အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေးဝင်ငွေတားဆီးရန် မြဝတီတံတားကိုပိတ်ပြီး ရေလမ်းကုန်သွယ်ရေးကို ဦးစားပေးရန် စစ်ကော်မရှင်စီစဉ်

နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဆုံးရှုံးနေသည့် စစ်ကော်မရှင်သည် ထိုင်းနှင့် မြဝတီနယ်စပ် လမ်းကြောင်းမှ အခွန်အခအနည်းငယ်သာရရှိပြီး လိုင်စင်မဲ့ကုန်သွယ်မှုကြီးထွားလာသည်ဟုဆိုကာ ထိုကုန်စည်များကို စိစစ်ရန် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပိတ်ပင်ခဲ့သည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တော်လှန်ရေးတပ်များ အခွန်ရရှိမှုကိုဖြတ်တောက်ရန် စစ်ကောင်မရှင်သည် နယ်စပ်ကုန်သွယ်ရေး တံတားကို ပိတ်ပင်ပြီး ၎င်းတို့ထိန်းချုပ်နိုင်သည့် ကော့သောင်း-ရနောင်းရေလမ်းကြောင်းမှ သွင်းကုန်လိုင်စင်များကို ဦးစားပေးခွင့်ပြုရန် စီစဉ်နေသည်ဟု စုံစမ်းသိရသည်။

ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်နှင့် အခြားဒေသအသီးသီးသို့ ကုန်သွယ်သည့်လမ်းကြောင်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံချီတန်ဖိုးရှိသည်။ နယ်စပ်မြို့ မြဝတီတွင် စစ်တပ်က အထိုင်ချထားသော်လည်း ကရင်ပြည်နယ်အတွင်းရှိ အာရှလမ်းမကြီးနှင့် ကုန်သွယ်ရေးလမ်းပိုင်းအချို့ကို တော်လှန်ရေးတပ်များက အပိုင်းလိုက်စိုးမိုးထားရာ ကုန်စည်ကူးသန်းရောင်းဝယ်မှုများမှ အခွန်အခများရနေသည်။ 

ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝမထိန်းချုပ်နိုင်သည့် စစ်ကော်မရှင်သည် ထိုကုန်သွယ်မှုမှ အခွန်အခအနည်းငယ်သာရရှိပြီး ထိုအခြေအနေတွင် လိုင်စင်မဲ့ကုန်သွယ်မှုကြီးထွားလာသည်ကို စိစစ်ရန် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ပိတ်ခဲ့ကြောင်း စစ်ကော်မရှင်၏ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က  ပြောသည်။

နယ်စပ်တံတားပိတ်ပင်ရခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ရပ်မှာ စစ်ကောင်စီမှ စစ်ကော်မရှင်ကို ပြောင်းလဲလိုက်ပြီးနောက် တရားမဝင်ကုန်သွယ်မှု တားဆီးရေးကော်မတီအပါဝင် အခြားကော်မတီ ၂၀၀ ခန့်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ရပ်ဆိုင်းထားသည့် သဘောဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာပြီးနောက် ကုန်လမ်းကိုထိန်းချုပ်ရန် ခက်လာ၍ ပင်လယ်ရေလမ်းကြောင်းကို ဦးစားပေးရန်  စီစဉ်နေသည်ဟု သိရသည်။ 

“ပင်လယ်ရေကြောင်းကလာတယ်ဆိုရင်တော့ စစ်ဆေးဆောင်ရွက်ရတာက ကုန်လမ်းထက်စာရင် ပိုပြီးတော့ လွယ်ကူပါတယ်။ အဓိကကတော့ ထိုင်းနိုင်ငံကနေ ဝင်လာတဲ့ သွင်းကုန်တွေမှန်သမျှက အခွန်အခ အပြည့်အဝမရတာတော့ အခုမှမဟုတ်ပါဘူး တော်တော်ကြာပါပြီ။ ဒါကို ထိထိရောက်ရောက် စိစိစစ်စစ်နဲ့ မပိတ်ဆို့နိုင်တဲ့အခါကြတော့ တခြားတရားမဝင်လမ်းကြောင်းတွေက သွားနေတာကတော့ အမြဲတမ်းလိုလိုရှိနေပါတယ်” ဟု စစ်ကော်မရှင်၏ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄၊ ဧပြီလတွင် ကရင်ပြည်နယ်၊ မြဝတီရှိ စစ်စခန်းများကို KNU နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ချိန် စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်အဖြစ် ထိုင်းနယ်စပ်ရှိ ရနောင်းနှင့် ကော့သောင်း ကမ်းရိုးတန်းဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် စီစဉ်ခဲ့သည်။ 

ကော့သောင်းသည် ရနောင်းမြို့နှင့် ပါချန်မြစ်သာခြားပြီး ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် သွားနိုင်သည်။ စစ်တပ်၏ကြီးကြပ်မှုဖြင့် ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား ထိုလမ်းကြောင်းမှ ကုန်သွယ်ရန် စတင်ခွင့်ပြုခဲ့သည်။ ယခုအခါ မြဝတီလမ်းကို လုံးဝပိတ်သည်အထိ ဖြစ်လာသည်။ 

