
ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင် ရန်ကုန်မှ လူငယ် ၁၀ ဦးကျော် အဖမ်းခံရပြီး ရွှေကျင်အခြေစိုက် စစ်ဗျူဟာတွင် စစ်ဆေးမေးမြန်းနေကြောင်း မိသားစုဝင်တချို့ထံမှ သိရသည်။
အဖမ်းခံရသူများအနက် အသက် ၂၀ နှင့် ၃၀ ကြား လူငယ်များဖြစ်သည့် ကိုသီဟထွဋ်၊ ကိုမင်းတင့်နိုင်၊ ကိုသီဟနှင့် မစွမ်းပြည့်စိုးမွန်တို့လေးဦးမှာ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှဖြစ်ပြီး သူငယ်ချင်းများ စုစည်းခရီးသွားစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။
ဧပြီ ၁၇ နံနက်ပိုင်းတွင် ရွှေကျင်မြို့၌ တားဆီးစစ်ဆေးခံရသည်ဟု ထိုလူငယ်များထဲမှ တစ်ဦး၏ မိတ်ဆွေဖြစ်သူက Myanmar Now ကို ပြောသည်။
လူငယ်လေးဦးသည် ဧပြီ ၁၁ တွင် အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့ကြောင်း၊ ဧပြီ ၁၇ ရန်ကုန်သို့ အပြန်ခရီးတွင် ထိုသို့ တားဆီးစစ်ဆေးခံခဲ့ရပြီးနောက် ညနေပိုင်း၌ မိသားစုဝင်များနှင့် အဆက်အသွယ် လုံးဝပြတ်သွားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လေးဦးနှင့်အတူ အဖမ်းခံခဲ့ရသူ လူငယ် ၁၂ ဦးနှင့် ၁၈ ဦးကြားရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထိန်းသိမ်းခံနေရသူတစ်ဦးဖြစ်သည့် ကိုသီဟ၏ မိခင်ဖြစ်သူ ဒေါ်ခက်ခက်လွင်က ရန်ကုန်မှ ရက်အနည်းငယ်ကြာ ခရီးထွက်သွားသည့် သားဖြစ်သူ မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဟု မျှော်လင့်နေကြောင်း ပြောသည်။
“မနက် ၁၁ နာရီလောက်မှာ အစစ်ခံရတာ။ ဖုန်းတွေ၊ အိတ်တွေ စစ်တာ။ အဲဒါနဲ့ မပြီးသေးဘူး၊ ဝရမ်းပြေးစစ်တာဆိုပြီး ညနေ ၅ နာရီ ထိုးသွားတော့ ဖုန်းပြန်ဆက်တယ်။ ထပ်စစ်ဦးမှာ၊ အခုတော့ မိုးချုပ်သွားပြီ၊ ပြန်လို့မရဘူး၊ မနက်ဖြန် ပြန်ဖို့ စီစဉ်ပေးမယ်ပြောပြီး နောက်နေ့ အဆက်အသွယ်မရတော့တာ” ဟု ဒေါ်ခက်ခက်လွင်က ပြောသည်။
ယမန်နေ့(ဧပြီ ၁၈)ညတွင် ရွှေကျင်မြို့မရဲစခန်းမှူးနှင့် ဖုန်းအဆက်အသွယ်ရကြောင်း၊ လူငယ်များကို နှိပ်စက်ခြင်းမရှိဘဲ အန္တရာယ်ကင်းသည်ဟုသာပြောပြီး အသေးစိတ်မသိခဲ့ရကြောင်း ဒေါ်ခက်ခက်လွင်က ဆိုသည်။
ယနေ့ (ဧပြီ ၁၉) နံနက်တွင်လည်း မြောက်ဒဂုံမြို့နယ်ရှိ အဖမ်းခံရသူများ၏ နေအိမ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရောက်လာပြီး အဖမ်းခံရသည့်လူငယ်များအကြောင်း မေးမြန်းမှုများရှိသည်ဟု မိသားစုဝင်များက ဆိုသည်။
အဆိုပါလူငယ်များသည် နယ်စပ်တွင် သင်တန်းတက်ပြီး ပြန်လာရာမှ လမ်းတွင် အဖမ်းခံရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ခန့်မှန်းရေးသားနေကြသော်လည်း သင်္ကြန်တွင်း ရက်တိုခရီးသွားခြင်းသာဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျော်ကြားသူများနှင့် ဆက်စပ်သူများကို ကားဂိတ်နှင့် လေဆိပ်တွင်လည်း စောင့်ကြည့်ဖမ်းဆီးနေသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ မိတ်ဆွေသုံးဦးကို ကယားပြည်နယ် လွိုင်ကော်အသွား နေပြည်တော်အနီး သာဝတ္ထိစစ်ဆေးရေးဂိတ်တွင် ဧပြီ ၆ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။