သတင်း

ရန်ကုန်၊ လမ်းမတော်မြို့နယ်မှ အမျိုးသားတစ်ဦး အင်းစိန်ထောင်တွင် သေဆုံး

ရန်ကုန်၊ လမ်းမတော်မြို့နယ်မှ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး အဖမ်းခံရပြီး နှစ်လကျော်အကြာတွင် သေဆုံးခဲ့ကြောင်း အင်းစိန်ထောင်တွင် သွားရောက်စုံစမ်းသည့် ယမန်နေ့ (မေ ၂၀) က သိလိုက်ရသည့်အတွက် ရုပ်အလောင်းကို ထုတ်ယူပြီး သင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုက ပြောသည်။

မတ် ၁၈ တရားရုံးချိန်း တက်ပြီးချိန်တွင် မူးလဲခဲ့သော ကိုသိန်းဝင်းသည် ထောင်ဆေးရုံသို့ ခေတ္တရောက်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဆီးချိုတက်ပြီး ဆေးရုံကို ထပ်ရောက်စဉ် သေဆုံးခဲ့သည်ဟု ထောင်ဝန်ထမ်းများထံမှ သိရကြောင်း မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းက ပြောသည်။

“စိတ်မကောင်းတာက ဆုံးသွားတယ်ဆိုရင် ဘာပဲပြောပြော ကျွန်မတို့ကို အကြောင်းကြားရမယ်။ မနေ့တုန်းကမှ ကျွန်မတို့ကလည်း ဆုံးတာကို သိလို့ သွားတာမဟုတ်ဘူး။ ဘယ်သူ့ကိုဘယ်လိုမေးရမှန်းလည်း သိဘူး။ ပစ္စည်းတွေလက်ခံပြီး ၁၁ နာရီလောက်ကျမှ အဲဒီစကားကို ပြောလာတာ” ဟု ဒေါ်ဝင်းဝင်းက ပြောသည်။ 

ကိုသိန်းဝင်းသည် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ဆီးချိုရောဂါကြောင့် ဆေးရုံတက်ခဲ့ဖူးသူဖြစ်သောကြောင့် ဆေးမှတ်တမ်းများ ပြသကာ ရှေ့နေမှတစ်ဆင့် အာမခံလျှောက်ရန် ကြိုးစားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ဟု ဆိုသည်။

“ကျူးကျူးလွန်လွန် အပြစ်မဟုတ်တဲ့အတွက်ကြောင့် ကျွန်မတို့က အပြင်မှာ ဆေးကုသခွင့်တောင်းတယ်။ ဘာလို့လဲဆိုတော့ ထောင်ဆေးရုံဆိုတာက ဘာမှမရှိဘူး၊ သာမန် နှာစေး၊ ချောင်းဆိုးလောက်ပဲရမယ်ထင်တယ် ။ ကျွန်မအထင်ပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၉ တွင် ကိုသိန်းဝင်းသည် ဗဟိုရ်စည်ဆေးရုံ၌ ဆီးချိုရောဂါ တက်ရောက်ကုသခဲ့ပြီး ဖမ်းဆီးမခံရမီအထိ ကျန်းမာရေးကောင်းမွန်ခဲ့ကြောင်း ဒေါ်ဝင်းဝင်းက ပြောသည်။

သို့သော် ထောင်တွင်း၌ သားဖြစ်သူ ကျန်းမာရေးချို့ယွင်းနေကြောင်း ဧပြီလဆန်းပိုင်း အင်းစိန်ထောင်မှ ပြန်လွတ်လာသူများက ပြောပြကြသည်ဟု ဆိုသည်။

“အနေအထိုင်တွေ အရမ်းဆင်းရဲတယ်။ သူက တော်တော်ဝတယ်။ ပေါင် ၂၀၀ ကျော်တယ်။ အိမ်သာက ဘိုထိုင်နဲ့မှ ရတယ်။ အထဲက ဘိုထိုင်မဟုတ်တဲ့အတွက် ဝမ်းတွေဘာတွေသွားမှာစိုးလို့ ထမင်းကို လုံးဝမစားဘဲနဲ့ အစားလျှော့တယ်ဆိုတာတော့ ပြန်လွတ်လာသူတွေရဲ့ ပြောစကားအရ သိရတယ်” 

ကိုသိန်းဝင်း၏ ရုပ်အလောင်းကို အင်းစိန်ထောင်မှ ချက်ချင်းထုတ်ယူပြီး ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

“(ထောင်အရာရှိက) အကျိုးအကြောင်းရှင်းပြပါတယ်။ သူ့ကျန်းမာရေးအခြေအနေအရ ဖြစ်တာပါ၊ သူ့ကို ဓာတ်ပုံလေးရိုက်ထားတယ်၊ နှိပ်စက်ညှဉ်းပန်းထားတဲ့ဒဏ်ရာ အညိုအမည်းဘာရှိသလဲ၊ သေချာကြည့်ပါတဲ့။ ဘာမှမရှိပါဘူးလို့။ ကျွန်တော်တို့က ထိန်းသိမ်းစောင့်ရှောက်ခွင့်ပဲရှိပါတယ်တဲ့၊ အိမ်ပြန်သယ်ဦးမလားတဲ့၊ မသယ်ဘူးလို့ တစ်ခါတည်းသာ သင်္ဂြိုဟ်လိုက်မယ်လို့ဆိုတော့ သူတို့ အစအဆုံးကူညီပေးပါတယ်” 

လမ်းမတော် ၁၀ လမ်းနေ ကိုသိန်းဝင်းသည် ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပေးနေစဉ် မတ် ၆ ညပိုင်းတွင် အဖမ်းခံလိုက်ရပြီးနောက် ဧပြီလဆန်းတွင် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

စစ်ကြောရေးစခန်းများတွင် ဆိုးဆိုးရွားရွားနှိပ်စက်ခံရမှုများနှင့် အင်းစိန်ထောင်တွင်း လူရာချီပြည့်နှက်နေသည့် အခြေအနေကို မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် ဂျပန်သတင်းထောက်က ဖွင့်ဟခဲ့ဖူးသည်။ 

အင်းစိန်အကျဉ်းထောင်တွင် သတ်မှတ်လူဦးရေ ၅,၀၀ဝ ခန့်သာ နေထိုင်သင့်သော်လည်း အကျဉ်းသား ၁၀,၀၀၀ ကျော်ရှိနေ၍ စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မြန်မာနိုင်ငံတာဝန်ခံ ဦးအောင်မျိုးကျော်က Myanmar Now ကို ၂၀၂၀ ဧပြီလအတွင်းက ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက ပြည်သူလူထုအပါအဝင် ကျောင်းသားများ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များကို ဖမ်းဆီးခဲ့ရာ ယမန်နေ့အထိ ၄,၂၀၀ ကျော်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ တွင် စစ်ကောင်စီဥက္ကဋ္ဌက တစ်နိုင်ငံလုံး အကျဉ်းသားနှစ်သောင်းကျော် ပြန်လွှတ်ပေးခဲ့ပြီးနောက် ဆန္ဒပြသူများ၊ နိုင်ငံရေးသမားများ၊ အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူများကို ဖမ်းဆီးချုပ်နှောင်နေဆဲ ဖြစ်သည်။ 

ထို့ပြင် စစ်သားနှင့် ရဲများ၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသူ ၈၁၀ ဦးရှိပြီး ထိုအထဲတွင် ကလေးငယ်များလည်း ပါဝင်သည်။

Show More

Related Articles

Back to top button