အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဖွဲ့ပေါင်းစုံပါဝင်သည့် မြန်မာ့အရေးအထူးအစည်းအဝေး မလေးရှားတွင် ကျင်းပ

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံက ဖိတ်ခေါ်ပြုလုပ်သည့် အစည်းအဝေးကို တော်လှန်ရေး အင်အားစု တက်ရောက်နေသည်ဟု သိရသည်။ NLD က ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိပေ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် စစ်ရေးပြဿနာများကို ဖြေရှင်းနိုင်ရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ  ဦးဆောင်ပြီး သက်ဆိုင်သူများ အားလုံး ပါဝင်သည့်  မြန်မာ့အရေး အထူးအစည်းအဝေးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Putrajaya Marriott Hotel တွင် ယမန်နေ့ (ဩဂုတ် ၄ ) က စတင်ပြီး ကျင်းပနေသည်ဟု သိရသည်။ 

ထိုအစည်းအဝေးသို့  မြန်မာနိုင်ငံရေးတွင် အဓိကအရေးပါသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)  နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့၏ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။  

ယခု ဆွေးနွေးပွဲမှာ ပြီးခဲ့သည့် ဇွန် ၂၃ မှ ဇွန် ၂၆ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အထူးအစည်းအဝေး၏ နောက်ဆက်တွဲ ဆွေးနွေးပွဲဖြစ်သည်၊ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ၊ ပစ်ခတ်တိုက်ခိုက်မှုအခြေအနေများအကြောင်း အဓိကထား ဆွေးနွေးနေသည်ဟု  အစည်းအဝေးအကြောင်း သိရှိသူတစ်ဦးက ပြောသည်။ 

“အကုန်လုံးကတော့ ချိတ်ဆက်မှုတော့ ရှိနေပါလိမ့်မယ်။ ပထမအကြိမ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မလေးရှားက စပြီးတော့ ယူတဲ့အချိန်ကတည်းက အစုအဖွဲ့မျိုးစုံနဲ့ ထိတွေ့ဖို့ ကြိုးစားတယ်။ အဲဒီကတည်းက Election (ရွေးကောက်ပွဲ) နဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားမျိုး ရှိမလဲ ဆိုတာကို  ဆွေးနွေးကြတာပါ” ဟု ၎င်းက ပြောသည်။ 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ။ (ဓာတ်ပုံ – EPA)



အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဇွန်လ  ပထမအကြိမ်အစည်းအဝေးသို့  ကိုယ်စားလှယ် စေလွှတ်သော်လည်း   ယခုကျင်းပသည့် အစည်းအဝေးသို့ စေလွှတ်ခြင်း ရှိမရှိ  မသိရသေးကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။ 

ပထမအကြိမ် အစည်းအဝေးတွင် ရန်ဘက်အုပ်စုနှစ်စု မျက်နှာချင်း မဆိုင်မိခဲ့ကြကြောင်း သိရသည်။

“စစ်အုပ်စုနဲ့ ဒီဘက်အဖွဲ့တွေနဲ့ အတူတူဆွေးနွေးတာ မဟုတ်ဘူး။ ဒီဘက် အခန်းမှာ စစ်အုပ်စုနဲ့ ဆွေးနွေးနေပြီးတော့ ဒီဘက်အခန်းမှာက တဖက်အဖွဲ့နဲ့  ဆွေးနွေးတာပါ။ တပြိုင်နက် ဆွေးနွေးခဲ့တာပါ ” ဟု ၎င်းက ဆက်ပြောသည်။

အစည်းအဝေး ကျင်းပနေစဉ်မှာပင် အာဏာသိမ်းတပ်က အရပ်သားများကို ထိခိုက်စေသော ပစ်ခတ် တိုက်ခိုက်မှုများကို နိုင်ငံအနှံ့တွင် ဆက်လက် ပြုလုပ်သည်။

အဆိုပါ အထူးအစည်းအဝေးသို့  ဖိတ်ကြားခံရသည့်၊ အဓိက နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က  ပြည်ပခရီးသွားလာရေး အခက်အခဲကို အကြောင်းပြကာ အစည်းအဝေး တက်ရောက်ရေး ငြင်းဆိုထားသည်။ 

သို့သော်လည်း NLD  က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Othman Hashim ထံ လိပ်မူပြီး တောင်းဆိုချက် ၈ ချက်ပါဝင်သည့် အကြောင်းကြား စာတစ်စောင်ကို ဩဂုတ် ၃ တွင် ထုတ်ပြန်ခဲ့သည်။

တောင်းဆိုချက်များတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်၊ စစ်တပ်၏ လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုများကို ရပ်တန့်ပေးရန်၊ အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အချက်များ ပါဝင်သည်။ 

မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်ဟောင်း တစ်ဦးဖြစ်သူ Othman Hashim ကို ယခုနှစ် (၂၀၂၅) ဇန်နဝါရီ ၁၉ ရက်နေ့က ပြုလုပ်သောအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

စစ်ပွဲများ ပိုပြင်းထန်လာသော မြန်မာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ခုကို အကောင်အထည်ဖော်ရေး ကူညီဆောင်ရွက်ပေးရန် Hashim ကို တာဝန်ပေးအပ်ထားသည်။ 

Hashim စတင် တာဝန်ယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ မှ ဖေဖော်ဝါရီ ၈ အထိ စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း   နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်သာ တွေ့ဆုံခွင့်ရခဲ့ သည်။

ခရီးစဉ်နှင့် ပတ်သက်ပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ 

စစ်အာဏာသိမ်းပြီး ၃ လအကြာ ၂၀၂၁ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အထူးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများက အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

ထိုသဘောတူညီချက်များတွင် နိုင်ငံတဝန်းရှိ အကြမ်းဖက်မှုများချက်ခြင်း ရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်သည့် ပဋိက္ခဖြေရှင်းရေး ဆွေးနွေးပဲ ပြုလုပ်ရန်၊ အာဆီယံ အထူးသံတမန် ခန့်အပ်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ခွင့်ပြုပေးရန် ၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန် အချက်များ ပါဝင်သည်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ဘရူနိုင်း ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့က တစ်နှစ်စီ တာဝန်ယူခဲ့ပြီး ထိုအချက် ၅ ချက် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့သောလည်း မအောင်မြင်ခဲ့ပေ။ ယခု အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့်  မလေးရှားနိုင်ငံက ထပ်မံကြိုးပမ်းနေခြင်းဖြစ်သည်။  

အာဆီယံ ဘုံသဘောတူညီချက် အောင်မြင်မှုမရခြင်း၏ အဓိက တရားခံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်များကြောင့်သာဖြစ်သည်၊ စစ်တပ်က အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေပြီး လူသားချင်းစာနာမှု အထောက်အပံများကိုလည်း နှောက်ယှက်ဖျက်ဆီးနေသည်ဟု ထိုအချိန်က NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက Myanmar Now ကို ဖြေဆိုခဲ့သည်။ 

မလေးရှားသည်  ၁၉၇၇၊ ၁၉၉၇၊ ၂၀၀၅ နှင့် ၂၀၁၅ ခုနှစ်များတွင်လည်း အာဆီယံဥက္ကဋ္ဌအဖြစ်  တာဝန်ယူခဲ့ဖူးသည်။ 

၂၀၂၅ ဇူလိုင် ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးတွင် တွေ့ရသော အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် မိန့်ခွန်းပြောနေသော မလေးရှားဝန်ကြီးချုပ်   Anwar Ibrahim။ (ဓာတ်ပုံ – EPA)




နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button