ဆောင်းပါးရုပ်ပုံလွှာ

အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

နေပြည်တော် — ဘုံအဆင့်ဆင့် ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ အစိမ်းရောင်မြက်ခင်းတို့ လွှမ်းထားသော နေပြည်တော်လွှတ်တော်ဝင်းကြီးသည် နတ်ပြည်နတ်နန်းလော၊ သို့တည်းမဟုတ် မွန်းတည့်ချိန် ပြင်းထန်လွန်းသည့် နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ်ခိုးများကြား သီးခြားတည်ရှိနေသော ထိုအဆောက်အအုံများသည် ငရဲပြည်လောဟု အမျိုးအမျိုး ထင်မှတ်မှားစရာရှိသည်။

အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်ခြယ်ထားသော လွှတ်တော်အဆောက်အအုံတစ်ခုအတွင်း သစ်သားစားပွဲကြီးတစ်ခုနောက်တွင် ပင်နီတိုက်ပုံ၊ ကချင်လုံချည်ဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးသည် ၎င်း၏ ပြည်သူ့လွှတ်တော်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး ကော်မတီအတွင်းရေးမှူး တာဝန်ဖြင့် အလုပ်များနေသည်။

သံရုံးဖိတ်ကြားစာများ၊ သံတမန်တို့၏ တွေ့ခွင့်တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသလို ရံဖန်ရံခါ ကော်မတီနှင့် မသက်ဆိုင်သော ကိစ္စရပ်များအကြောင်း ဆွေးနွေးရန် စီးပွားရေးသမားများ၊ စီးပွားရေးအကျိုးဆောင်များ ချဉ်းကပ်လာမှုကိုလည်း ဖြေရှင်းရကြောင်း ၅၂ နှစ် အရွယ် ဦးဘိုဘိုဦးက ဆိုသည်။

“ကျွန်တော်တို့နဲ့ မဆိုင်တဲ့ ကိစ္စတွေအတွက် ခေါ်တွေ့လို့ ဘာထူးမှာလဲ။ ကျွန်တော်တို့ အလိုလိုက်လို့ မရတာလေးတွေရှိတာပေါ့လေ၊ တစ်ခါတလေလည်း လူမှုရေးအရ ကိုးလိုးကန့်လန့် ဖြစ်ရတယ်” ဟု သူက ဆိုသည်။

လွှတ်တော်သစ်တွင် စစ်အစိုးရခေတ် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အထိန်းသိမ်းခံရသော နိုင်ငံရေးအကျဉ်းသားပေါင်း ရာနှင့်ချီ ပါဝင်ရာ ၎င်းတို့အနက် ဦးဘိုဘိုဦးသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအဖြစ် အမှောင်ခေတ်ကို ဖြတ်သန်းလာပြီး အာဏာနှင့် လုပ်ပိုင်ခွင့်များ ရရှိလာသည့် ယခုအချိန်တွင် ထိုအရာများ၏ ဖျက်ဆီးမှုကို မခံရရန် ဆင်ခြင်ရသည်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သူက ဆိုသည်။

“အကောင်းလောကဓံတွေ လာနေပြီ၊ ခံနိုင်ဖို့ အရေးကြီးတယ်” ဟု သူက Myanmar Now နှင့် နေပြည်တော်တွင် မကြာသေးမီက တွေ့ဆုံစဉ် ပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည့် ရလဒ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်သည့် အရပ်သားအစိုးရသစ် ပေါ်ထွက်လာ၏။ သို့တိုင် တစ်ဖက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် စစ်တပ်က ဆက်လွှမ်းမိုးထားဆဲဖြစ်သော်ငြား ဒီမိုကရေစီကူးပြောင်းမှုတွင် ပါဝင်လှုပ်ရှားခဲ့သူအချို့ကတော့ စစ်အာဏာရှင်ခေတ် အမှောင်ကာလကြီးလွန်မြောက်၍ တိုင်းပြည်အနာဂတ် ဆက်လက်တိုးတက်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

