အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

လူကုန်ကူးခံရမည်စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည်စခန်းအတွင်း ဆက်နေ

သက်ကယ်ပြင်၊ ရခိုင်ပြည်နယ် – ဒေါ်ဟာစီနား၏ အသက် ၂ဝ အရွယ် သားဖြစ်သူသည် မြန်မာနိုင်ငံအတွင်း တွေ့ကြုံခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံနေရမှုများမှ ထွက်ပြေးလွတ်မြောက်ရန် နေထိုင်ရာ ရခိုင်ပြည်နယ်မှ လှေဖြင့် စွန့်ခွာသွားခဲ့ပြီးနောက် သူ့သတင်းအစအနကို မကြားရသည်မှာ ၇ လ ခန့် ကြာသွားသည်။

တစ်နေ့တွင် လူတစ်ယောက်က ဒေါ်ဟာစီနား၏ သားဖြစ်သူ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူများလက်ထဲတွင် ရောက်နေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ဖုန်းဆက်ပြီး ပြောလာသည်။ သူ့သား လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငွေပေးပြီး ပြန်ရွေးယူရန်ဖြစ်သည်။

“တောင်းတဲ့ငွေကို မပေးဘူးဆိုရင် ခင်ဗျားသား သေလိမ့်မယ်လို့ ပြောတယ်။ ကျွန်မအရမ်း စိတ်ဓာတ်ကျသွားတယ်။ ဒီလူပွဲစားတွေလက်ထဲကို ကျွန်မသား ဘယ်လို ရောက်သွားတယ်ဆိုတာ မသိပါဘူး။ ကျန်းမာရေးကလည်း ဘယ်လိုဖြစ်သွားတာလဲ မသိဘူး” ဟု ဒေါ်ဟာစီနားက စစ်တွေမြို့အနီး သက်ကယ်ပြင်ဒုက္ခသည်စခန်းအတွင်းမှ သူ၏ သန့်သန့်ရှင်းရှင်းမရှိသည့် ခနော်နီခနော်နဲ့ အိမ်၏ ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက် ပြောသည်။

သူ၏ သားဖြစ်သူသည် ဒေါ်လာ ၁,၆ဝဝ ပေးမည့် မလေးရှားမှ အလုပ်ရှင်တစ်ယောက်နှင့် အဆက်အသွယ်ရခဲ့သည်။ သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်မှစ၍ တင်ခဲ့သည့် ယင်းအကြွေးကို ဆပ်နိုင်ရန် ယခုအချိန်အထိ အလုပ်လုပ်နေရသည်။ နှစ်လ၊ သုံးလလျှင်တစ်ကြိမ် ကျပ် ခြောက်သောင်းခန့်သာ အိမ်သို့ ပြန်ပို့နိုင်ပြီး မိသားစုက တင်နေသည့် အကြွေးများကို ယင်းငွေဖြင့် ဆပ်ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကလေး ၇ ဦး၊ ပန်းနာရောဂါစွဲကပ်နေသူ ခင်ပွန်းတို့နှင့်အတူ မိသားစုအိမ်စရိတ်အတွက် ရှာဖွေနိုင်ခဲ့သော်လည်း သားဖြစ်သူ၏ ပြဿနာကို ဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ဒေါ်ဟာစီနားက ရှင်းပြသည်။

“ကလေးတွေကို အလုပ်ရှာဖို့ လှေနဲ့ ထည့်လိုက်ချင်ပေမဲ့ လူပွဲစားတွေလက်ထဲကို ရောက်သွားမှာ စိုးတာနဲ့ မလုပ်ရဲဘူး” ဟု ဒေါ်ဟာစီနားက ပြောသည်။

မြန်မာနိုင်ငံအတွင်း မကြာသေးမီနှစ်များက လူမျိုးရေးအကြမ်းဖက်မှု၊ အသားအရောင်ခွဲခြားမှုကဲ့သို့သော ပြဿနာတို့ကြောင့် ရိုဟင်ဂျာအများအပြား ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲမှ အများအပြားသည် လူကုန်ကူးသူတို့၏ လက်တွင်းသို့ ရောက်သွားပြီး အချို့မှာ ငွေနှင့် လာမရွေးပါက သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ရရှိခဲ့သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် ရိုဟင်ဂျာအရေအတွက် သိသိသာသာကျဆင်းသွားကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေခြင်း၊ နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်နေရာအများစုအတွက် နေရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

