
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု လွန်ခဲ့သော ငါးနှစ်ခန့်တွင် ထုတ်ဖော်ပြောဆိုဖူးသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် တပ်ချုပ်ရာထူးသက်တမ်းကို အကန့်အသတ်မဲ့ ပြန်ပြောင်းလိုက်သည်။
အာဏာသိမ်းပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၄ တွင် ယခင်က ထုတ်ပြန်ထားခဲ့သည့် တပ်ချုပ်၊ ဒုတပ်ချုပ်တို့၏ သက်တမ်းကို ကန့်သတ်ထားသည့် ညွှန်ကြားလွှာများကို ပယ်ဖျက်ကြောင်း ညွှန်ကြားလွှာအသစ် ထုတ်ပြန်ခဲ့သည်။
၂၀၁၆ ဇွန်လအတွင်း နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံရာတွင် တပ်ချုပ်သက်တမ်းမှာ အကန့်အသတ်မဲ့မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထိုစဉ်က အသက် ၆၀ ပြည့်ချိန်ဖြစ်သဖြင့် ရာထူးသက်တမ်း တိုးထားခြင်းရှိမရှိ သတင်းထောက်အချို့က မေးမြန်းခဲ့ရာ ဗိုလ်ချုပ်မှူးကြီးက “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်တဲ့သူ ကျတော့လည်း အကန့်အသတ်မဲ့ဆိုတာ မပေးဘူး၊ ခွင့်မပြုဘူး။ သတ်မှတ်ထားတဲ့ အသက်အထိပဲ ထမ်းဆောင်လို့ရမယ် ဆိုတဲ့ဟာကိုပဲ ကျွန်တော်တို့ပေးတယ်။ သက်တမ်းတိုးတယ်လို့ ဘာတို့ဆိုတာ မဟုတ်ပါဘူး။ ဘယ်နှစ်ထိပဲ လုပ်ရမယ်ဆိုတာ၊ ကန့်သတ်ချက်ပေးတာပဲ ရှိတယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ဖြေကြားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် လာမည့် ဇူလိုင်လဆန်းတွင် အသက် ၆၅ နှစ်ပြည့်မြောက်မည်ဖြစ်သည်။ အာဏာသိမ်းပြီး ချက်ချင်းဆိုသလို တပ်ချုပ်သက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းအပါအဝင် တပ်မတော်ပြန်တမ်းဝင်အရာရှိများအတွက် စစ်မှုထမ်းစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်များပါဝင်သည့် ညွှန်ကြားလွှာအသစ်ကို ထုတ်ပြန်စေခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဌာနကောင်စီ၏ ညွှန်ကြားလွှာသစ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ညွှန်ကြားလွှာသစ်အရ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးများကို ပုံမှန်သက်တမ်း ၄ နှစ်အပြင် ၂ နှစ်သက်တမ်းတိုး ထမ်းဆောင်ခွင့်ပြုလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးများ၏ သက်တမ်းကို ၅ နှစ်အထိ တာဝန်ထမ်းဆောင်ခွင့် ပြုထားသည်။ ယခင်က ထိုအဆင့်များကို ပုံမှန်သက်တမ်း ၄ နှစ်သာ တာဝန်ထမ်းဆောင်စေပြီး ထို့နောက် အငြိမ်းစားပေးရန် သို့မဟုတ် တပ်မတော်အရန်အင်အားတွင် ထည့်သွင်းရန် သတ်မှတ်ခဲ့သည်။
အာဏာသိမ်းအစီအစဉ်ကိုလည်း ရှေးဦးမဆွကပင် အကွက်ချစီစဉ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း တပ်ချုပ်ရာထူးသက်တမ်း အကန့်အသတ်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်သည့်အနေဖြင့် ၎င်းထက် များစွာငယ်ရွယ်သော အသက် ၄၀ ကျော်၊ ၅၀ စွန်းစွန်းအရွယ် စစ်ဗိုလ်ချုပ်များကို တပ်မတော်တွင် အလွန်အရေးပါအရာရောက်သော ထိပ်တန်းရာထူများတွင် ခန့်အပ်ခဲ့သည်။
လက်ရှိ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့ စစ်တက္ကသိုလ်အပတ်စဉ် ၂၆ နှင့် ၂၈ တက်ရောက်ခဲ့သူများဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၁၉ ကျောင်းဆင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် များစွာငယ်ရွယ်သူများ ဖြစ်ကြသည်။
