
ဒေသတွင်းတိုက်ပွဲများရပ်ဆိုင်းသွားသည်မှာ ၆ လ ကျော်လာပြီဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီး ပေါ်ပေါက်လာသော နောက်ဆက်တွဲသက်ရောက်မှုများက ရခိုင်ပြည်နယ်အပေါ်လည်း အကြီးအကျယ် သက်ရောက်နေသည်။
စစ်တွေမြို့ ကျောက်တန်းဂိတ်နှင့် မြောက်ဦးမြို့အထွက်ဂိတ် စသည့် ဖြတ်သန်းဂိတ်များကို အချိန်ကန့်သတ်ပိတ်ပင်ထားခြင်း၊ ရန်ကုန်မှ ရခိုင်သို့ ကုန်စည်ပို့သည့် အမ်းစစ်ဆေးရေးဂိတ်ကို ပိတ်ထားခြင်း၊ မင်းပြားမြို့နယ်တွင် ရာမောင်မြစ်ဖြတ်ကူးရာ၌ ဇက်ရေယာဉ်နည်းပါးခြင်း စသည့် အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးကာ ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်ရှိ ကျောက်တန်းဂိတ်၊ မြောက်ဦးမြို့အထွက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်ကိုလည်း ည ၇ နာရီထိုးလျှင် ဖြတ်သွားဖြတ်လာလုပ်၍မရ ပိတ်ပင်ထားသကဲ့သို့ နေ့ဘက်တွင် ဆိုင်ကယ်ဖြင့် ဖြတ်ပါက ဆိုင်ကယ်ကို တွန်းသွားရကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ပြုမူဆောင်ရွက်နေခြင်းများသည် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ခံစားရကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ထိုကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ဆိုသည်။
“တိုက်ပွဲတွေဖြစ်နေတဲ့ ကာလမှာ လုံခြုံရေးအရ တင်းကျပ်ထားတယ်ဆိုရင်တောင်မှ အခု တိုက်ပွဲမရှိတဲ့ကာလမှာ ဒီဟာတွေကို အားလုံး ရှင်းရှင်းလင်းလင်းနဲ့ ခရီးသွားတွေ အေးအေးချမ်းချမ်း သွားလာလို့ရမှာကို ကျွန်တော်တို့က လိုလားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွှတ်တော်အခန်းကဏ္ဍလည်းမရှိ၊ နိုင်ငံရေးအင်အားစုများလည်း ပျောက်နေသည့်အပြင် ရခိုင်ပြည်နယ်၏ အစိုးရအုပ်ချုပ်ရေးယန္တရားမှာ ဖရိုဖရဲဖြစ်နေသည်ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် မေ ၅ တွင်မှ အင်အားကြီးနိုင်ငံရေးပါတီဖြစ်သည့် ANP ၏ ဥက္ကဋ္ဌက အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်နေမှုကို ရပ်ဆိုင်းရန် စဉ်းစားနေကြောင်း ပြောဆိုထားသည်။
သို့ရာတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်သည် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံထားရဆဲဖြစ်သည်။ ANP ပါတီမှ ဒေါ်အေးနုစိန် ဗဟိုစစ်ကောင်စီတွင် ပါဝင်သဖြင့် ဝေဖန်ခံနေရချိန်တွင် ရခိုင်ပြည်နယ်ကောင်စီတွင်လည်း ANP ကိုယ်စားလှယ် ပါဝင်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ဘေးကြောင့် စီးပွားပျက်လာရသည့် အခြေအနေတွင် စစ်ဗိုလ်ချုပ်များဦးဆောင်ပြီး အာဏာသိမ်းကာ ပြည်သူအများအပြားကို သတ်ဖြတ်ဖမ်းဆီးခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု ကြီးကြီးမားမားဖြစ်ပေါ်ကာ ဘဏ်လုပ်ငန်းအပါအဝင် နယ်ပယ်စုံမှ လုပ်ငန်းများ အကြီးအကျယ်ထိခိုက်ခြင်း၊ စီမံခန့်ခွဲအုပ်ချုပ်ရန် ခက်ခဲလာခြင်းတို့ ဆက်တိုက် ဖြစ်ပေါ်နေပြီး ပြည်မတွင်လည်း စီးပွားရေးအခြေအနေမှာ အဘက်ဘက်မှ ချွတ်ခြုံကျလာသည်။
ဤသို့ဖြင့် ပြည်မဒေသ၏ အခြေအနေဆိုးများသည် စစ်ဘေးဒဏ် ၂ နှစ် ပြင်းပြင်းထန်ထန် ခံထားရသည့် ရခိုင်ပြည်နယ်အပေါ်လည်း ချက်ချင်း ရိုက်ခတ်လာသည်။
