အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​KNU နှင့် စစ်​ကောင်စီတပ် နှစ်ကြိမ်ထိတွေ့ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)နှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်တို့ ယနေ့ (ဧပြီ ၂၃) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု ပဒိန်ရိုးအထက်တန်းကျောင်း၌ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအတွက် လုံခြုံရေးယူထားသည့် KNU တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုတစ်ကြိမ်၊ ဘီးလင်းမြို့နယ် ပိန္နဲတောတပ်စခန်းမှ ပဒိန်ရိုးဘက်သို့ စစ်ကူလာသည်ဟု ယူဆရသော စစ်ကားတစ်စီးနှင့် KNU လုံခြုံရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ 

“ဒီနေ့မှာ ကျွန်တော်တို့ဘက်က လူထုတွေ့ဆုံပွဲပြုလုပ်ဖို့ လုံခြုံရေးချထားတယ်။ လုံခြုံရေးချထားတော့ တပ်မတော်ကနေ လိုက်လာတော့ လုံခြုံရေးအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။ တပ်မတော်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦး ကျဆုံးတယ်လို့ သတင်းရတယ်။ ပိန္နဲတောက ဆင်းလာတဲ့ စစ်ကားကျတော့ ထိခိုက်ဒဏ်ရာရတာတော့ များတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ ဘယ်နှဦးတော့ အတိအကျပြောလို့မရသေးဘူး” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၄ အမြောက်တပ်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်‌ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လှမ်းပစ်တော့ ရွှေရောင်ပြ၊ မရမ်းကုန်းရွာတွေမှာ ကျနေတယ်။ မရမ်းကုန်းရွာထဲမှာကျတာ တစ်လုံးက အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်။ အခုအချိန်ထိ လှမ်းပစ်တုန်းပဲ။ အဲဒီ ရွှေရောင်ပြတောင်တန်းတစ်လျှောက်မှာ လက်နက်ကြီးတွေကျနေတယ်” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။

KNU သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News ကလည်း KNU/KNLA တပ်မဟာ (၁) နှင့် အကြမ်းဖက်စစ်အုပ်စုတို့ ယနေ့တစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် KNU သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမှ ပြည်သူလူထုများသည် အစိုးရသစ် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့‌ရာ အကြမ်းဖက်စစ်အုပ်စုမှ လာရောက် နှောင့်ယှက်ဟန့်တားမှုမပြုနိုင်ရန်အတွက် KNU – တပ်မဟာ (၁) စစ်သည်များက ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ဝန်းရံ၍ လုံခြုံရေးယူပေးခဲ့ရာ အကြမ်းဖက်စစ်အုပ်စုသည် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများ၏ အစီအစဉ်ကို နှောင့်ယှက်ဟန့်တားရန်အတွက် လာသောကြောင့် ကျိုက်ကော်နှင့် နောင်ဘိုအကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များဖြစ်သော စကခ – ၈ ၊ ခမရ ၄၀၆ နှင့် KNU တပ်မဟာ – ၁ တပ်ဖွဲ့တို့ ကော့လယ်ရွာအနီး ထပ်မံထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

မတ်လတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် တပ်မဟာ(၅)အကြား ပြောက်ကျားအသွင်ဖြင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNU အဖွဲ့ဝင်တစ်ဦးက ပြောသည်။

KNU က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ပြည်သူလူထုလှုပ်ရှားမှုများကို အကူအညီ အကာအကွယ်ပေးမည်ဟု သဘောထားထုတ်ပြန်ထားသည်။ KNU တွင် တပ်မဟာ ၇ခု ရှိသည့်အနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မဟာ (၅)၊ တပ်မဟာ (၃)၊ တပ်မဟာ(၆)၊ တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button