စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

သူဌေးဖြစ်ရေးထက် မူးယစ်ဆေးစွဲဖို့ ပိုသေချာစေတဲ့ ကျောက်စိမ်းမြေ

ဖားကန့် – ကချင်ပြည်နယ် ဖားကန့်မြို့က ဥရုထွယ်ဆန် မူးယစ်ဆေး သုံးစွဲသူများ ပြုစုပျိုးထောင်ရေးဂေဟာကို ၂၉ နှစ်အရွယ် မဂျားလွယ် ရောက်နေတာ ၂ လ ရှိပါပြီ။

မဂျားလွယ်က ဆိုင်းတောင်ရွာမှာ သူငယ်ချင်းတွေနဲ့အတူ ဘိန်းမည်း၊ ချောင်းဆိုးပျောက်ဆေးရည်တို့ကို စမ်းသပ် စားသုံးကြည့်ရာက မူးယစ်ဆေးရဲ့သားကောင် ဖြစ်လာသူပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်သား သူ့အိမ်ထောင်ဖက်ရဲ့ ကျောက်စိမ်းအရောင်းအဝယ် လုပ်ငန်းက ရရှိတဲ့ ဝင်ငွေအတော်များများဟာ သူ့ရဲ့ မူးယစ်ဆေးဖိုး ဖြစ်လာပါတယ်။

“ဆေးဖြတ်ခန်းကို စလာပို့တုန်းက အိမ်ကလူတွေကို စိတ်ဆိုးမိသေးတယ်။ အခုတော့ စိတ်မဆိုးတော့ဘူး” လို့ ကလေး ၂ ယောက်မိခင် မဂျားလွယ်က ဆိုပါတယ်။
ဂေဟာကနေ ပြန်ထွက်ခွင့်ရတဲ့အခါ ၂ နှစ်ကျော် စွဲလမ်းခဲ့တဲ့ မူးယစ်ဆေးကို ထပ်မသုံးတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဂေဟာရဲ့ ကျေးဇူးကြောင့် မူးယစ်ဆေးနဲ့ အပြီးတိုင် ကင်းကွာသွားသူတွေ ရှိသလို မူးယစ်ဆေး ပြန်သုံးသူတွေလည်း ရှိနေပါတယ်။

ဂေဟာ တာဝန်ခံ ဦးဆိုင်းနော်ကတော့ ဖားကန့်ဒေသမှာ အရွယ်ရောက်ပြီးသူဦးရေရဲ့ ထက်ဝက်မကဟာ မူးယစ်ဆေးသုံးစွဲနေတဲ့သူ၊ မူးယစ်ဆေး သုံးစွဲဖူးတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံအနှံ့အပြားက အလုပ်အကိုင်ရှာဖွေသူတွေဟာ ဝင်ငွေကောင်းကောင်း ရရှိရေး၊ သူဌေးဖြစ်ရေး ရည်ရွယ်ချက်တွေနဲ့ ဖားကန့်ဒေသ ကျောက်စိမ်းမြေကို ရောက်လာကြရာမှာ သူတို့အိပ်မက်တွေ လက်တွေ့ ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ ကြမ်းတမ်းတဲ့လုပ်ငန်းခွင်အခြေအနေနဲ့ ရင်ဆိုင်ရပြီး၊ အန္တရာယ်ကြီးတဲ့ မြေပြိုကျမှုကလည်း မကြာခဏ ဖြစ်ပေါ်နေတာပါ။ အလုပ်အကိုင်ရှာဖွေသူတွေရဲ့ ကျန်းမာရေးကို အကြီးအကျယ်ဒုက္ခပေးနေတာကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက် တရားဝင်ကိန်းဂဏန်းများ မရှိသေးပါဘူး။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကတော့ မြန်မာပြည်မှာ မူးယစ်ဆေးကို ဆေးထိုးအပ်နဲ့ သုံးစွဲသူ အမျိုးသား ၈၃,ဝဝဝ ကျော် ရှိမယ်လို့ ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီလလယ်ပိုင်းမှာ ကြေညာထားပါတယ်။

ဘိန်းဖြူ၊ ဘိန်းမည်းကို အများဆုံး သုံးကြပြီး ဓာတုဗေဒနဲ့ ပြုလုပ်ထားတဲ့ မူးယစ်ဆေးပြားတွေက ဒုတိယ အများဆုံး သုံးစွဲနေကြတယ်လို့ UNODC ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေး လွယ်လွယ်ရနေ

ဖားကန့်မြို့ ကျေးလက်ဒေသ လူအသွားအလာပြတ်သည့်နေရာများတွင်မူးယစ်ဆေးသုံးစွဲသူများကို တွေ့နိုင်သည် (ဓာတ်ပုံများ – ထက်ခေါင်လင်း/Myanmar Now)

ဖားကန့်ဒေသကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးတွေဟာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့ရဲ့ နယ်စပ်တွေဘက်ကနေသာမက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကနေ ဝင်ရောက်နေတာလို့ သတင်းရကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက Myanmar Now ကိုပြောပါတယ်။