မြန်မာအစိုးရက နိုင်ငံအတွင်းရှိနေသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းခန့်ကို နိုင်ငံသားအသိအမှတ်မပြုဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီများဟုသာ ခေါ်ဝေါ်သုံးစွဲသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း သွားရောက်ခွင့် ပိတ်ပင်ခံထားရပြီး စာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရပေ။

စစ်တွေမြို့ပြင်မှ ဒုက္ခသည်စခန်းအသီးသီးတွင် ဒေါ်ဟာစီနားကဲ့သို့ တွေ့ကြုံခံစားရခဲ့သည့် ဘင်္ဂါလီအများအပြား ရှိနေသည်။ ယင်းအဖြစ်အပျက်များ သူတို့အကြားတွင် တစ်ဆင့်စကားတစ်ဆင့်နား ကြားနေရပြီး ရက်ပေါင်းများစွာ သွားရမည့် လှေစီးခရီးအတွက် သူတို့ စိုးရိမ်နေကြသည်။ မကြာသေးခင်က တွေ့ဆုံ စကားပြောခဲ့ရသည့် ရိုဟင်ဂျာများက ထိုသို့ သွားရမည်ကို ထိတ်လန့်ကြောင်း ပြောသည်။

“ဒီရာသီမှာ အောက်တိုဘာလကစလို့ လှေနည်းနည်းထွက်ခဲ့ပေမဲ့ အခုနှစ်ပိုင်းမှာတော့ ထွက်တဲ့လှေ လုံးဝမရှိပါဘူး။ ထိုင်းအစိုးရက သေသေချာချာ ဖမ်းဆီးနေလို့ လူကုန်ကူးသူတွေ ဝင်လို့မရတာက အဓိကအကြောင်းတစ်ခုပါ။ နောက်တစ်ချက်က မလေးရှားမှာလည်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်” ဟု ရိုဟင်ဂျာများကို အကူအညီပေးနေသော၊ ရွှေ့ပြောင်းသွားလာမှုများကို စောင့်ကြည့်နေသော ရခိုင်စီမံကိန်းမှ Chris Lewa က ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် တန်းစီစောင့်ဆိုင်းနေသည့် ခိုလှုံခွင့်တောင်းခံလာသူများကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်။ ယခုအခါ မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် ၂,၅ဝဝ ခန့် ရှိနေကြောင်း သူက Myanmar Now ကို ရှင်းပြသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေက မှတ်ပုံတင်မရှိသလို အလုပ်လည်း ရှာရတာမလွယ်လို့ အဆင်မပြေကြပါဘူး” ဟု Chris Lewa က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Matthew Smith က ရခိုင်ပြည်နယ်မှ ထွက်ခွာသည့် ရိုဟင်ဂျာ/ဘင်္ဂါလီအရေအတွက် ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း လျှို့ဝှက်စွာ ထွက်ကြသည့် သဘောသဘာဝအရ အရေအတွက်ကို မှန်းဆရန် မလွယ်ကူဟု ဆိုသည်။

ထို့ပြင် လူကုန်ကူးဂိုဏ်းများ ရှိနေသေးသောကြောင့် ၎င်းတို့အနေဖြင့် အခွင့်အရေးရပါက ပြန်လည်လှုပ်ရှားမည့် အလားအလာများလည်း ရှိနေကြောင်း Matthew Smith က ပြောသည်။

မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှိနေသေး

ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစ၍ မွတ်စလင်အများစုအပါအဝင် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းဂဏန်းအထိရှိသော ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်းမှ လှေများဖြင့် ထွက်ခွာသွားခဲ့သည်။

ရှေးဆယ်စုနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်သော ရေလမ်းခရီးကို ခိုင်ခန့်မှုမရှိသည့် လှေများဖြင့် ဖြတ်သန်းကြရာ အများအပြားသည် လူကုန်ကူးသမားတို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

