ဆောင်းပါး

ဖားကန့်မှာ သူဌေးလောင်းအိပ်မက် မက်နေသူ

ဖားကန့် – ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းမှာ မြေသယ်ကားကြီးတစ်စီး စွန့်ပစ် သွန်ချလိုက်တဲ့ ကျောက်ခဲတွေ၊ မြေကြီးတွေထဲက ရောင်းတမ်းဝင်ကျောက်စိမ်း တွေ့ရနိုး ရှာဖွေတဲ့ လူအုပ်ကြီးကို အဝေးကနေကြည့်ရင် လှုပ်လှုပ်ရွရွ အလုပ်များနေတဲ့ ပုရွက်ဆိတ်လေးတွေနဲ့ တူနေပါတယ်။

သူတို့ကို ရေမဆေးကျောက်ရှာဖွေသူတွေလို့ ခေါ်ကြပြီး သူတို့ထဲမှာ အညာသား ကိုမောင်အေးလည်း ပါဝင်ပါတယ်။


မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်က အသားခပ်ညိုညို၊ ပိန်ပိန်သွယ်သွယ် ကိုမောင်အေးက ၁၆ နှစ် အရွယ်ကတည်းက ဖားကန့်ရောက်နေသူပါ။ အခုတော့ သူ့အသက် ၃၆ နှစ်ရှိပါပြီ။
ကိုမောင်အေးဟာ အဖေဖြစ်သူနဲ့ စကားများရာကနေ အိမ်မှာမနေချင်တော့တာနဲ့ ယောက်ဖဖြစ်သူရဲ့ အစ်ကိုရှိတဲ့ ဖားကန့်ကို ရောက်ရှိလာခဲ့တဲ့သူပါ။

ဖားကန့်ရဲ့နာမည်ကျော်ဥရုချောင်းဟာ သူရောက်တုန်းကတော့ တံတားတွေ မရှိတဲ့အတွက် ချောင်းတစ်ဖက်နဲ့ တစ်ဖက်ကို စက်လှေနဲ့ ကူးရပါတယ်။ စက်လှေမောင်းတဲ့အလုပ်ကို ၃ ရက်လောက်သင်ပြီး လုပ်ခဲ့ပါတယ်။

စက်လှေ တစ်နှစ်နီးပါး မောင်းပြီးချိန်မှာတော့ ကျောက်တူးသမား ဖြစ်လာပါတယ်။ လုပ်ကိုင်စား သောက်လိုက်၊ စုမိတဲ့ငွေလေးကို ရွာကိုပြန်ပို့လိုက်နဲ့ လုံးလည်ချာလည်လိုက်ရင်း ၆ နှစ် အကြာမှာတော့ ဘိန်းစွဲလာပါတယ်။ ဖားကန့်မှာ ငွေရလွယ်သလို မူးယစ်ဆေးမျိုးစုံကိုလည်း လွယ်လွယ်နဲ့ ရနိုင်ပါတယ်။

သူ့လိုပဲ တခြားသော စွန့်ပစ်မြေစာပုံတွေမှာ ကျောက်စိမ်းရှာဖွေနေကြတဲ့ ရေမဆေးကျောက်သမားတွေဟာ ကိုယ့်ရပ်ရွာကို တော်တော်နဲ့ မပြန်နိုင်၊ ဖားကန့်မှာပဲ သောင်တင်နေတာ များပါတယ်။

“ရွာမှာက သုံးဖို့စွဲဖို့ ပိုက်ဆံရှာရခက်တယ်။ ဒီမှာက ပိုက်ဆံ ငါးထောင်၊ တစ်သောင်းဆိုတာ ဘယ်နေရာသွားရှာရှာ ရတယ်။ ကျောက်တွေလာဝယ်တဲ့ သူဌေးတွေဆီက သွားတောင်းရင် တောင်ရတာ” လို့ သူက ဆိုတယ်။

