ပြည်သူ့အသက်ပေါင်းများစွာနှင့် လောင်းကြေးထပ်မည့် စစ်မီးလျှံကြား ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်ရေးနှင့် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ လက်ခံလာရေး ဆိုသည့် အလွန်မရေရာ မသေချာသော အခြေ အနေတစ်ရပ်ကို မင်းအောင်လှိုင် ရင်ဆိုင်ရပေလိမ့်မည်။ အဓိပ္ပာယ်မှာ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ဆိုသည့် ကိုယ်တိုင်ဖော်စပ်သော ဆေးနှင့် အဆိပ်သင့်နိုင်သော အခြေအနေကို ကြုံတွေ့နိုင်ပါသည်။
လက်ရှိတွင် စစ်တပ်ပါတီ ကြံ့ခိုင်ရေးမှတစ်ဆင့် နိုင်ငံတော်အာဏာကို စစ်တပ်က ရာသက်ပန် ထိန်းချုပ်ထား နိုင်ရန် မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီးအဆင့်မှစ၍ စစ်တပ်အရာရှိ အယောက် ၅၀၀ ကျော်ကို ဘောင်းဘီ ချွတ်ပြီး အရပ်သားအသွင်ယူစေ၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေပြီ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က စစ်အာဏာရှင် ဟောင်း သန်းရွှေ စီစဉ်ခဲ့ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် လက်လွှတ်ဆုံးရှုံးသွားခဲ့သော စစ်တပ်အာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းသည့်လုပ်ရပ် ဖြစ်သည်။
ဤတစ်ကြိမ်တွင် သန်းရွှေမှားခဲ့သော ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ် ရှည်ထောင်ဒဏ်များဖြင့် အကျဉ်းထောင်ထဲ ဘဝဆုံးစေရန်ကြံစည်ထားကာ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက ပြည်သူများ၏ ထောက်ခံမှုကို ရွေးကောက်ပွဲအဆက်ဆက် ရရှိခဲ့သော NLD ပါတီအား ဖျက်ဆီးချေမှုန်းပြီးမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်ကြောင်း ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ခင်ရီက ဟစ်ကြွေးလာပါသည်။
မည်သို့ပင် သေချာစီမံအကွက်ချပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မထိန်းချုပ်ရန် ကြိုးပမ်းသည်ဖြစ်စေ၊ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ပြည်သူ့ခုခံတော်လှန်စစ်၏ အရှိန်အဟုန်ကို အာဏာသိမ်းပြီး ၅နှစ် ကြာလာသည်အထိ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြည်သူ့ခုခံတော်လှန်စစ်သည် ပြည်သူ့ဆန္ဒအစစ်အမှန် ဖြစ်ပြီး၊ မင်းအောင်လှိုင်၏ စစ်မီးလျှံကြားမှ ရွေးကောက်ပွဲကို ထောက်ခံအားပေးနေသော တရုတ်၊ ရုရှားနှင့် အာဏာရှင် နိုင်ငံများသည် မကြာမီ မြန်မာပြည်သူတို့၏ တုံ့ပြန်မှုများကို မျက်မြင် မြင်တွေ့ကြရပေလိမ့်မည်ဖြစ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



