အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

သေရဲတဲ့ကောင်ထွက်ခဲ့ ဟု စိန်ခေါ်ဖူးသူတို့၏ အကြောက်တရား

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို သန်းနှင့်ချီသောပြည်သူများက လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်စဉ် ပစ်ခတ်ဖြိုခွင်းသည့် လက်နက်ကိုင်တို့က “သေရဲရင်ထွက်ခဲ့”ဟု ရာဇဝင်တွင်အောင် စိန်ခေါ်ခဲ့ကြသည်။

နေအိမ်ထဲအထိ လက်နက်တကားကားဖြင့် ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း၊ လုံခြုံရေး ကင်မရာများကို ရိုက်ချိုးဖျက်ဆီးကာ   “သေရဲရင်ထွက်ခဲ့”ဟု တတွင်တွင် စိန်ခေါ်ခဲ့ကြသည်။ ထိုသို့သော စစ်သားများ၊ ရဲများ၊ ယင်းတို့၏ လက်ပါးစေ အပေါင်းအပါများ၏ ခက်ထန်သည့် မျက်နှာများကို ပြည်သူတို့ မေ့ပစ်ကြမည်မဟုတ်ပေ။

လက်နက်အားကိုး အာဏာသိမ်းမှု ၄ နှစ်ကြာပြီးသောအခါ လက်နက်ကိုင်လူရမ်းကားတို့သည် အကြောက်တရားနှင့် နေထိုင်ရသူများဖြစ်နေသည်ကို တွေ့လာရသည်။

စစ်သားများ၊ ရဲဝန်ထမ်းများသည် မိမိတာဝန်ကျရာ နယ်နိမိတ်မှ ပြင်ပသို့သွားလာရာတွင် သာမန်အရပ်သားဟန်ဆောင်ပြီး သွားလာနေကြရပြီဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် နေပြည်တော်တွင်လုပ်သည့် အခမ်းနားများသို့တက်ရောက်လျှင် လုံခြုံရေး အထူးတင်းကျပ်လေ့ရှိပြီး အခမ်းအနားကျင်းပရာ ခန်းမတွင်လည်း ဒရုန်းများ တိုက်ခိုက်မှုမရှိရန် Jammer ခေါ် ဒရုန်းခွင်း ကိရိယာများ ထားရှိခြင်းဖြင့် ကာကွယ်ထားရသည်။

နေပြည်တော်ပြင်ပသို့ သွားရောက်သည့် စစ်ကောင်စီ ဝန်ကြီးများနှင့် ကောင်စီဝင်များကိုလည်း စစ်ခေါင်းဆောင်ကိုယ်တိုင် လုံခြုံရေး ဂရုစိုက်ရန် မှာကြားလေ့ရှိကြောင်း ကောင်စီအဖွဲ့ဝင်တစ်ဦး၏ ရုံးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများကို ဆံပင်အတိုညှပ်ရန် ညွှန်ကြားချက်တစ်ခု  မတ်လက ထွက်လာရာ ထိုဆံပင်ပုံစံအရ မည်သူမည်ဝါဖြစ်နိုင်ကြောင်း သိသာ ပေါ်လွင်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအကြား မကျေမနပ် ဖြစ်ခဲ့သည်ဟု ဒုရဲအုပ်အရာရှိတစ်ဦးက ဆိုသည်။

“ခရီးသွားရင်တောင် ကိုယ့်ကို ရဲမှန်းမသိအောင် အရပ်ဝတ်နဲ့ သွားလာနေရတာ၊ အဲဒါကိုဆံပင်ညှပ်ဆိုတော့ ဆံပင်ကြည့်တာနဲ့ ရဲမှန်းတန်းသိအောင် လုပ်သလိုမဖြစ်ဘူးလား” ဟု အဆိုပါ အရာရှိက မေးခွန်းထုတ်သည်။

ထိုအခြေအနေများကြောင့် နေပြည်တော်နှင့် မြို့ကြီးများမှ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအပြင် ဝန်ထမ်းအရာရှိနှင့် အမှုထမ်းတို့သည် လုံခြုံရေး အခြေနေကို အထူးစိုးရိမ်နေကြသည်ဟု  သိရသည်။

Related Articles

Back to top button