“တဖြည်းဖြည်းနဲ့တော့ ဆက်ပြီးပြောင်းနေမှာပါပဲ။ ကျွန်တော်ကတော့ တိုင်းပြည်အတွက် အကောင်းမြင်တဲ့စိတ် အပြည့်ရှိတယ်” ဟု ဦးဘိုဘိုဦးက ဆိုသည်။

အမှောင်ခေတ်မှ အလင်းခေတ်

စစ်အာဏာရှင်ခေတ် လူငယ်များစွာတို့ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းချခံခဲ့ရပြီး ၎င်းတို့အနက် အချို့သောသူတို့မှာ လူ့ဘဝ၏ အတက်ကြွဆုံးအရွယ်များကို သံတိုင်များနောက်တွင်ပင် ကုန်လွန်ခဲ့ကြရသည်။

ရန်ကုန်မြို့၏ ချမ်းသာသောမိသားစုတစ်စုတွင် ကြီးပြင်းလာသော ဦးဘိုဘိုဦးလည်း ထိုအုပ်စုထဲတွင် အပါအဝင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြု နောက်ဆုံးနှစ်တက်ရောက်နေစဉ် သူသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

“ဖြစ်ချင်ခဲ့တာကတော့ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နိုင်ငံရေးမှာ ပါဝင်ခဲ့တာပေါ့” ဟု သူက ဆိုသည်။

သူ၏ လူငယ်ဘဝမှာ ရန်ကုန်ရှိ အင်းစိန်ထောင်၊ စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်းသားများကို အနှိပ်စက်ဆုံးအကျဉ်းထောင်တစ်ခုဟု ဆိုစမှတ်ပြုသော မြင်းခြံထောင်တို့တွင် ကုန်ဆုံးခဲ့ရသည်။

ထိုမြင်းခြံထောင်တွင် ထောင်အာဏာပိုင်တို့က စည်းကမ်းထိန်း၊ တန်းစီး စသော ရာထူးများတွင် မုဒိမ်းလူသတ်မှုများဖြင့် အကျဉ်းကျနေသော ရာဇဝတ်သားတို့ကို ခန့်အပ်ပြီး နိုင်ငံရေးအကျဉ်းသားများကို မျက်ခြည်မပြတ်စောင့်ကြည့်စေခဲ့ပြီး၊ မထင်လျှင်မထင်သလို ရိုက်နှက်၏ဟူသော နာမည်ဆိုးများ ယခုတိုင် ပြောစမှတ်ရှိသည်။

ဦးဘိုဘိုဦး အဖမ်းခံရစဉ်က အသက် ၂၆ နှစ်ရှိပြီး ပြန်လည်လွတ်မြောက်လာသော ၂ဝဝ၉ ခုနှစ်တွင် သူသည် အသက် ၄၆ နှစ်ရှိပြီဖြစ်၏။

နှစ်ပေါင်း ၂ဝ ကျော် ထောင်နန်းစံခဲ့သော အချိန်များတွင် အစာရေစာမလုံလောက်ခြင်း၊ အကျဉ်းခန်းအတွင်း တစ်နေကုန် လှောင်ပိတ်ခံထားရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း စသည့် ဒုက္ခများ လွန်မြောက်၍ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ယခုကဲ့သို့ ဖြစ်လာမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်မိခဲ့ကြောင်း၊ သို့သော် မြန်မာပြည်သည် ကောင်းသည့်ဘက်သို့ ရောက်ရှိလာမည်ကို အမြဲယုံကြည်ခဲ့ကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“ခဏခဏ ကျွန်တော် မေးခံရတယ်၊ ခုလို မြန်မာ့နိုင်ငံရေးအခြေအနေပြောင်းလဲတာရော၊ ကျွန်တော်လွှတ်တော်အမတ်ဖြစ်လာတယ်ဆိုတာရော ဒါတွေဖြစ်လာမယ်လို့ အရင်ကမျှော်လင့်ဖူးသလားလို့။ ကျွန်တော်တော့ တစ်ခါမှ ဒါတွေဖြစ်လာမယ်လို့ တကယ့်ကို မတွေးမိဘူးဗျ” ဟု သူက ဆိုသည်။