အမ်းမြို့တွင်လည်း ရန်ကုန်မှ ရခိုင်သို့ သယ်ယူလာသည့် ကုန်ပစ္စည်းများကို အမ်းဂိတ်တွင် ဖြတ်ကျော်ခွင့်မရဘဲ ပိတ်ပင်တားဆီးထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေ၍ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာနေသည်။
ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းများနှင့် အခြားအရေးကြီးသည့် ကိစ္စရပ်များကို အမ်းဂိတ်တွင် ပိတ်ပင်ထားပြီး နယ်လုံဝန်ကြီး၏ ခွင့်ပြုချက်ရမှသာ သယ်ယူခွင့်ရသည်ဟု ကြားသိရကြောင်း ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
“အချို့ကဆိုရင် ခွင့်ပြုချက်က တင်လိုက်ပြီ၊ စာရွက်က မကျနိုင်။ ကားထွက်ဖို့ကလည်း အဲဒီစာရွက်မရရင် ကားထွက်လို့မရ။ အဲလိုအခက်အခဲ အများကြီး၊ အများကြီးဖြစ်နေတာဟာ လူမှုပဋိပက္ခကို ရိုက်ခတ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မှ ရခိုင်သို့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတစ်ခုဖြစ်သော မင်းပြားမြို့နယ်၊ ရာမောင်ကြိုးတံတား ပျက်စီးနေ၍ ရာမောင်မြစ်ဖြတ်ကူးရန် ဇက်ရေယာဉ်များ ပြေးဆွဲနေရာ နှစ်စီးသာပြေးဆွဲနေပြီး တစ်စီးမှာ ပျက်နေသည်ဟု ဆိုသည်။
“ဇက်က နှစ်စီးဆွဲတယ်။ ဆွဲတဲ့အချိန်မှာ တစ်စီးကပျက်သွားတယ်။ နောက်တစ်စီးကလည်း ကားတစ်ခါကူးရင် ၆ စီး ပဲ ဆံ့တဲ့အတွက် ဒီရာမောင်ဇက်ကူးတာ အဆင်မပြေဖြစ်နေတယ်။ အဲလိုအဆင်မပြေဖြစ်နေတော့ ကားတွေက ပိတ်သွားတယ်။ ၆ ရက်နေ့ကနေစပြီး ဇက်ပျက်နေတာဆိုတော့ ကားတွေပိတ်နေတာ ဒီနေ့နဲ့ဆို ၅ ရက်လောက် ရှိနေပြီ” ဟု မင်းပြားမြို့နယ်မှ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုအမ်းသားကြီးက ပြောသည်။
လက်ရှိတွင် ကုန်ကားနှင့် အိမ်စီးကားအစီး ၄၀၀ ခန့် သွားလာ၍မရ နှစ်ဖက်လုံးတွင် ပိတ်မိနေသည်ဟု ၎င်းက ဆိုသည်။
ထိုသို့ ကုန်ကားများမှာ အလွယ်တကူ ဖြတ်သန်းမရသောကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း နှေးကွေးနေသည်။
မြစ်ချောင်းပေါများသော ဒေသအတွက် မော်တော်များ အလွယ်တကူ သွားလာနိုင်ရေးတွင် အသုံးတည့်သော ဇက်ရေယာဉ်များပိုင်ဆိုင်သည့် ကုမ္ပဏီများအား လေလံတင်ရောင်းချခဲ့သည်ဟု သိရသည်။ ကုမ္ပဏီများအနေဖြင့် ဇက်ရေယာဉ်အနည်းဆုံး (၃)စီးပြေးဆွဲရမည်ဟု လေလံစည်းမျဉ်းစည်းကမ်းလည်းရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ရာမောင်မြစ်တွင် ရှိသော ဇက်ရေယာဉ်တစ်စီး ယိုယွင်းနေသောကြောင့် ကုန်ကားနှင့် အိမ်စီးကားအစီး ၄၀၀ ခန့် သွားလာ၍မရဘဲ သောင်တင်နေသည်ဟု မင်းပြားမြို့နယ်က ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် အမ်းသားကြီးက ပြောသည်။
“ဇက်က နှစ်စီးဆွဲတယ်။ ဆွဲတဲ့အချိန်မှာ တစ်စီးကပျက်သွားတယ်။ နောက်တစ်စီးကလည်း ကားတစ်ခါကူးရင် ၆ စီး ပဲ ဆန့်တဲ့အတွက် ဒီရာမောင်ဇက်ကူးတာ အဆင်မပြေဖြစ်နေတယ်။ အဲလို အဆင်မပြေဖြစ်နေတော့ ကားတွေက ပိတ်သွားတယ်။ ၆ ရက်နေ့ကနေစပြီး ဇက်ပျက်နေတာဆိုတော့ ကားတွေပိတ်နေတာ ဒီနေ့နဲ့ဆို ၅ ရက်လောက် ရှိနေပြီ”ဟု အမ်းသားကြီးက ပြောသည်။
ရန်ကုန်နှင့် ဘူးသီးတောင်၊ မောင်တောဘက်သို့ ကုန်သွယ်နေသူ ကုန်သည်အမျိုးသမီးတစ်ဦးက ထိုသို့ ကြန့်ကြာမှုကို ကြည့်လျှင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်မှုအခြေအနေကို သုံးသပ်နိုင်သည်ဟု ဆိုသည်။