ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၆) နှင့်အနီးရှိ တပ်စခန်းများမှပစ္စည်းများအား ကိုးကန့်တပ် (MNDAA) က သိန္နီမြို့နှင့် ချင်းရွှေဟော်မြို့များသို့ ရွှေ့ပြောင်းနေသည်ဟု မြို့ခံများထံက သိရသည်။
ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ထိုသို့ရွှေ့ပြောင်းနေသည်ကို တွေ့ခဲ့ရသည်ဟု သိန္နီမြို့ခံတစ်ဦးက ဆိုသည်။
“လူတွေ မမြင်စေချင်ပုံရတယ်။ အလုံပိတ်ကားတွေနဲ့ သယ်နေတာ။ မြို့ပေါ်ကို ရွှေ့လာတာပေါ့။ နှစ်ရက် ဆက်တိုက်ပဲ။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သိမ်းထားတဲ့ပစ္စည်းတွေလည်းပါတယ်”
သယ်ဆောင်လာသည့် ပစ္စည်းများတွင် ဆောက်လုပ်ရေးသုံး သံတိုင်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ နှင့် သွပ်ပြားများကို တွေ့ရပြီး၊ အလုံပိတ်ကားများအတွင်း သယ်ဆောင်လာသည့် ပစ္စည်းများကိုမူ မတွေ့ ရှိရဟု ဒေသခံတို့က ဆိုသည်။
Myanmar Now က ဆက်သွယ်ခဲ့သည့် သိန္နီမြို့ခံ နောက်တစ်ဦးကလည်း MNDAA တပ်ဖွဲ့က ပစ္စည်းများ ရွှေ့ပြောင်းနေသည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။
“ပစ္စည်းတွေ ရွှေ့နေတာတော့ ဟုတ်တယ်။ ဘာတွေ ဆိုတာတော့ မသိရပါဘူး။ ညအချိန်မှသယ်တာ။ သိန္နီ ကနေ ချင်းရွှေဟော်ကို သယ်သွားတာ တွေ့တယ်” ဟု အဆိုပါ မြို့ခံက ဆိုသည်။
သိန္နီမြို့နှင့်သုံးမိုင်အကွာ သိန္နီ-လားရှိုးလမ်းပေါ်ရှိ ကျောင်းခမ်းကျေးရွာအနီး စစ်ကောင်စီ၏ စကခ-၁၆ တပ်မဟာနှင့်ခြေလျင်နှင့်ခြေမြန်တပ်ရင်းများဖြစ်သော ခလရ-၆၉၊ ခမရ-၂၄၀၊ ခမရ-၃၂၃ အပြင် GE (စစ်အင်ဂျင်နီယာ) တပ်၊ ထောက်ပို့ဆက်သွယ်ရေးနှင့် ဆေးတပ် (ဆွယ်) တို့ ရှိသည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သိန္နီမြို့ပေါ်ကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်း အဖွဲ့များက သိမ်းပိုက်ခဲ့သည်။
လေးလနီးပါးအကြာ ၂၀၂၄ ဇန်နဝါရီ ၇ ရက်နေ့တွင် သိန္နီ-လားရှိုးလမ်း ကျောင်းခမ်းရွာအနီးရှိ စကခ(၁၆) နှင့် အနီးရှိ တပ်စခန်းအားလုံးကို MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပြီးနောက် သိန္နီမြို့နယ် တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
MNDAA နှင့် မဟာမိတ်တပ်များ၏ ထိုးစစ်ကြောင့် စကခ(၁၆) နှင့်အနီးရှိတပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံး လားရှိုးသို့ ဆုတ်ခွာသွားခဲ့သည်။
ယခုရက်ပိုင်းတွင် MNDAA တပ်ဖွဲ့ဝင်များက အဆိုပါ တပ်စခန်းများမှ လက်ကျန်ပစ္စည်းများနှင့် တပ် စခန်းချခဲ့စဉ် အသုံးပြုခဲ့သည့်ပစ္စည်းများအား သိန္နီမြို့နှင့် ချင်းရွှေဟော်မြို့များသို့ သယ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
သိန္နီမြို့ပေါ်တွင်မူ MNDAA ၏ အုပ်ချုပ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်းရှိနေကာ တရုတ်လုပ်ငန်းရှင်များ နှင့် ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပုံမှန်အတိုင်းရှိနေသည်ဟု မြို့ခံများထံက သိရသည်။
“သိန္နီကို ပြန်ပေးမယ် မပေးဘူးနဲ့ သတင်းတွေ အမျိုးမျိုး ထွက်နေတာ။ အခုက မြို့ပေါ်မှာက အေးဆေးပဲ ။ ဈေးနေရာဟောင်းကိုတောင် ဆေးရုံလုပ်ဖို့ တရုတ်လုပ်ငန်းရှင် တွေနဲ့ စနေပြီ။ အခုက စကခ(၁၆) ဘက် အခြမ်းကို ပြန်ပေးပြီး မြို့ပေါ်ကို MNDAA က ယူထားမယ်ဆိုတဲ့ ပုံစံဖြစ်နေတယ်။ ဒါကြောင့် အဲဒီက ပစ္စည်းတွေ ရွှေ့နေပုံရတယ်” ဟု ကိုးကန့်တပ်နှင့် နီးစပ်သူတချို့က မှတ်ချက်ပြုသည်။