“ကျောက်စိမ်းဆိုတာ ကံပါမှဗျ။ ကျွန်တော်တို့ဆို တစ်ပတ်လုံးရှာလို့ သောင်းဂဏန်းကျောက်တောင် တစ်လုံးမှ မတွေ့တာမျိုးလည်း ကြုံရတယ်”

ကိုမောင်အေးနဲ့တွေ့တဲ့အချိန်က ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာပါ။ ကုမ္ပဏီကြီးတွေက သင်္ကြန်မှာလည်း လုပ်ငန်းရပ်နားခြင်းမရှိတဲ့အတွက် မြေစာတွေ အဆက်မပြတ် စွန့်ပစ်နေတာကြောင့် ရေမဆေးသမားတွေလည်း သင်္ကြန်တွင်းမှာလည်း ကျောက်ရှာကြပါတယ်။

ကိုမောင်အေးက ကျောက်စိမ်းလို့ ယူဆရတဲ့ ကျောက်တုံးတစ်တုံး သယ်လာပါတယ်။ အဲဒါက အရည်အသွေး အတိုင်းအတာတစ်ခုအထိ ရှိတဲ့ ကျောက်စိမ်း ဖြစ်နိုင်သလို သာမန်ကျောက်တုံးလည်း ဖြစ်နိုင်ပါတယ်။

ကံကိုယုံပြီး ဖားကန့်မှော်ထဲရောက်နေသူတွေကတော့ “တစ်နေ့နေ့ တစ်ချိန်ချိန် သိန်းကျောက်ရရင် လောပန်းဖြစ်ပြီပေါ့” ဆိုတဲ့ သီချင်းကို ဆိုညည်းတတ်ကြပါတယ်။ လောပန်း ဆိုတဲ့ တရုတ်စကားလုံးက သူဌေးလို့ အဓိပ္ပာယ်ရပါတယ်။ “တကယ်တော့ ကျောက်တူးသမားများဟာ လောပန်းလောင်းတွေပါ” ဆိုတဲ့ အဲဒီသီချင်းကို သူတို့ မဆိုဖူးဘူးဆိုရင်တောင်မှာ ကြားဖူးနေကြပါလိမ့်မယ်။ ဒါကြောင့် ကျောက်စိမ်းမြေမှာတော့ ကိုမောင်အေးလည်း အများနည်းတူ လောပန်းလောင်းတစ်ယောက်ပါပဲ။ တစ်ကိုယ်ရေသမားကိုမောင်အေးက ပြီးခဲ့တဲ့သင်္ကြန်ကာလအထိတော့ ကြင်ရာရှာ အိမ်ထောင်ပြုရေးထက် လောပန်းဖြစ်ရေးကိုပဲ ပိုပြီး ဦးစားပေးနေသူပါ။

ဖားကန့် ကျောက်စိမ်း အများစုကတော့ တရုတ်နိုင်ငံဘက်ကို နည်းအမျိုးမျိုးနဲ့ ရောက်သွားတာပါပဲ။

၁၉၈၈ နောက်ပိုင်း တပ်မတော်က အာဏာသိမ်းပြီးချိန်မှာတော့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ကျောက်စိမ်းတူးဖော်မှု အကြီးအကျယ် လုပ်ကိုင်လာပါတယ်။ ရလဒ်ကတော့ ကျောက်တူးဖော်ရေးလုပ်ငန်းထဲက အရင်းအနှီး နည်းပါးသူတွေ လုပ်ငန်းလုပ်ပိုင်ခွင့်ဆုံးရှုံးခြင်းပါပဲ။ တချို့လည်း ကိုမောင်အေးတို့လိုမျိုး စွန့်ပစ်မြေစာပုံတွေမှာ ကျောက်စိမ်းရှာဖွေရသူ တွေအဖြစ် ဘဝ ပြောင်းသွားပါတယ်။

