သတင်း

မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီပြန်လည်အသက်သွင်းရန် အ​မေရိကန်နှင့် အန္ဒိယတို့ ​ထောက်ခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့ ယမန်နေ့ (ဧပြီ ၁၉) တွင် ဖုန်းဖြင့် ​ဆွေး​နွေးခဲ့ရာ၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်​အသက်သွင်းရန် ထောက်ခံကြောင်း ထည့်သွင်း​ဆွေး​နွေးခဲ့ကြသည်။

အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီပြန်လည်​ဖော်​ဆောင်​ရေး ​ထောက်ခံ​ကြောင်း​ ထည့်သွင်းဆွေးနွေးခဲ့ကြသည့်အပြင် ဒီမိုကရေစီတန်ဖိုးများနှင့် ပတ်သက်၍ တူညီသော ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြကြောင်းလည်း အ​မေရိကန်အာရှပစိဖိတ်ဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင်​ ဒေသတွင်းလုံခြုံ​ရေးအတွက် နှစ်နိုင်ငံပူး​ပေါင်း​ဆောင်ရွက်​ရေးကိစ္စများ ဆွေး​နွေးခဲ့​ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။ 

အ​မေရိကန်နှင့် အိန္ဒိယနိုင်ငံတို့သည့် အာရှနေတိုးဟု ခေါ်သော QUAD အဖွဲ့ဝင် မဟာမိတ်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အုပ်စုက အာဏာသိမ်းမှုကို ကန့်ကွက်ကာ ဖမ်းဆီးထား​သော​ ခေါင်းဆောင်များ ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုက​ရေစီ ပြန်လည်အသက်သွင်း​ရေးအတွက် ဝိုင်းဝန်းဖိအား​ပေးကူညီကြရန်လည်း အဖွဲ့ဝင်​လေးနိုင်ငံ​ခေါင်း​ဆောင်များက ကတိပြုထား​သည်။

ဧပြီ ၁၆ ရက်က အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟိဒဲကိုတို့ ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲထုတ်ပြန်ရာတွင်လည်း “မြန်မာစစ်တပ်နဲ့ ရဲတွေရဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာတွေကို မိမိတို့ ပြင်းပြင်းထန်အထန် ကန့်ကွက်ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီ အမြန်ဆုံးပြန်လည်အသက်သွင်းရေး ဆက်လက်ဖိအားပေး အရေးယူဖို့ မိမိတို့က ကတိပြုပါတယ်” ဟု ကတိပြုခဲ့သည်။ 

Show More

Related Articles

Back to top button