၁၉၉ဝ ပြည့်လွန်နှောင်းပိုင်းကာလ လေတပ်ဦးစီးချုပ်ဖြစ်လာမည့် အဆင့်မြင့်စစ်အရာရှိတစ်ဦး၏ သမီးဖြစ်သူ သူ၏ဇနီးက သူအကျဉ်းကျနေစဉ်ကာလအတွင်း သူ့ကို ကွာရှင်းခဲ့သည်။ သူထောင်မှမလွတ်မီ နှစ်အနည်းငယ်အလိုတွင် သူ၏ဖခင်လည်း ကွယ်လွန်ခဲ့သည်။

သူ့ဇနီးက သူ့အား စွန့်ခွာခဲ့ပုံနှင့် ပတ်သက်၍ မေးမြန်းရာ “ဒါဟာ တော်တော်ဆိုးတဲ့ အတွေ့အကြုံပါပဲ” ဟု သူကဆိုပြီး အသေးစိတ်ကို ရှင်းပြရန် ငြင်းပယ်ခဲ့သည်။

၂ဝဝ၉ ခုနှစ် သူလွတ်မြောက်လာပြီးနောက် ဘဝသစ်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်သည်။ သူနှင့်အတူ တစ်နေ့တည်း မြန်မာနိုင်ငံအထက်ပိုင်း မြင်းခြံထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား မခင်မိုးအေးနှင့် မကြာခင် လက်ထပ်ပြီး မိုးခအမည်ရ ပန်းချီပြခန်းတစ်ခုကိုလည်း ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။

ထို့နောက်တွင် NLD သို့ ဝင်ရောက်၍ နိုင်ငံရေးလောကကို တစ်ဖန် ခြေစုံပစ်ဝင်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ၊ ပါတီလှုပ်ရှားမှုများတွင် ရန်ကုန်တိုင်း ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ စမ်းချောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သည်။

၂၁၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ယခုအခါ လွှတ်တော်ကော်မတီတစ်ခု၏ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး NLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးအဖြစ်လည်း တာဝန်ယူထားသည်။

ဒီမိုကရေစီဖြစ်ထွန်းလာမှု၏ တစ်စိတ်တစ်ဒေသဖြစ်သော လက်ရှိ သူ၏လွှတ်တော်အမတ်ဘဝနှင့် စစ်အာဏာရှင်ခေတ် ယခင်က သူ၏အကျဉ်းစံဘဝကို ပြန်ပြောင်းနှိုင်းယှဉ်သည့် သဘောဖြင့် “အခုတော့ အကောင်းတွေချည်းဖြစ်နေတာဗျ။ ဖေဖော်ဝါရီ ၁ ရက် ကျမ်းသစ္စာကျိန်တဲ့နေ့မှာတောင် ထီတစ်သိန်းဆုပေါက်တယ်ဗျ” ဟု သူက ဆိုသည်။

တစ်မိုးတည်းအောက် အမတ်များ

လွှတ်တော်နှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိသော စည်ပင်သာယာရိပ်သာဆိုသည်မှာ နိုင်ငံတစ်ဝန်းမှ ရောက်ရှိလာကြသော ပြည်ထောင်စုလွှတ်တော်အမတ်အများစု တည်းခိုသည့် နေရာဖြစ်သည်။

ကွန်ကရစ်ကြမ်းခင်း၊ ရေချိုးခန်း၊ အိမ်သာ၊ တစ်ယောက်အိပ် သစ်သားခုတင်သုံးလုံးပါဝင်သော ထိုအခန်းသည် အဆောင်အယောင်ကင်းမဲ့လှသော်လည်း ဦးဘိုဘိုဦးကဲ့သို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်မူ ထောင်ခန်းများနှင့်စာလျှင် ပိုမိုကောင်းမွန်သော နေရာထိုင်ခင်းဖြစ်နေသည်။