ကိုမောင်အေး ဖားကန့်မရောက်ခင်လေးတင် ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ဥပဒေနဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ ပုဂ္ဂလိကကုမ္ပဏီကြီးတွေက မြေသယ်ယာဉ်၊ ဘက်ဟိုး လို့ ခေါ်တဲ့ မြေတူးစက် အစရှိတဲ့ ယန္တရားကြီးတွေနဲ့ တူးဖော်ကြရာမှာ လုပ်ငန်းကြီးတွေ မြန်မြန်ပြီးမြောက်သလို ကျောက်စိမ်းမြေရဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုအရှိန်လည်း ပြင်းထန်လာပါတော့တယ်။ ဥရုချောင်းနဲ့ သူ့ရဲ့ချောင်းလက်တက်တွေနား မြေစာပုံတွေရောက်လာ၊ တောပြုန်း၊ တောင်ပြုန်းလာတာကြောင့် ချောင်းတိမ်ကောမှု၊ ဖားကန့်ဒေသ ကျေးရွာ တွေမှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။

ယန္တရားကြီးတွေနဲ့ တူးဖော်ကြတဲ့အတွက် မြေအောက်ကို ခက်နက်နက်တူးနိုင်ကြ၊ မြေလှန်နိုင်ကြတယ်လို့ ကိုမောင်အေးက ဆိုတယ်။

“ကျွန်တော်တို့ တစ်ပိုင်တစ်နိုင်တူးနေကြတုန်းက အနက်ဆုံးဆိုမှဗျာ … ပေ ၁ဝဝ တောင်ပြည့်မယ် မထင်ဘူး။ အဲ့ဒီအတွက်လည်း ဟိုးအောက်ဘက်က တကယ့်တန်ဖိုးကြီး ကျောက်စိမ်းတွေမရခဲ့တာပေါ့” လို့ ကိုမောင်အေးက ပြောပြတယ်။

“ကျွန်တော် သိန်းဆယ်ဂဏန်းကျောက်တွေ ရတော့ ရခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်အထိ ကိုယ့်ရွာကိုပြန်ဖို့ စိတ်ကူးမရှိသေးဘူး”

ကျောက်စိမ်းမြေရောက်သူတိုင်း ကံမကောင်းပါဘူး။ ကံကောင်းသူတွေထဲမှာ ကိုမောင်အေးလည်း ပါဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကာလအတန်ကြာမှာတော့ ရေမဆေးသမားတွေရဲ့ အိပ်မက်က သူ့ဆီမှာ တကယ် အကောင်အထည်ပေါ်လာပါတယ်။ သူ ရာဂဏန်းကျောက် အောင်ပါတယ်။ ကျောက်ကို သိန်း ၁၁ဝ နဲ့ ရောင်းအပြီးမှာတော့ ကိုမောင်အေး ရွာကိုပြန်ပါတော့တယ်။ အဲ့ဒီအချိန်မှာ သူ ဘိန်းဖြူသုံးစွဲတဲ့ သက်တမ်း ၄ လ ကျော်လောက် ရှိနေပါပြီ။

ကိုမောင်အေးက ဘိန်းဖြူစွဲလမ်းမှုကို ရွာမှာပဲ အဆုံးသတ်လိုက်တယ်။ ဘိန်းစွဲတဲ့ကာလကလည်း မကြာသေးတာကြောင့် ယင်းကိုက်၊ ယင်းထတယ်လို့ ဆိုကြတဲ့ မူးယစ်ဆေးမသုံးရရင်ဖြစ်ပေါ်လာတဲ့ ဝေဒနာကိုတော့ များများစားစား မရလိုက်ပါဘူး တဲ့။

“ရွာရောက်တော့ လူကလည်း ပိုက်ဆံလေးလည်းပါတော့ ပျော်နေတာပေါ့။ ကိုယ့်အပေါင်းအသင်းတွေနဲ့ တစ်နေကုန် အရက်သောက်နေတာနဲ့ ယင်းကိုက်တဲ့ဒဏ်ကို သိပ်တောင် မသိလိုက်ဘူး။ သူ့အလိုလို ပြတ်သွားတာပဲ” လို့ သူက ဆိုပါတယ်။