“ဝင်လာကြတဲ့ လမ်းကြောင်းတွေက အများကြီးပါ။ အရေအတွက်က အတော် များပြားနေတဲ့ အတိုင်းအတာဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဂိုဏ်းဖွဲ့လုပ်ကိုင်နေကြတာမျိုးထက် အဲ့ဒီဒေသတွေနဲ့ ဆက်နွှယ်နေသူတွေက နည်းအမျိုးမျိုးနဲ့ မူးယစ်ဆေးတင်သွင်းလာကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်ဟာ ကျန်ဒေသတွေထက် မူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်ပါတယ်။ ပြည်နယ်တွင်း ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေထက် မူးယစ်ဆေးကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်က ပိုမိုများပြားနေတယ်လို့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့ Transnational Institute (TNI) က ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်တယ်ဆိုပေမယ့် ကိုင်တွယ်ပုံနည်းစနစ်နဲ့ မူဝါဒတွေ မှားယွင်းနေပြီး မူးယစ်ဆေးသုံးစွဲသူနဲ့ အသေးစား ရောင်းဝယ်ဖောက်ကားသူတွေကိုသာ ဖမ်းဆီးနိုင်ခဲ့တာကြောင့် အစိုးရသစ်လက်ထက်မှာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။

ဖားကန့်ဒေသမှာ ဘိန်းဖြူကို အကြောထဲထိုးသွင်းသူတွေ စတည်းချကြတဲ့နေရာ အများအပြား ရှိပါတယ်။ ဒီလိုမျိုးနေရာမှာ အပြန်အလှန် ဆေးထိုးပေးသူတွေကိုလည်း တွေ့ရပါတယ်။

စိုးရိမ်စရာအချက်တစ်ခုကတော့ ဆေးထိုးအပ်တစ်ခုတည်းကို လူတစ်ယောက်ထက် ပိုသုံးမယ်ဆိုရင် ခုခံကျရောဂါပိုး (HIV) ကူးစက်နိုင်ခြင်းပါပဲ။ ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတချို့ကတော့ ဒီဒေသမှာ တစ်ခါသုံးဆေးထိုးအပ်တွေ အခမဲ့ ဖြန့်ဝေခြင်း၊ HIV ပိုး စစ်ဆေးခြင်း၊ HIV ပိုး ကူးစက်ခံထားရသူကို နှစ်သိမ့်ဆွေးနွေးအားပေးခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့က HIV ပိုး ရှိသူ ၂,ဝဝဝ ခန့်ကို ဖားကန့်မှာ ကုသမှု ပေးနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်က တခြား ဆေးခန်း ၄ ခုမှာလည်း အလားတူ လူနာ ၈,ဝဝဝ ဝန်းကျင်ကို အကူအညီ ပေးနေပါတယ်။

ဒေသတွင်းမှာတော့ ကချင်လူမျိုးတွေစုပေါင်းပြီးတော့ ဘိန်းတိုက်ဖျက်ရေးလုပ်နေတဲ့အဖွဲ့ဖြစ်တဲ့ ပက်ဂျာဆန်ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့က ဘိန်းရောင်းချနေသူတွေကို ဖမ်းဆီးတဲ့အပြင် ဘိန်းစိုက်ခင်းတွေကိုလည်း ဖျက်ဆီးနေတာပါ။

“ကျွန်တော်တို့ ဖားကန့်ကတော့ မူးယစ်ဆေးဆိုတာ တကယ့်ကို လွယ်လင့်တကူပဲဗျ။ တောမှော်ရွာထဲမှာဆို ဘယ်နေရာက ရောင်းတယ်၊ လက်ကြီးသမားလား၊ ဘာလား ဆိုတာ ကျွန်တော်တို့ သတင်း အတိအကျ ရထားတယ်” လို့ ပက်ဂျာဆန်ရဲ့ ကျေးရွာအဆင့်တာဝန်ခံတစ်ဦးဖြစ်သူ ဦးခူလွမ်က ပြောပါတယ်။

အကျင့်ပျက်ခြစားမှု ပြဿနာ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဖားကန့်က မူးယစ်ဆေးရောင်းသူတစ်ဦးကို ပက်ဂျာဆန်အဖွဲ့က ဖမ်းမိတဲ့ အခါမှာ အာဏာပိုင်အဖွဲ့အစည်းတွေကို လစဉ်ငွေပေးမှုကို မှတ်တမ်းတင်ထားတဲ့ စာအုပ် တစ်အုပ်ကို သိမ်းဆည်းရခဲ့ပါသေးတယ်။