ပျင်းရိငြီးငွေ့စရာကောင်းလှသော နေပြည်တော်ဘဝ အားလပ်ချိန်များတွင် ရေကူးခြင်း၊ စာဖတ်ခြင်းဖြင့် အချိန်ကုန်ရကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“ဒီမှာ ထောင်နဲ့တူတာဆိုလို့ ညဘက် တစ်ယောက်တည်းအိပ်ရတဲ့အခါမှာပေါ့။ တစ်ခါတလေ ညဘက် ပူလို့အိပ်မရဘူး” ဟု သူက ဆိုသည်။

သူက ရန်ကုန်ရှိမိသားစုကို ခွဲခွာပြီး လွှတ်တော်တက်ရန် ရောက်နေသည့် မြို့တော်ကြီးတွင် မိတ်ဆွေများနှင့် တွေ့ဆုံလည်ပတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ရန်ကုန် NLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးလည်းဖြစ်သောကြောင့် ထိုအမတ်များ လွှတ်တော်တက်နေသည့် ကာလအတွင်း ကျန်းမာရေး၊ စားဝတ်နေရေး အဆင်ပြေစေရန်လည်း စီမံရသည်။

“ပါတီရဲ့မူဝါဒတွေနဲ့ မတိမ်းမစောင်းသွားအောင် လိုက်လုပ်ရတယ်။ တစ်ခါတလေ စိတ်ဓာတ်မြှင့်တင်ရေးတွေလည်း လုပ်ရတယ်။ နောက်ပြီး လာဘ်ပေးလာဘ်ယူကိစ္စဆိုတာ ပုဂ္ဂလိကအခက်အခဲကြောင့်လည်း ဖြစ်လာရတာရှိတယ်။ ဒါ့ကြောင့် ယုတ်စွအဆုံး ငွေလိုရင်ပြောပါ၊ ကျွန်တော်တို့ချေးပါမယ်၊ အဲဒီလောက်ထိတောင် ပြောသွားတာ။ ဒါဟာ သိပ်ကိုအရေးကြီးတယ်၊ ကျွန်တော်တို့ပါတီရဲ့ အသက်ဗျ” ဟု သူက ဆက်၍ဆိုသည်။

အတိတ်ကို ပြည်ဖုံးကားချရမယ်

နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ ညနေခင်း မဲရေတွက်အပြီး သူ အပြတ်အသတ်နိုင်သွားသဖြင့် ထောက်ခံသူမဲဆန္ဒရှင်များ ပြုံးပျော်နေချိန်တွင် ဦးဘိုဘိုဦးတစ်ယောက် မျက်ရည်ဝဲမတတ် ဖြစ်ခဲ့ရသည်။ သူ့ကဲ့သို့ ၁၉၈၈ ဒီမိုကရေစီသပိတ်မှစ၍ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးအကျဉ်းချခံရသူများထဲမှ အချို့မှာ ကွယ်လွန်ခဲ့ပြီဖြစ်သောကြောင့် ယခုကဲ့သို့ သမိုင်းဝင်မြင်ကွင်းကို တွေ့မြင်ခွင့်မရနိုင်တော့ပေ။

“ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူးဗျာ” ဟု သူက ဆိုသည်။

သို့သော် နိုင်ငံပြန်လည်ထူထောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခဲ့သော ယခင်စစ်ဗိုလ်ချုပ်များအား အရေးယူရန် မလိုလားကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“Justice (တရားမျှတမှုပြန်လည်ရှာဖွေရေး) ကို မစဉ်းစားသင့်တော့ဘူး။ Justice ဆိုတာ လက်စားချေတာတစ်မျိုးပဲ။ သူတို့ ဗိုလ်ချုပ်တွေ ချောချောမွေ့မွေ့ Exit (နိုင်ငံရေးစင်မြင့်မှ ထွက်ခွာ) ဖြစ်အောင် မနည်းလုပ်နေရတယ်” ဟု မြန်မာ့နိုင်ငံရေးတွင် ဆက်လက်လွှမ်းမိုးထားသော စစ်တပ်ကဏ္ဍအား ရည်ညွှန်း၍ သူက ပြောလိုက်သည်။ ။

Show More

Related Articles

Back to top button