အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာပို့ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည့် အကြောင်းကြားစာအတွက် ဩဂုတ် ၁ ရက်မတိုင်မီ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဆွေးနွေးရန် စစ်ကောင်စီက အစီအစဉ်ရှိနေပြီး ထိုအဖွဲ့ကိုဦးဆောင်ရန် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဇော်ဦးနှင့် စီးပွားကူးသန်း ဒုဝန်ကြီး ဦးမင်းမင်းတိုကိုတာဝန်ပေးထားသည်ဆိုသောသတင်းကို ၎င်းတို့နှစ်ဦးက ငြင်းဆိုသည်။
အမေရိကန် သမ္မတထရမ့်က ယခုလ(ဇူလိုင် ၇ ရက်)တွင် မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းအပါဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံများမှ ကုန်စည်များအပေါ်အခွန်နှုန်းထားတိုးမြှင့်မည့် အကြောင်းကြားစာပေးပို့ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများမှ တင်ပြပါက အခွန်းနှုန်းထားအသက်ဝင်မည့် ရက်ကို သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းချိန်မှစ၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာထံမှ သံတမန်ရေးအရအသိမှတ်အပြုမခံရသည့် စစ်ကောင်စီသည် အခွန်နှုန်းတိုးမြှင့်ကောက်ခံမည့်စာကို ၎င်းတို့ထံဆက်သွယ်သည့်စာသဖွယ်တုန့်ပြန်ပြီး မြန်မာကုန်စည်များကို ၁၀ မှ ၂၀ ရာခိုင်နှုန်း၊ အမေရိကန်ကုန်စည်များကို သုညမှ ၁၀ ရာခိုင်နှုန်းကောက်ရန် အဆိုပြုကာ အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဆွေးနွေးလိုကြောင်းလည်း ဇူလိုင် ၉ ရက်တွင် အကြောင်းပြန်စာပေးပို့ခဲ့သည်။
ထိုအဖွဲ့ကို ဦးဆောင်ရန် ဒေါက်တာဇော်ဦးနှင့် ဦးမင်းမင်းတို့ကို စစ်ကောင်စီက တာဝန်ပေးထားကြောင့် သတင်းများထွက်ပေါ်လာမှုနှင့်ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့က ငြင်းဆိုသည်။
ဒေါက်တာဇော်ဦးက” မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော့်ကိုလည်းတာဝန်ပေးထားခြင်း မရှိပါဘူး။ (ဆွေးနွေးမယ့်အစီစဉ်ကတော့) အဲ့ဒါတော့ စာထဲကအတိုင်းပဲဖြစ်မှာပေါ့နော်။ သမ္မတ ထရမ့်က ပို့ပေးတဲ့စာအရဆိုရင်တော့ ကျွန်တော်တို့ကို ဩဂုတ်လ ၁ ရက်နေ့မတိုင်ခင်မှာ တွေ့ဆုံးဆွေးနွေးဖို့ဆိုတော့ ကျွန်တော်တို့ ဘက်ကလည်း နစက ဥက္ကဋ္ဌကနေ ပြန်ထားတဲ့ စာထဲကအတိုင်းပဲ အဲ့လိုကတော့ စီစဉ်နေကြတာတော့ ရှိမှာပေါ့နော်” ဟု ဆိုသည်။
စစ်ကောင်စီကို အကြံပေးနေသည့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာ ဇော်ဦးသည် မကြာသေးမီက စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ ၎င်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ မေ ၄ ရက်တွင် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း မေ ၃၀ ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
နောက်ထပ် ဦးဆောင်စေလွှတ်မည်ဟုသတင်းထွက်သည့် အာဏာသိမ်း စစ်ကောင်စီခန့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးမင်းမင်းကလည်း အမေရိကန်သွားရောက်မည့်အဖွဲ့ကို ဦးဆောင်ရန် ညွှန်ကြားမှုမရှိသေးကြောင်း ပြောသည်။
“ကျွန်တော့်ဆီတော့ ဘာမှညွှန်ကြားချက်မရှိသေးပါဘူးခင်ဗျာ။ တရားဝင်သွားဖို့ဘာဖို့ ဘာမှ ပြောထားတာမရှိသေးပါဘူး။ (ဆွေးနွေးမယ့်အစီစဉ်) ကျွန်တော်သေချာတော့မသိသေးဘူးဗျ” ဟု ၎င်းက ဆိုသည်။
သမ္မတထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့် နိုင်ငံများထဲပါဝင်ပြီး အိမ်းနီးချင်းဒေသတွင်း နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်အစရှိသည့်နိုင်ငံများသည် အခွန်နှုန်းထားလျှော့ချရန် အမေရိကန်အစိုးရနှင့်ဆွေးနွေးညှိနှိုင်းခဲ့ခြင်းကြောင့် နှုန်းထားလျှော့ရန် သဘောတူညီမှုအချို့ရရှိထားပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းရန်လည်းလိုအပ်ကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။
“ သူတို့ညှိနှိုင်းမှုကလည်း တော်တော်ကို ရှေ့ရောက်နေပြီဆိုတော့ ဒီနိုင်ငံတွေကတော့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ CMP လုပ်ငန်းတွေကို အဓိက လုပ်နေတဲ့နိုင်ငံတွေဖြစ်နေတယ်။ ဖြစ်နေတော့ ကျွန်တော်တို့ အတွက်က ညှိနှိုင်းဖို့လည်းလိုအပ်သလို ကျွန်တော်တို့ရဲ့ ဈေးပြိုင် အပြိုင်အဆိုင်လုပ်နေတဲ့ နိုင်ငံတော်တော်များများကလည်း သူတို့ကုန်သွယ်မှု အခွန်တွေကိုလျှော့ချတဲ့နေရာမှာ ညှိနှိုင်းနိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် ဒီဟာက စိုးရိမ်စရာအနေအထားရှိနေပါတယ်” ဟု သူက ပြောသည်။

မြန်မာနှင့် အမေရိကန်၏ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ရှိပြီး အထူးသဖြင့် ချုပ်လုပ်ပြီး အဝတ်အထည်၊ အိတ်၊ ဖိနပ်၊ အီလက်ထရွန်နစ်ပစ္စည်းနှင့် လယ်ယာထွက်ကုန်များတင်ပို့လျှက်ရှိကာ အမေရိကန်ကုန်ပစ္စည်းများဝယ်ယူမှုနည်းပါးနေကြောင်း ၎င်းက ပြောသည်။
အထည်ချုပ်လုပ်ငန်းတွင် အမျိုးသမီးများအပါဝင် အလုပ်သမားများစွာမှီခိုနေရပြီး ထိုထုတ်ကုန်များကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဆိုပါက ထိခိုက်မှုကြီးမားနိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံတစ်ခုဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ၊ မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရကြောင်း စစ်ကောင်စီက အမေရိကန်အစိုးရထံအကြောင်းပြန်သည့်စာတွင် ရေးသားဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့နိုင်ငံအသီးသီးအပေါ်သို့ ကောက်ခံမည့် အခွန်နှုန်ထားများကို တိုးမြှင့်လျှက်ရှိပြီး ဧပြီလဆန်းက မြန်မာကုန်စည်များကို အခွန် ၄၄ ရာခိုင်နှုန်းကောက်မည်ဟု ကနဦး ထုတ်ပြန်ခဲ့ပြီး ယခုလတွင် ၄၀ ရာခိုင်နှုန်းသို့ ထပ်မံပြောင်းလဲခဲ့သည်။