ကိုယ့်ရွာမှာ ၈ နှစ်ကျော်ကြာပေမယ့် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ ကိုမောင်အေး ဖားကန့်ကို ပြန်ရောက်လာပါတယ်။

ကိုမောင်အေးတို့လို ရေမဆေးကျောက်သမားတွေဟာ အရေအတွက် နှစ်သိန်းကျော်ရှိမယ်လို့ ဖားကန့်အခြေစိုက် လူမှုရေးအဖွဲ့တချို့က ခန့်မှန်းပါတယ်။ အရင်းအနှီး မရှိတဲ့ ဒေသခံတွေလည်း ရေမဆေးသမားတွေ ဖြစ်နေကြတာ အများအပြားပါပဲ။

ရေမဆေးကျောက်ရှာဖွေရတာဟာ အင်မတန်စွန့်စားရတဲ့အလုပ်ပါ။ မြေစာပုံတွေက အမြင့်ပေ ရာဂဏန်း ရှိပါတယ်။ မြေသယ်ကားတွေက သွန်ချလိုက်တဲ့ မြေစာတွေထဲက ကျောက်တုံးတွေကြောင့် ရေမဆေးကျောက် ရှာနေတဲ့သူတွေ ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။

“ကျွန်တော်ကတော့ ဒီမှာ အတွေ့အကြုံတွေ များနေပြီလေ၊ အပေါ်ကသွန်ချလိုက်တဲ့ကျောက်တွေကို ဘယ်လိုရှောင်ရမလဲဆိုတာ၊ တစ်ခါမှတော့ ထိခိုက်မိတာမျိုး မရှိဘူး” လို့ ကိုမောင်အေးက ပြောပြတယ်။

ထိခိုက်မိတာ မရှိဘူး ဆိုရင်တောင်မှာ အဲဒါတွေက အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ မရဏ မြေစာပုံတွေပါပဲ။

“ပြီးခဲ့တဲ့နှစ်မိုးတွင်းတုန်းက မြယမုံကုမ္ပဏီဘက်မှာ မြေစာပုံပြိုလို့ ရေမဆေးကျောက်ရှာဖွေသူရော၊ ကုမ္ပဏီက စက်သမား၊ ကျောက်ရှာသူတွေရော လူ ၃ဝဝ လောက် သေဆုံးခဲ့တာ ကျွန်တော့်ရှေ့မှာတင်ဖြစ်တာ” လို့ ကိုမောင်အေးက ဆိုပါတယ်။

မြေစာပုံမှာ အန္တရာယ်ဘယ်လောက်ရှိသည်ဖြစ်စေ၊ ကျောက်စိမ်းမှော်မှာ ဘဝပျက်စေနိုင်တဲ့ မူးယစ်ဆေး မျိုးစုံ ဘယ်လောက်ပဲ ပေါများသည်ဖြစ်စေ ကိုမောင်အေးတို့လို ရေမဆေးသမားတွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

ဘဝကိုပြောင်းလဲနိုင်မယ့် ငွေကြေးပမာဏရှိတဲ့ကျောက်စိမ်း ရရှိရေးဆိုတဲ့ မျှော်လင့်ချက်တစ်ခု နဲ့ ဒုတိယအကြိမ် လာလုပ်နေတာ စားသောက်နိုင်ရုံလောက် ကျောက်တချို့သာ ရပေမယ့် စိတ်မပျက်သေးဘူးလို့ ကိုမောင်အေးက ဆိုပါတယ်။

“မှော်ထဲမှာ နေရတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ များများရရင် ရွာပြန်နေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့” လို့ သူက ပြောလိုက်ပါတယ်။ ။

Show More

Related Articles

Back to top button