သွင်းကုန်များကို လိုင်စင်မပေးဘဲ ထိန်းချုပ်နေသော်လည်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှ ပြည်တွင်းသို့ ကုန်စည်တင်သွင်းလျှင် ဦးစားပေးခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာရန် ညွှန်ကြားသည်ဆိုသော စစ်ကော်မရှင်၏ ပေါက်ကြားလာသော စာတစ်စောင်တွင် တွေ့ရသည်။ 

ရနောင်း-ကော့သောင်း ရေလမ်းကြောင်းမှ ကုန်သွယ်ရန် သင်္ဘောများလည်း အလုံအလောက်ရှိထားပြီး မြဝတီလမ်းကြောင်းထက်ကုန်ကျစရိတ်သက်သာကာ လုံခြုံမှုရှိကြောင်း၊ သင်္ဘောပိုင်ရှင်နှင့် ကုန်ပိုင်ရှင် တို့အနေဖြင့် သွင်းကုန်လိုင်စင်ယူ၍ ကောင့်သောင်းတွင် အစစ်ဆေးခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

သွင်းကုန်ဦးစားပေးမည်ဟုဆိုသည့် ထိုလမ်းကြောင်းအခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း လတ်တလောတွင် မြဝတီနယ်စပ် အမှတ် ၂ တံတားပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုရပ်သွားကြောင်း အမည်မဖော်လိုသည့် ကရင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

“တံတားပိတ်မှတော့ စီးပွားရေးရပ်တာပေါ့။ စီးပွားရေးရပ်ရင် အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဘူး။ အလုပ်အကိုင်အခွင့်လမ်းမရှိတော့ တစ်ယောက်ချင်းစီတိုင်းမှာ ဝင်ငွေမရှိနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။ 

တံတားပိတ်ပင်မှုကြောင့် မြတီမြို့တစ်ဖက် မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် ကုန်တင်ကား ၅၀၀ ခန့်ပိတ်မိနေသည်ဟု သိရသည်။ ထိုအခြေအနေနှင့် ပတ်သက်၍ စစ်ကော်မရှင်နှင့် ထိုင်းအစိုးရ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေပြီး တံတားပြန်ဖွင့်မည့်အချိန်ကို မသိရသေးကြောင်း ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။ 

မြဝတီတံတားပိတ်ပင်မှုကြောင့် ကုန်စည်အများပြားတင်ပို့သည့် ထိုင်းနိုင်ငံအတွက် ပိုထိခိုက်နိုင်ပြီး မြန်မာဘက်သို့ဝင်ရောက်သည့် ထိုင်းကုန်စည်များရှားပြီး ဈေးတက်နိုင်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေသည့် စစ်ကော်မရှင်သည် တရားမဝင်ကုန်သွယ်မှု တာဆီးရေးဟုဆိုကာ လိုင်စင်မဲ့ကုန်စည်များကို အကြီးအကျယ်ဖမ်းဆီးပြီး တော်လှန်ရေးနယ်မြေများသို့ ကုန်စည်စီးဆင်းမှုမရှိစေရန် ကန့်သတ်ပိတ်ပင်နေသည်။

မြဝတီတွင် နယ်စပ်တံတားကို ပိတ်ပင်ထားသလို ဘားအံမြို့မှ မြဝတီဘက်သို့ လောင်စာဆီသယ်ယူမှုကို ကန့်သတ်ထားသည်။ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) များ နှိမ်နှင်းရန် ထိုင်းဘက်မှ  မြဝတီဘက်သို့ လောင်စာဆီရောင်းချမှုကို ပိတ်ပင်ထားရာ ပြည်မဘက်မှ ဝယ်ယူအသုံးပြုရသည်။ 

တစ်ပြိုင်တည်းတွင် ပြီးခဲ့သည့် ဇူလိုင်လကုန်က ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမပေါ်ရှိ ကျုံဒိုး- ကော့ကရိတ် လမ်းပိုင်းကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် အာရှလမ်းကို စိုးမိုးနိုင်ရန် စစ်ကြောင်းဆက်ထိုးနေသည်။ 

တံတားပိတ်ပင်မှု၊ လောင်စာဆီဖြတ်တောက်မှုနှင့် အာရှလမ်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ KNU တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း မှတ်ချက်ပြုရန်မရှိသေးကြောင်း ဆိုသည်။ 

နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များ ထိန်းချုပ်လာမှုကြောင့် ကုန်သွယ်ရေး အခွန်အခရရှိကာ တပ်အင်အား ကြီးထွားလာနိုင်၍ ထိုသို့ကုန်သွယ်မှုကို တရားမဝင်ကုန်သွယ်မှုများအဖြစ် ဖမ်းဆီးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ၊၁၂ ရက်နေ့၊ စစ်ကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

Related Articles

Back to top button