ထို့ပြင် အနာဂတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တစ်ပေးခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်၌ နံပါတ် ၄ အဆင့် အရေးပါဆုံးရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ထားသည့်အပြင် စစ်ကောင်စီအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ထားသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထူးယုံကြည်အားထားသူ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ တက်ရောက်ခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်သူလည်းဖြစ်သည်။
တပ်မတော်တွင် အရေးပါသော ထိပ်တန်းရာထူးတစ်ခုဖြစ်သည့် စစ်ရေးချုပ်တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းမှာလည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၈ တက်ရောက်ခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် အသက် ၁၀ နှစ်နီးပါး ငယ်ရွယ်သူဖြစ်သည်။
လက်ရှိတပ်မတော်တွင်း၌ အသက်အငယ်ဆုံးသော ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ တက်ရောက်ခဲ့သူဖြစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်ထက် အသက် ၁၅ နှစ်နီးပါး ငယ်ရွယ်သူဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးဖြစ်သူ လက်ရှိ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းသည် ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ကာ ဦးမင်းအောင်လှိုင်ထက် အသက် ၁၀ နီးပါး ငယ်ရွယ်သူဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ အသစ်ခန့်အပ်ခဲ့သည့် ရဲချုပ်နှင့် ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည်လည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၉ တက်ရောက်ခဲ့သူဖြစ်ကာ ဦးမင်းအောင်လှိုင်ထက် ၁၀ နှစ်နီးပါး ငယ်ရွယ်သူဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသည် ၎င်းထက်များစွာငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို ထိပ်တန်းရာထူးများပေးအပ်ခြင်းဖြင့် သူနှင့် မတိမ်းမယိမ်း စစ်ဗိုလ်ချုပ်များ ထိပ်တန်းရာထူးမရစေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးတစ်ဦးက သုံးသပ်သည်။
“တော်တော်ကို အာဏာရူးတဲ့ကိစ္စပဲ။ ကိုယ့်အချင်းချင်းကိုလည်း အာဏာလက်လွှဲပေးချင်တဲ့စိတ် မရှိဘူး။ တိုင်းပြည်တစ်ပြည်ဆိုတာ အစိုးရရယ်၊ ပြည်သူရယ်၊ နိုင်ငံရဲ့အကျယ်အဝန်းရယ် ဒါတွေ ပြည့်စုံမှုမရှိဘဲ ဘယ်လိုလုပ် ရပ်တည်မှာလဲ။ တစ်ချိန်ချိန်မှာတော့ ကျရှုံးမှာပဲ” ဟု တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ ဗိုလ်မှူးဟိန်းသော်ဦးမှာ စစ်အာဏာသိမ်းမှုကြောင့် အနှစ် ၂၀ နီးပါး တာဝန်ထမ်းဆောင်လာခဲ့သော စစ်တပ်ကို ကျော်ခိုင်းစွန့်ခွာခဲ့သူ စစ်တပ်အရာရှိတစ်ဦးဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပတ်သက်၍ ဗိုလ်မှူးဟိန်းသော်ဦးက “အောက်မှာ တော်တဲ့အရာရှိတွေ၊ ဗိုလ်ချုပ်တွေရှိနေတာပဲ။ ဒါကို မလွှဲပေးချင်ဘူး။ အောက်ကို ဒုက္ခပေးသလို တပ်မတော်ရော တိုင်းပြည်ကိုရော ဒုက္ခပေးနေတာ” ဟု ဆိုသည်။