ကွတ်ခိုင်မြို့အတွင်းမှလည်း ရုံးပစ္စည်းအချို့နှင့် စစ်ပစ္စည်းတချို့ကို ကွတ်ခိုင်မြို့နယ်အတွင်း MNDAA လှုပ်ရှားသော တာမိုးညဲမြို့နယ်ခွဲဘက် ရွှေ့ပြောင်းနေသည်ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
“တာမိုးညဲဘက်ကို ပစ္စည်းတွေရွှေ့နေတယ်။ မိုးကာနဲ့အုပ်ထားတဲ့ လက်နက်ပစ္စည်းတွေလည်း ရပါတယ်။ အဲသတင်းကြောင့် ထင်တယ် မနေ့က စစ်တပ်က လေယာဉ်နဲ့ လာပစ်သွားတာ”
ကွတ်ခိုင်မြို့နယ်အတွင်း တာမိုးညဲနှင့် မုံးစီးဒေသတို့တွင် MNDAA က လှုပ်ရှားထိန်းချုပ်ထားသည်။
သိန္နီနှင့် ကွတ်ခိုင်မြို့မှာ စစ်ပစ္စည်းများ ရွှေ့ပြောင်းနေသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ MNDAA ပြန်ကြားရေးတာဝန်ရှိသူများအား Myanmar Now က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
ယနေ့ (ဇူလိုင် ၃၁) တွင် MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လားရှိုးမြို့တွင် ထပ်မံတွေ့ဆုံရန် ရှိနေ သည်ဟု ကိုးကန့်တပ်နှင့် နီးစပ်သူတချို့ထံက သိရသည်။ လားရှိုးမြို့အား စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်နှင့် MNDAA တို့အကြား မကြာခဏ တွေ့ဆုံမှုရှိနေသော်လည်း ဆွေးနွေးမှုရလဒ်အား ထုတ်ပြန်ခြင်းမရှိပေ။
ကွတ်ခိုင်မြို့အား MNDAA က အထူးဒေသ (၁) အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းထားပြီး အုပ်ချုပ် ရေးဆိုင်ရာ ကိစ္စများအား တာဝန်ယူထားသည်။ TNLA က ပညာရေး၊ ကျန်းမာရေးနှင့် ဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စများအား တာဝန်ယူထားသည်။
ဇူလိုင် ၂၉ ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်က MNDAA နှင့် TNLA ပူးတွဲ အုပ်ချုပ်ရာ ကွတ်ခိုင်မြို့ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ် (၂) အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခုနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသည်ဟု ကိုးကန့်တပ်ဖွဲ့အာဘော် The Kokang က ထုတ်ပြန်သည်။ ဒဏ်ရာ ရသူများထဲတွင် တရုတ်နိုင်ငံသားတစ်ဦးပါဝင်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုကြောင့် ခက်ခဲစွာ ရရှိထားသည့် စစ်ပြေ ငြိမ်းရေးသဘောတူညီချက်အား ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ကာ ရှမ်းမြောက်ဒေသအတွင်း စစ်မီးအန္တရာယ်ကို မြင့်တင်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုး အပါအဝင်၊ စကခ(၁၆) တပ်မဟာတည်ရှိရာ သိန္နီမြို့၊ စစ်ဗျူဟာ အခြေချ ကွမ်လုံမြို့၊ နယ်စပ်ကုန် သွယ်ရေးစခန်းများရှိရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ တာမိုးညဲ မြို့နယ်ခွဲများအား MNDAA က သိမ်းပိုက်ခဲ့သည်။
အဆိုပါ မြို့များထဲမှ လားရှိုးမြို့အား တရုတ်ဖိအားကြောင့် ယခုနှစ် ဧပြီတွင် စစ်ကောင်စီလက်သို့ MNDAA က ပြန်လွှဲပေးခဲ့ပြီးနောက် သိန္နီမြို့အား ပြန်လွှဲပေးရန်နှင့် MNDAA ထိန်းချုပ်မြို့များတွင် ဌာနဆိုင်ရာရုံးအချို့ထားရှိရန် စစ်ကောင်စီက ထပ်မံတောင်းဆိုလျက်ရှိရာ MNDAA ဘက်က ငြင်းဆို ထားသည်ဟု ကိုးကန့်တပ်နှင့် နီးစပ်သူများထံက သိရှိရသည်။



