စစ်အာဏာသိမ်းပြီးနောက် ဖုန်းသုံးစွဲသူများအပေါ် လူအခွင့်အရေးချိုးဖောက်မှုကျူးလွန်စေနိုင်သည့် အရေးကြီးအချက်အလက်များကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးအပ်မှုအတွက် Telenor ဆက်သွယ်ရေး ကုမ္ပဏီကို နော်ဝေနိုင်ငံတွင် တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါတရားစွဲဆိုမှုကို နော်ဝေအခြေစိုက် ဥပဒေရေးရာအဖွဲ့အစည်း Simonsen Vogt Wiig က မြန်မာ အရပ်ဘက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Defend Myanmar Democracy၊ Myanmar Internet Project နှင့် မသဇင်ညွန့်အောင်တို့ကို ကိုယ်စားပြုတရားစွဲဆိုသွားရန် စီစဉ်နေကြောင်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ သုတေသနပြုမှုစင်တာ(SOMO) က ယမန်နေ့ (အောက်တိုဘာလ ၆ ရက်နေ့) တွင် သတင်းထုတ်ပြန် သည်။
၁၉၇၄ ခုနှစ်မှစ၍ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများကို လေ့လာ၍ လူမှုပတ်ဝန်းကျင်သက်ရောက်မှုအား သုတေသနပြုနေသည့် SOMO အဖွဲ့အစည်းသည် ယခုတရားစွဲဆိုမှုအတွက် အထောက်အကူပေးသည့် အဖွဲ့ တစ်ခုလည်းဖြစ်သည်။
တရားစွဲဆိုမည့်အကြောင်းကြားစာကို Telenor ကုမ္ပဏီထံ ပေးပို့ထားပြီး မြန်မာနိုင်ငံရှိ ၎င်း၏ ဆက်သွယ်ရေး လုပ်ငန်းရောင်းချ၍ မထွက်ခွာမီ Telenor ကွန်ရက်အသုံးပြုသူများ၏ အရေးကြီး အချက်အလက်များအား စစ်တပ်ထံ လွှဲပေးခဲ့ရာ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခြင်းနှင့် သတ်ဖြတ်မှုများကျူးလွန်ရန် အသုံးပြုခဲ့ကြောင်း သိရသည်။
ထိုစဉ်က Telenor အသုံးပြုသူ ၁၈ သန်းဝန်းကျင်ရှိပြီး လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များဖြစ်သည့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ တည်နေရာ စသည့်အချက်အလက်များကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း ယမန်နေ့ထုတ်ပြန်ချက်တွင် တွေ့ရသည်။ Telenor သည် သုံးစွဲသူများအပေါ် အန္တရာယ်ကျရောက်စေနိုင်ကြောင်း သိလျှက်နှင့် အချက်အလက်များပေးခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်၏ မတရားသဖြင့် ကြိုးပေးစီရင်ခြင်းခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၏ ဖုန်းမှတ်တမ်းနှင့် အချက်အလက်များကိုလည်း ၎င်း ဖမ်းဆီးမခံရမီ သီတင်းပတ် အနည်းငယ်အတွင်း Telenor က စစ်တပ်ထံလွှပြောင်းပေးခဲ့ခြင်းကြောင့် တရားစွဲဆိုသွားရန် စီစဉ်ကြောင်း ကိုဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောထားသည်။
ယခုတရားစွဲဆိုမှုတွင် ပါဝင်သည့် Myanmar Internet Project အဖွဲ့၏ ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က Telenor အနေဖြင့် များပြားလှသောချိုးဖောက်မှုများကျူးလွန်သည်ကို တွေ့ရှိရသဖြင့် ယခု တရားစွဲဆိုမှုတွင်ပါဝင်ကြောင်း Myanmar Now ကို ပြောသည်။
“တယ်လီနောအနေနဲ့ အများပြည်သူရဲ့ထိန်းသိမ်းထားရမယ့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မထိန်းသိမ်းဘဲ စစ်အုပ်စုကိုပေးတာ၊ စောင့်ထိန်းရမယ့် ဒစ်ဂျစ်တယ်အခွင့်အရေးတွေကို စောင့်ထိန်းခြင်း မရှိတာ၊ လုပ်ငန်းလွှဲပြောင်းတဲ့အခါ လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ ကောင်းမွန်ပြီး ကျင့်ဝတ် ညီတဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများအတိုင်း ဟုတ်မနေခြင်းများကြောင့်လို့ ကနဦး ဖြေဆိုနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
Telenor အနေဖြင့် ယခုတရားစွဲမှုဖြင့် ရင်ဆိုင်ရနိုင်ခြေရှိသည့်အပြင် နော်ဝေ၏ မြန်မာစည်းမျဉ်းများကို ချိုးဖောက်သည်ဟုဆိုကာ ၂၀၂၄၊ နှစ်ကုန်ပိုင်းတွင် နော်ဝေရဲတပ်ဖွဲ့ထံ Justice For Myanmar(JFM) နှင့် ICJ Norway တို့က တိုင်ကြားခဲ့ပြီး ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရနိုင်သည့်အမှုနှင့်ရင်ဆိုင်နေရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာမှထွက်ခွာသွားသော Telenor ကုမ္ပဏီသည် စစ်တပ်ထိန်းချုပ်မှု အောက်ရောက်သွားသည့် ဆက်သွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး စက်ပစ္စည်း တည်ဆောက်၊ တပ်ဆင်၊ ထိန်းသိမ်းမှုအပေါ် အကူအညီပေးခြင်း၊ တယ်လီနောမြန်မာကို ဝယ်ယူခဲ့သည့် M1 Group ထံ စောင့်ကြည့် ထောက်လှမ်းရေးပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းသည် နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်ရာရောက်ကြောင်း တိုင်ကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လအတွင်း နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော လုပ်ငန်းစုထံမှ တယ်လီနောမြန်မာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ ပူးပေါင်းထူထောင်ထားသည့် Investcom ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လွှဲပြောင်း ဝယ်ယူခဲ့သည်။
၎င်းတို့ဝယ်ယူပြီးနောက် တယ်လီနောမြန်မာမှ ATOM Myanmar သို့ အမည်ပြောင်းလဲခဲ့ပြီး လက်ရှိအချိန် အထိ ထိုအမည်ကို အသုံးပြုနေသည်။
သုံးစွဲသူ ၁၈ သန်းကျော်ရှိသည့် တယ်လီနော (မြန်မာ) ကို M1 အုပ်စုထံ ရောင်းချရာတွင် သုံး လနှင့် ခြောက် လ အကြားရှိ Mytelenor App, စီးပွားရေးဆိုင်ရာအချက်အလက်များ အပါအဝင် အော်ပရေတာလိုင်စင် တာဝန်အရ တယ်လီနောအသုံးပြုသူများ၏ ဖုန်းမှတ်တမ်းများကိုလည်း လွှဲပြောင်းပေးခဲ့ရသည်။
တာဝန်မဲ့စွာ ထွက်ခွာသည်ဟုဆိုကာ တယ်လီနောအုပ်စုကို မြန်မာအရပ်ဘက်အဖွဲ့အစည်းများက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD ) ထံ တိုင်ကြားမှုများရှိခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းသည့်နေ့မှ ယခုနှစ် အောက်တိုဘာလ ၃ ရက်နေ့အထိ နိုင်ငံရေး
အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖမ်းဆီးခံခဲ့ရသူ ၂၉၇၈၀ ဦး ရှိပြီး ထိုအထဲမှ ၂၂၄၈၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိုသူများအနက်မှ ၁၁၁၅၇ ဦး မှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။