အိုးအိမ်စွန့်ခွာခဲ့ရသူ ၅,၆ဝဝ ခန့်ကို လက်ခံထားရှိသည့် သက်ကယ်ပြင်ကျေးရွာတွင် ၎င်းတို့အများစု နေထိုင်ပြီး နေ့စဉ်ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့်အပြင် ခွဲခြားဆက်ဆံခံရမှုသည် အမြဲတမ်းကြုံတွေ့နေသည့် ပြဿနာဖြစ်လာသည်။

အဆိုပါ မိသားစုများမှ ကလေးများသည် ဒုက္ခသည်စခန်းအနီးရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် တက်နေပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကျောင်းမရှိသေး။ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရက ဒုက္ခသည်စခန်းများအနီးတွင် ကျောင်း၊ ဆေးခန်းများ ထပ်မံ တည်ဆောက်ထားသည်။

လက်ရှိအစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတချို့က နေရပ်စွန့်ခွာမှုမပြုကြခြင်းမှာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်လက်ထက်တွင် သူတို့အတွက် အခြေအနေကောင်းလာနိုင်မည်ဟု မျှော်လင့်နေကြခြင်းကြောင့် ဖြစ်ကြောင်း Fortify Rights အဖွဲ့မှ Matthew Smith က ရှင်းပြသည်။

“ရခိုင်ပြည်နယ်က မွတ်စလင်တွေက ဒေါ်စုအနေနဲ့ သူတို့အတွက် ပိုကောင်းလာအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု သူက ပြောသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီများကို ခါးခါးသီးသီး ဆန့်ကျင်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသော်လည်း မွတ်စလင်တို့က ယင်းကဲ့သို့ မျှော်လင့်ထားသည်။ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ် မွတ်စလင်တစ်ဦးတစ်ယောက်မျှ မပါဝင်သလို ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် နှိပ်စက်ခံရမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပေ။

အသက် ၆၅ နှစ်အရွယ် ဦးစူလတန်က NLD အစိုးရသည် အပြောင်းအလဲအတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေသည်ဟု ပြောကြားသည်။ စူလတန်သည် တစ်ချိန်က စစ်တွေတွင် တိုက်ဖြင့်နေထိုင်ကာ စီးပွားရေးလုပ်ငန်း သုံးခုရှိခဲ့သော်လည်း ယခုအခါ အဆိုပါ ဘဝအခြေအနေနှင့် များစွာကင်းကွာသွားပြီဟု ဆိုသည်။ ဝေးဝေးလံလံသွားလာရန်လည်း မဖြစ်နိုင်တော့သကဲ့သို့ သူ့သမီးသုံးယောက်ကိုလည်း အခြားသူများကဲ့သို့ အလုပ်သွားလုပ်ခိုင်းမည်မဟုတ်ဟု ပြောသည်။ ယခုအခါ ဦးစူလတန်သည် သူငယ်ချင်းတစ်ယောက် ဝယ်ပေးထားသည့် ဆိုင်ကယ်တစ်စီးဖြင့် ကျပ် ၁၅ဝ တန် သွားတိုက်ဆေးများကို အနီးဝန်းကျင်ရွာများ၊ ဒုက္ခသည်စခန်းများတွင် လှည့်လည်ရောင်းချလျက် အသက်မွေးဝမ်းကျောင်းနေသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်မရခဲ့တာ တကယ်စိတ်မကောင်းပါဘူး။ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဇနီးနှင့် ၂၆ ရက်သား အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအပါအဝင် သမီး ၇ ဦး နံဘေးတွင် ထိုင်နေသည့် ဦးစူလ်တန်ကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရက ရိုဟင်ဂျာတို့၏ တရားဝင်အထောက်အထားလက်မှတ်များကို ပြီးခဲ့သည့် နှစ်အတွင်းက ပြန်သိမ်းသွားခဲ့သောကြောင့် ၎င်းတို့ မဲပေးခွင့်မရတော့သဖြင့် ရိုဟင်ဂျာတို့ကို အကူအညီပေးနေသည့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်ခဲ့သည်။

