ကရင်ပြည်နယ် ဖာပွန် ၊ မြဝတီ နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်တပ်က ထိုးစစ်ဆင်နေရာ ၎င်းတို့နှင့်အတူ ကရင်နယ်ခြားစောင့်တပ် (BGF)နှင့် (DKBA) ဘိုဘိ၏ ခွဲထွက်တပ်ဖွဲ့ဝင်များ ပါဝင်နေ ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူတို့က ပြောသည်။
ဖာပွန်မြို့နယ်အတွင်း ဖာပွန်မြို့တောင်ဘက် မိုင် ၅၀ ခန့်အကွာ ကမမောင်းမြို့ဘက်မှတစ်ဆင့် ကတိုင်တိ ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုသည်။
“ စစ်ကောင်စီတပ်ရယ်၊ DKBA ဗိုလ်ဘိ အဖွဲ့ရယ်၊ နောက် BGF အဖွဲ့ရယ် ပေါင်းပြီးတော့မှ သူတို့ ကမမောင်းမှာ တပ်စုဖွဲ့ပြီးတော့မှ ဝါးဒူး(ရွာ)အထိ သူတို့ချီတက်ပြီးတော့မှ အထိုင်ချပြီး နေတာပေါ့။ ဝါဒူးကနေ အထက်တက်တာပေါ့။ ပြီးခဲ့တဲ့အပတ်မှာ တစ်ခေါက်တက်လာတယ်။ တိုက်ပွဲဖြစ်ပြီး သူတို့ နောက်ပြန်ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။
“ ကတိုင်တိကို မရောက်သေးဘူး။ ဖာပွန်ကိုတက်ဖို့ ကတိုင်တိကို ရမှပဲ ဆက်တက်မှာ။ ကတိုင်တိကိုတော့ သူတို့ မရောက်သေးဘူး။ ထိုင်နေတုန်းပဲ”
ကတိုင်တိရွာ၏ မြောက်ဘက် မိုင် ၂၀ ကျော်အကွာတွင် ကမမောင်းမြို့ရှိပြီး ထိုလမ်းမှတဆင့် စစ်တပ်က ဖာပွန်နယ်အတွင်း ဝင်ရောက်နေရန်ကြိုးပမ်းနေခြင်းဖြစ်ကာမြို့အနောက်မြောက်ဘက် ခြောက်မိုင်အကွာ ဝါးဒူးကျေးရွာအတွင်း အခြေချနေသည်။
ကတိုင်တိကျေးရွာတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့များလည်းရှိနေကြပြီး ကရင်လက်နက်ကိုင်နှစ်ဖွဲ့ အကူအညီဖြင့် ကမမောင်း-ကတိုင်တိလမ်းကြောင်းကို စစ်တပ်က ထိုးဖောက်နေခြင်းဖြစ်သည်။
KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ ကရင်၊ မွန်နှင့်တနင်္သာရီ ၊ ပဲခူးတိုင်း တို့တွင် တပ်မဟာ ခုနစ်ခုရှိရာ ဖာပွန်မြို့နယ်သည် တပ်မဟာ (၅) နယ်မြေအတွင်း ပါဝင်ကာ KNU တပ်များနှင့်တော်လှန်ရေး ပူးပေါင်းတပ်များ အားကောင်းသည့်ဒေသ ဖြစ်သည်။
KNU တပ်မဟာ (၅) နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် ဇွန်လဆန်းတွင် သိမ်းပိုက်နိုင်သော်လည်း ဖာပွန်မြို့နယ်အတွင်းရှိ စစ်တပ်၏ အခြေချစစ်ဗျူဟာဌာနချုပ် အပါအဝင် ခြေလျင်တပ်ရင်း ခလရ (၃၄၀) ၊ ခြေမြန်တပ်ရင်း ခမရ (၃၄၁) တို့ကို မသိမ်းနိုင်ခဲ့ပေ။
ဖာပွန်မြို့တွင် ကျန်နေသည့် စစ်ကော်မရှင်တပ်စခန်းများကို ဝိုင်းပတ်ပိတ်ဆို့ခံရသည့်အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် ရိက္ခာကို စစ်လေယာဉ်ဖြင့် ဖြည့်တင်းနေသည်။
တပ်မဟာ (၅) နယ်မြေတွင် စစ်ရေးလှုပ်ရှားသည့် Force for Federal Democracy (FFD) အဖွဲ့ကလည်း စစ်တပ်ဘက်က စစ်ကြောင်းထိုးနေသည်မှာ မှန်ကန်ကြောင်း Myanmar Now ကို ပြောသည်။
“အကောင်းဆုံး ခုခံကာကွယ်နေကြပါတယ်။ ဘယ်သူတွေပါတယ်….ဘာတွေပါတယ်ဆိုတာ ကျွန်တော့် ဘက်က ပြောခွင့်မရှိပါဘူး” ဟု FFD ပြောရေးဆိုခွင့်ရှိသူ ကိုအောင်အောင်က ဆိုသည်။
မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်ဝန်းကျင်တွင်လည်း BGF နှင့် စစ်တပ် ပူးပေါင်းတပ်များ ရှေ့တိုးလာသဖြင့် KNU တပ်မဟာ (၆) တပ်ဖွဲ့ဝင်များ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်နေကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့က ဆိုသည်။
စစ်တပ်သည် KNU နှင့် ပူးပေါင်းတပ်များသိမ်းထားသည့် လေးကေကော်မြို့အနီး ရေကန်ကုန်းစခန်းကို စက်တင်ဘာလကုန်က ပြန်သိမ်းယူပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စွယ်တော်ကုန်းစခန်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်က ပြောသည်။
“သူတို့က စွယ်တော်ကုန်းကို တည့်တည့်မတက်လာဘူး။ လေးကေ့ကော်အပေါ်က တောင်ကြောကနေ စစ်ကြောင်းထိုးလာတာ။ အရင် ကိုယ့်လူတွေနေခဲ့တဲ့ စခန်းဟောင်းဘက်ကပဲ။ မြေပြင်မှာကတော့ ခံစစ်ပဲ ပြင်ပြီး ခုခံနေကြတယ် ။ အဓိကကတော့ အင်အားမမျှတာပဲ” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်နှင့် BGF တပ်များသည် လေးကေကော်မြို့သစ်ဝန်းကျင်တွင် စစ်ကြောင်း သုံးကြောင်း ဖြင့် ရှေ့တိုးရန်ကြိုးပမ်းနေကြောင်း မြေပြင်အခြေအနေသိသည့် အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ကလည်း လေးကေကော်မြို့သစ်အရှေ့ဘက် သုံးမိုင်အကွာ ထိုင်း-မြန်မာနယ်စပ်မျဉ်းအနီး မင်းလက်ပံရွာကို စစ်တပ်က အသေခံဒရုန်း သုံးစီးဖြင့် တိုက်ခိုက်ရာ ရွာဆေးခန်းနှင့်လူနေအိမ်များ ပျက်စီး၍ ရွာသား နှစ်ဦး ဗုံးစမှန်ဒဏ်ရာရကြောင်း ကရင်ပြည်နယ်သတင်းများ အထူးပြုဖော်ပြသည့် KIC သတင်းဌာနက ရေးသားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်သည် အနန်းကွင်းဗျူဟာကို အင်အားဖြည့်တင်းပြီးနောက် ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဦးတည်စစ်ဆင်လာနေကြောင်း တော်လှန်ရေးတပ်မှ အမည်မဖော်လို သည့် အရာရှိတစ်ဦးကပြောသည်။
“စစ်တပ်က ဗျူဟာကုန်းကို အင်အား ၃၀၀ လောက်ထပ်ဖြည့်ပြီး ကျွန်တော်တို့သိမ်းထားပြီးသား တောင်စွန်းဘက်ကို ပြန်ထိုးစစ်ဆင်နေတယ်။ ဘုရားသုံးဆူမြို့ကို ချဥ်းကပ်ဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ပြောသည်။
ရှေ့တိုးရန်ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်များ ရှေ့တိုးမလာနိုင်ရန် KNU နှင့်တော်လှန်ရေးတပ်များ က ကြားဖြတ်တိုက်ခိုက်နေကြောင်း စစ်တပ်ဘက်က သေဆုံးသူအချို့ရှိသလို လက်နက်ခဲယမ်းအချို့ ကိုလည်း သိမ်းဆည်းရမိထားကြောင်း အထက်ပါ အမည်မဖော်လိုသည့် အရာရှိက ဆိုသည်။
KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကော်မရှင်တပ်များသည် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကရင်ပြည်နယ်ကို ထိုးစစ်ဆင်လာကြောင်း၊ တော်လှန်ရေး တပ်များက ခံစစ်ဆင်ရှင် ပြောက်ကျားစနစ်ဖြင့် ခုခံနေကြောင်း စက်တင်ဘာ နောက်ဆုံးပတ်တွင် မီဒီယာများကို ပြောထားသည်။



