အာဏာသိမ်းပြီး ၄နှစ်ခွဲအကြာ ဒီကနေ့ပြုလုပ်တဲ့ ကာလုံအစည်းအဝေးပြီးမှာ စစ်ကောင်စီကို ဖျက်သိမ်းပြီး ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ ဆိုတဲ့ စစ်ကော်မရှင်ကို ဖွဲ့စည်းလိုက်ပေမယ့် အမြင့်ဆုံးအာဏာပိုင်နေရာတွေကိုတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့က ဆက်လက်ရယူထားပါတယ်။
စစ်ကော်မရှင်မှာ ပါဝင်တဲ့ ၁၀ ဦးစလုံးဟာ လက်ရှိစစ်ဗိုလ်ချုပ်တွေနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေပဲဖြစ်ပြီး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မင်းအောင်လှိုင်ဟာ ‘ယာယီသမ္မတ’ ဆိုတဲ့ရာထူးကို သူ့ကိုယ်သူ ပြန်ခန့်ထားပါတယ်။ စစ်ကော်မရှင်ဒုဥက္ကဋ္ဌက ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်ပြီး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အတွင်းရေးမှူး ဖြစ်လာပါတယ်။
တပ်ချုပ်အသစ်ဖြစ်လာဖို့ တစ်ပြေးနေတဲ့ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလည်း စစ်ကော်မရှင်အဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ပြီး၊ ၂၀၂၆ မတ်လကုန်ပိုင်းမှာ ဖွဲ့စည်းမယ့် အစိုးရအဖွဲ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတလုပ်ပြီး၊ ကျော်စွာလင်းက သေချာပေါက် တပ်ချုပ်အသစ် ဖြစ်လာလိမ့်မယ်လို့ နေပြည်တော်က စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။