ဦးစူလ်တန်က “ကျွန်တော်တို့ကို ကူညီတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီကြောင့် ကျွန်တော်တို့ အသက်ရှင်နေရတာပါ။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်ပါတယ်။ အရင်လို နေခဲ့ရတဲ့ ဘဝမျိုးကို ပြန်လိုချင်တယ်” ဟု ပြောသည်။

မတရားခံရမှု ဖြစ်ရပ်များ

လှေနှင့် ခိုးထွက်သည့် ခရီးစဉ်များအတွင်း မတရားခံရမှုဖြစ်ရပ်များကြောင့် သွားလာမှု လျော့ကျသွားသည်။ ၅ နှစ်အောက် ကလေးသုံးယောက်တို့၏ဖခင် ၄၃ နှစ်အရွယ် ဦးဝင်းနိုင်က “လှေပေါ်မှာဖြစ်ဖြစ်၊ ထိုင်းကို ရောက်ရင်ပဲဖြစ်ဖြစ် ကျွန်တော် တစ်စုံတစ်ရာဖြစ်သွားရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေ ဘယ်လိုလုပ်မလဲ။ အဲဒီလို သွားရင်းနဲ့လည်း သေသွားနိုင်တယ်” ဟု ပြောသည်။

ဒေါ်ဟာစီနား၏ အိမ်နီးချင်း ကလေးနှစ်ယောက်ဖခင် အသက် ၂၅ နှစ်အရွယ် ကိုမူလာကလည်း ထိုသို့ စိတ်ကူးမိသည်ဟု ဆိုသည်။ လက်လုပ်လက်စားဘဝကို စွန့်ပြီး ပုံမှန်ဝင်ငွေတစ်ခုရရန် လွန်ခဲ့သည့် သီတင်းခြောက်ပတ်ခန့်က ဒုက္ခသည်စခန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သော်လည်း ဦးဝင်းနိုင်ပြောသည့်အတိုင်း စဉ်းစားမိပြီး အစီအစဉ်ကို ဖျက်လိုက်ကြောင်း Myanmar Now ကို ရှင်းပြသည်။

ယောက်ဖဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သူ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဒုက္ခသည်စခန်းမှ ထွက်သွားသော သူ့ယောက်ဖကို လူပွဲစားက ထိုင်းနိုင်ငံရှိ သားသတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံတွင် ဒေါ်လာ ၈၅ဝ ဖြင့် ရောင်းချခဲ့သည်။

“သူထွက်သွားတုန်းက အင်အားဖြည့် ဘီစကွတ် ၂ ထုပ်ပဲ ပါသွားတယ်။ သူတို့ ထိုင်းကိုရောက်တော့ သားသတ်သမားက ကျွန်တော့်ယောက်ဖ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တာကို သဘောကျသွားတယ်” ဟု ကိုမူလာက ပြောသည်။

လပေါင်းများစွာကြာသော်လည်း စားစရာအနည်းငယ်မှအပ လုပ်ခငွေပေးခြင်းမရှိသောကြောင့် ယောက်ဖဖြစ်သူသည် အလုပ်မှ ထွက်ပြေးပြီး အလုပ်ရှင်သစ်ရှာဖွေခဲ့သည်။ သို့သော်လည်း သားသတ်သမားအလုပ်ရှင်က သူ့ကို ရှာတွေ့သွားပြီး ခြိမ်းခြောက်ကာ ပြန်ခေါ်သွားခဲ့သည်ဟု ကိုမူလာက ပြောသည်။ လွန်ခဲ့သော ငါးလခန့်က ယင်းအဖြစ်အပျက်ကို သူ့ထံမှ နောက်ဆုံးကြားခဲ့ရပြီး ယခုအခါ ငွေလည်း မပို့နိုင်ကြောင်း ရှင်းပြသည်။

“သူ့အဖြစ်အပျက်ကို ကြားရတာ တကယ်ကို ထိတ်လန့်စရာပဲ။ ဒီပုံစံနဲ့ အသက်ရှင်ဖို့ ဘယ်လွယ်မလဲ။ ကျွန်တော့်မှာ ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော်သေရင်တောင် ကျွန်တော့်မိသားစုက အနားမှာ ရှိသေးတယ်” ဟု ကိုမူလာက ပြောသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles