အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂုတ်ထိပ်တံတားကို  စစ်တပ် ပြန်လည်ထိန်းချုပ်၊ တိုက်ပွဲများဆက်လက်ပြင်းထန်

ကျောက်မဲမြို့ဘက် ထိုးစစ်ဆင်လာသော စစ်တပ်က နောင်ချိုနှင့်ဆက်သွယ်ထားသော ဂုတ်ထိပ်တံတား ကို ထိန်းချုပ်လိုက်ပြီးနောက် ထောက်ပို့လမ်းကြောင်းအတွက် ပြင်ဆင်ခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်သံတံတားအား စစ်တပ်က ယခု ရက်ပိုင်းအတွင်း ထိန်းချုပ်လိုက်ပြီး နောင်ပိန်ကျေးရွာအနီး တိုက်ပွဲများဆက်ဖြစ်နေသည်ဟု ဒေသခံ များထံက သိရသည်။ 

စစ်တပ်က ပျက်စီးသွားသည့် ဂုတ်ထိပ်သံတံတားလမ်းပိုင်းအား ပြန်လည်ပြင်ဆင်နေပြီး ၎င်းတို့၏ ထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

“ဂုတ်တွင်းကားလမ်းတံတားက ကျိုးနေတော့ သံလမ်းကနေ စစ်တပ်က ရိက္ခာတွေ၊ စစ်ကူတွေ ပို့ဖို့ လုပ်နေတုန်း တံတားအချိုးခံရတာ။ အခု အချိုးခံရတဲ့နေရာကို စစ်တပ်က ရောက်နေပြီ။ တံတားကို ပြင်ဖို့ လုပ်နေတာ ပြီးရင်တော့ အဲဒီကနေ နောင်ပိန်ကို စစ်ကူတွေပို့မယ့်သဘောရှိတယ်” ဟု ကျောက်မဲဒေသခံ တစ်ဦးက ပြောသည်။

နောင်ချိုမြို့နှင့်ကျောက်မဲမြို့တို့ကို ဆက်သွယ်ထားသည့် ၁၂၅ နှစ် သက်တမ်းရှိသည့် အဆိုပါဂုတ်ထိပ် ရထားလမ်းသံတံတားသည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျောက်မဲမြို့ဘက်အခြမ်း ဖောက်ခွဲဖျက်ဆီးခံ ရခြင်းဖြစ်သည်။ 

ဖောက်ခွဲမှုကြောင့် ဂုတ်ထိပ်တံတား၏ အုတ်နှင့် သံမဏိဘောင်ဆက်သည့်နေရာများ ပျက်စီးသွားခဲ့ပြီး TNLA နှင့် စစ်တပ်တို့ အပြန်အလှန် အပြစ်ဖို့ထားကြသည်။

ဇူလိုင်လအတွင်း နောင်ချိုမြို့အား စစ်တပ်က သိမ်းပိုက်ပြီးနောက် ဂုတ်ထိပ်တံတားတွင် နောင်ချိုမြို့ ဘက်အခြမ်းအား စစ်တပ်က ထိန်းချုပ်ထားပြီး ကျောက်မဲမြို့ဘက်အခြမ်းအား TNLA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

“တံတား မိုင်းခွဲခံရပြီးတော့ TNLA တပ်ဖွဲ့တွေ နည်းနည်း နောက်ဆုတ်သွားတယ်။ အကုန် ဖယ်ပေးလိုက် တာတော့ မဟုတ်ဘူး” ဟု အထက်ပါကျောက်မဲ ဒေသခံ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်တွင် နောင်ချို-ကျောက်မဲလမ်းပိုင်း ဂုတ်တွင်းကားလမ်းတံတား အား TNLA က မိုင်းခွဲ၍ ကျောက်မဲမြို့ဘက်အခြမ်းရှိ ဂုတ်တွင်းလမ်းပိုင်းအား ဆက်လက်ထိန်းချုပ်ထား သည်။

စစ်တပ်က နောင်ချိုဘက်အခြမ်း ဂုတ်တွင်းကားလမ်းအား သန့်ရှင်းရေးလုပ်ဆောင်နေသည့် ရုပ်သံဖိုင် ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်နေ့) တွင် ဖြန့်ဝေကာ ဂုတ်တွင်းလမ်းပိုင်းတစ်ခုလုံးအား ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထောက်ခံသူများမှတဆင့် ဝါဒဖြန့်နေကြသည်။

