပ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမည်ဖြင့် ဖိတ်ကြားလာသည့် အစည်းအဝေးအား တက်ရောက်မည်မဟုတ်”ဟု ပြည်သူ့ပါတီက ဖေဖော်ဝါရီ ၂၄ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ဖူးသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲတက်ရောက်ခဲ့ခြင်းအပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “အခု ကျွန်တော်တို့ရွေးချယ်ရတဲ့ နည်းလမ်းက ပိုပြီးတော့ ပင်ပန်းတယ်။ အန္တရာယ်ပိုကြီးတယ်။ နိုင်ငံရေးသတ္တိ၊ နိုင်ငံရေးယုံကြည်မှုအရ ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု Myanmar Now ကို ပြောသည်။

UEC နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ပြည်သူ့ပါတီ CEC အဖွဲ့အတွင်း အများစုက သဘောတူ၍ဖြစ်ပြီး ဒီမိုကရေစီထွန်းကားရေးဦးတည်ထားသည့် ပါတီ၏ ရပ်တည်ချက်နှင့် မူဝါဒများကိုမူ သွေဖည်ရန်မရှိဟု အာမခံကြောင်း ၎င်းက ဆက်ပြောသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

ထို့ပြင် ပါတီမှ နုတ်ထွက်သူများနှင့် ပတ်သက်၍ သီးခြားအတည်ပြုခြင်း၊ မှတ်ချက်ပေးခြင်း မရှိသော်လည်း လူမှုကွန်ရက်ပေါ်တွင် UEC နှင့် တွေ့ဆုံရန် ပါတီက ဆုံးဖြတ်ခဲ့ခြင်းအပေါ် ထောက်ခံသည့် ပါတီဝင်များရှိကြောင်း ဦးကိုကိုကြီးက တုံ့ပြန်သည်။

“တခြားယုံကြည်ချက်တူ၊ စိတ်တူကိုယ်တူ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတစ်ခုက ဆက်ပြီးတော့ သွားရမှာပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီသည် ပါတီဝင်အင်အား တစ်သိန်းခန့်နှင့် မြို့နယ်အဆင့်ပါတီရုံးခန်းပေါင်း ၈၀ ကျော်၊ ရပ်ကျေးအဆင့်ပါတီရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သတင်းထုတ်ပြန်ထားဖူးသည်။

ပြည်သူ့ပါတီသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းပေါင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရခဲ့ပေ။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပင်လျှင် ၎င်းပါဝင်ယှဉ်ပြိုင်သည့် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်အနိုင်ရပြီးနောက် ရလဒ်ကို လက်မခံဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် UEC ကို ပြန်လည်ဖွဲ့စည်းကာ စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဦးသိန်းစိုးကို ဥက္ကဋ္ဌတာဝန်ပေးအပ်ခဲ့သည်။ ဦးသိန်းစိုးမှာ မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် မဲမသမာမှုများစွာရှိသည်ဟု နာမည်ကျော်ခဲ့ပြီး စစ်ယူနီဖောင်းချွတ် အရပ်သားပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ အာဏာလွှဲပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို UEC ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ဖူးသူဖြစ်သည်။
 

Show More

Related Articles

Back to top button