အဲ့ဒီစာအုပ်မှာ အာဏာပိုင်အဖွဲ့တွေကို နှစ်လအတွင်း ကျပ်သိန်းပေါင်း ၅,၆ဝဝ ကျော် လိုင်းကြေး ပေးခဲ့တယ်၊ နေ့စဉ် ပေးရတဲ့ လိုင်းကြေး ကျပ်သိန်း ၁ဝဝ ခန့် ရှိတယ်လို့ ဖော်ပြထားကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ဖားကန့်ဒေသကျောက်စိမ်းမှော်တိုင်းလိုလိုမှာ မူးယစ်ဆေးကို လွတ်လွတ်လပ်လပ် ရောင်းချနေတယ်၊ မူးယစ်ဆေး အကြီးအကျယ် သုံးစွဲဲကြမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ လူမှုရေးပြဿနာတွေ နေ့စဉ် ဖြစ်ပေါ်နေတယ် လို့ ဦးတင့်စိုးက ပြောပါတယ်။

“အုပ်ချုပ်ရေးက လက်လှမ်းမမီတဲ့ နေရာတွေကလည်း များနေတယ်။ ကျေးရွာအတွင်းမှာ ရောင်းတာထက် ကျေးရွာ အစွန်အဖျားမှာ ရောင်းတာမျိုးက လိုက်ပြီး ဖမ်းဆီးထိန်းသိမ်းဖို့က အင်မတန်ခက်တယ်” လို့ သူက ဆိုပါတယ်။

မူးယစ်တိုက်ဖျက်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခ

ဖားကန့်ဒေသမှာ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်းမှာ ထည့်သွင်း ဆောင်ရွက်နေပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲလာကြတာ ဆယ်စုနှစ် ၃ ခု ကျော်နေပြီဖြစ်တဲ့အတွက် ချက်ချင်း အမြစ်ဖြတ်လုပ်ဆောင်ဖို့ မမျှော်လင့်နိုင်ဘူးလို့ ဦးတင့်စိုးက သုံးသပ်ပါတယ်။

နှိမ်နင်းမှုတွေနဲ့အတူ ပညာရေးမှုတွေလို နည်းလမ်းပေါင်းစုံနဲ့ အချိန်ယူ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ရဲမှူးကြီး ရွှေညာမောင်ကလည်း မူးယစ်ဆေးတိုက်ဖျက်ရေးမှာ တားဆီးနှိမ်နင်းလိုက်ရုံနဲ့ အောင်မြင်မှာမဟုတ်သလို ဘိန်းစိုက်တောင်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေး၊ အစားထိုးသီးနှံ ပံ့ပိုးပေးရေး၊ မူးယစ်ဆေးစွဲသူများကို ကုသမှုပေးရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေ လုပ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။

အဲ့ဒီလုပ်ငန်းတွေအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် နိုင်ငံတကာကိုပဲ မျှော်ကိုးနေတာ မဟုတ်ဘဲနဲ့ ကိုယ့်ရှိတဲ့အခြေအနေနဲ့ တတ်နိုင်တဲ့ဘက်က အမြန်ဆုံး အကောင်အထည်ဖော်ဖို့လိုတယ်လို့ သူက ပြောပါတယ်။

ပြန်လည်ထူထောင်ရေးစခန်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် တည်ဆောက်ဖို့ ယခင်အစိုးရ လက်ထက် ကတည်းက လွှတ်တော်ရဲ့ ခွင့်ပြုချက်ရထားပြီးဖြစ်သလို တည်ဆောက်ရမယ့် နေရာတွေကို ရှာဖွေနေတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

“မူးယစ်ဆေးသုံးသူတွေကို ဖမ်းလိုက်တာက လွယ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ရဲစခန်းတွေ၊ အကျဉ်းထောင်တွေမှာ ထားဖို့ကလည်း အဆင်သင့်မဖြစ်သေးဘူး” လို့ ရဲမှူးကြီးက ဆိုပါတယ်။

“မူးယစ်ဆေးသုံးတဲ့သူတွေမှာ နောက်ဆက်တွဲ ရောဂါကူးစက်မှုတွေကလည်း ရှိနေတော့ အဲ့ဒီလူတွေကို ကျန်တဲ့ပြစ်မှုကျူးလွန်သူတွေနဲ့ အတူထားဖို့ဆိုတာ အခက်အခဲရှိတယ်။ သူတို့အတွက်က ရေရှည်မူဝါဒတွေ ချမှတ်ရမယ်”

ဖားကန့်မြို့ ဥရုထွယ်ဆန်ဂေဟာ တာဝန်ခံ ဦးဆိုင်းနော်က မူးယစ်ဆေးပပျောက်ရေးနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေ ပူးပေါင်း သင့်တယ်၊ ဒေသအတွင်း တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

“ဒီကိစ္စပပျောက်ရေးမှာ ငြိမ်းချမ်းရေးက အဓိကပဲ။ နောက်ပြီးတော့ ကျွန်တော်တို့လို မူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့တွေက အစိုးရနဲ့ ပူးပေါင်းဖို့လိုသလို အစိုးရအနေနဲ့လည်း ကျွန်တော်တို့ ပြည်သူတွေမပါဘဲနဲ့ ဘယ်လိုလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူး” လို့ ဦးဆိုင်းနော်က ပြောလိုက်ပါတယ်။ ။

Show More

Related Articles

Back to top button