“ကားလမ်းကနေ ကျောက်မဲဘက်အခြမ်းကို သူတို့ တက်မလာရဲသေးပါဘူး။ သံတံတားဘက်ကို အာရုံ မရောက်အောင် ဒီဘက်က အာရုံလွှဲနေတဲ့သဘောလို့ ပြောလို့ ရတယ်။ ဂုတ်တွင်း-ကျောက်မဲဘက် အတက်လမ်းမှာ ကျွန်တော်တို့အဖွဲ့တွေ ရှိပါတယ်” ဟု မြေပြင် တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နောင်ချိုဘက်မှ တက်လာသော ခြေမြန်တပ်မ (၁၁) စစ်ကြောင်းများသည် ယခုလ ၁၉ ရက်နေ့မှ စတင် ကာ ကျောက်မဲမြို့နယ် ထန်းတပင်ရွာသို့ ထိုးစစ်ဆင်ခဲ့သည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် အဆိုပါ ရွာနှင့်သုံးမိုင်အကွာ နောင်ပိန်ရွာအနီး ရောက်ရှိလာကာ ဆက်လက်ထိုးစစ်ဆင်နေသည်မှာ ၁၀ ရက် ကျော်ကြာ ရှိခဲ့ပြီဖြစ်သည်။

နောင်ပိန်ရွာသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိပြီး နောင်ချို- ကျောက်မဲ ပြည်ထောင်စုလမ်းအတွက် အရေးပါသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ 

စစ်တပ်သည် နောင်ပိန်ရွာရှိ TNLA တပ်ဖွဲ့၏ ခုခံစစ်ကို အပြင်းအထန်ခံနေရပြီး လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများပေးသော်လည်း ရှေ့မတိုးနိုင်ဘဲ ရှိနေသည်ဟု မြေပြင်တိုက်ပွဲအခြေအနေ သိရှိသည့် အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

“ဂုတ်တွင်းကို ချောင်ကနေလှမ်းဖြတ်ပြီး နိုင်သလောက် ပစ္စည်းနဲ့ ကူးလာတာ။ အခုနောက်က ထောက်ပို့ မရတော့ စစ်တပ်က ပြန်ပိတ်မိသလို ဖြစ်နေတာ။ ရိက္ခာကတော့ ရွာထဲကဟာတွေ ယူစားလို့ ရတယ်။ လက်နက်မပါဘဲကတော့ တိုက်ဖို့ မလွယ်ဘူး။ အဲတာကြောင့် စစ်တပ်က စစ်ကူပေးနိုင်ဖို့ အသည်းအသန် လုပ်နေတာ”

၂၀၂၄ နိုဝင်ဘာလ ၁၃ ရက်နေ့က အခမ်းအနားတစ်ခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-TNLA)

ယနေ့ နံနက်ပိုင်းအထိ နောင်ပိန်ရွာတွင် ပစ်ခတ်သံများကို ကြားနေရသည်ဟု နောင်ပိန်ရွာခံအချို့က ပြောကြသည်။ 

“နောင်ပိန်ရွာနားမှာက အခြေအနေက ရှုပ်ထွေးနေတုန်းပဲဗျာ။ ပစ်ခတ်နေကြတုန်းပဲ။ စစ်တပ်က နောင်ပိန် ကို အလုံးစုံ ထိန်းချုပ်နိုင်တာ မရှိသေးပါဘူး။ လေယာဉ်နဲ့တော့ ခဏခဏ လာပစ်နေတာပဲ” ဟု နောင်ပိန် ရွာသားတစ်ဦးက ဆိုသည်။

TNLA ပြောခွင့်ရသူ လွေးယေဦးက နောင်ပိန်ကျေးရွာတွင် စစ်တပ်ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်သည်ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားအများစု နေထိုင်သည့် နောင်ပိန်ကျေးရွာသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ်သည့် ကျေးရွာ ဖြစ်သည်။ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေချိန် SSPP/SSA တပ်ဖွဲ့များအား နောင်ပိန်ကျေးရွာတွင် မတွေ့ရတော့ဟု ဒေသခံများက ဆိုကြသည်။

နောင်ပိန်ရွာ ထက်ဝက်နီးပါးအား ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တပ်များသည် SSPP/SSA စခန်းချခဲ့သည့် ကုန်းများအား ခြေကုပ်ယူကာ TNLA တပ်ဖွဲ့ဝင်များအား ဆက်လက် ထိုးစစ်ဆင်နေသည် ဟု မြေပြင် တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။

တိုက်ပွဲ ပြင်းထန်နေချိန် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နောင်ပိန်ရွာခံများ အပါအဝင် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမှ စစ်ဘေးရှောင်လာသည့် လူဦးရေ နှစ်သောင်းကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

စစ်တပ်၏ ကျောက်မဲထိုးစစ် မစတင်မီ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်တပ်က နောင်ချိုမြို့ မှနေ၍ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ၊ ဇီပင်ရွာ၊ ပင်တိန်ရွာ၊ ပင်တီးရွာများ သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်ခဲ့ရာ စစ်ဘေးဒုက္ခသည်များအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့သည်။

ယခုလ ၁၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် ကျောင်းကုန်း၊ နောင်ပိန်ကျေးရွာတို့ကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ကျောင်းကုန်းရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ နောင်ပိန်ရွာနား မိန်ဘုန်းကြီးကျောင်းမှ ကိုရင် တစ်ပါး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ဩဂုတ် ၂၀ ရက်နေ့ နံနက်ကလည်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နောင်ပိန်ရွာမှ ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦး သေဆုံးပြီး အယောက် သုံးဆယ်ကျော် ဒဏ်ရာရခဲ့သည်။

စစ်တပ်နှင့် TNLA တို့၏ ဩဂုတ် ၂၇ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲတွင် TNLA ဘက်က ကျောက်မဲ၊ သီပေါမြို့များအား ပြန်ပေး၍ စစ်တပ်နှင့် အပစ်ရပ်မည်ဟု ဆွေးနွေးခဲ့သော်လည်း စစ်တပ်ဘက်က ထိုမြို့များကို တိုက်ယူနိုင်သဖြင့် နမ့်ဆန်နှင့် မန်တုံ နှစ်မြို့ကိုသာ ပေးမည်ဟု ဆိုခဲ့၍ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည်။ လာမည့် အောက်တိုဘာလကုန် ပြန်တွေ့ဆုံမည်ဖြစ်သည်။ 

ထိုသတင်းကြောင့် ကျောက်မဲမြို့ခံများကြားတွင် စိုးရိမ်မှုများ ပိုတိုးလာခဲ့သည်ဟု ကျောက်မဲမြို့ခံတို့က ဆိုသည်။

“အဲဒီသတင်းလည်း ကြားတယ်။ နောင်ပိန်မှာလည်း အသံတွေ ပြန်ထွက်လာတယ်ဆိုတော့ အားလုံးက အထုပ် ပြင်ထားရတော့မလိုဖြစ်နေပြီ” ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

တပ်မ (၁၁) စစ်ကြောင်းများသည် ကျောက်မဲမြို့အား ဆက်လက် ထိုးစစ်ဆင်နေသလို တပ်မ (၅၅ ) စစ်ကြောင်းများသည် မိုးကုတ်-နောင်ချိုလမ်းပိုင်းရှိ ကျေးရွာများအား ဆက်လက် ထိုးစစ်ဆင်နေပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့ဘက် ဦးတည်နေသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် တပ်မ (၅၅) လက်အောက်ခံ စစ်တပ် စစ်ကြောင်းများသည် နောင်ချို- ပြင်ဦးလွင်လမ်းရှိ အုမ္မသီးလမ်းခွဲမှ ၂၈ မိုင်ခန့်အကွာတွင်ရှိသည့် ရတနာသိင်္ဂီ သတ္တုမိုင်းအား သိမ်းပိုက် ခဲ့သည်။

အဆိုပါ သတ္တုမိုင်းအား  “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး ( MDY-PDF) နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့်ကာလတွင် အဆိုပါ သတ္တုမိုင်းမှ မည်သည့်သတ္တုမှ ထုတ်လုပ်ခဲ့ခြင်း မရှိဟု ဒေသခံတို့က ဆိုသည်။

စစ်တပ်က ရတနာသိင်္ဂီ သတ္တုမိုင်းအား ပြန်သိမ်းပိုက်ထားနိုင်သော်လည်း အနီးနားရှိ MDY-PDF နှင့် တော်လှန်ရေး တပ်ဖွဲ့ စခန်းများကိုမူ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ  ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

Related Articles

Back to top button