ဆောင်းပါး

စစ်၏ကျေးကျွန်များ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်နေတဲ့ လက်ရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ခွင့်မလွှတ်နိုင်စရာဖြစ်နေသလို ပြည်သူနဲ့တပ်မတော်ကြား ပြန်လည်သင့်မြတ်ဖို့ကလည်း လမ်းဆုံးသွားခဲ့ပါပြီ။ မြို့ပြမှာ အာဏာသိမ်းစစ်အုပ်စုကို တော်လှန်နေကြတာဟာ ၂ လ ကျော် ကြာမြင့်နေပြီး အပြစ်မဲ့ပြည်သူသေဆုံးနှုန်းဟာလည်း တိုးလာလျက်ရှိနေပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်ဖြိုခွင်းတဲ့ စစ်တပ်အကြောင်းတွေးမိတိုင်း စက်ဆုပ်ရွံရှာမှုပဲ အတွေးထဲ ပေါ်လာပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ မြို့ပေါ်မှာတင် အကြမ်းဖက်နှိမ်နင်းမှုတွေကို လုပ်နေတာမဟုတ်၊ လူမျိုးစုဒေသတွေမှာလည်း တိုက်လေယာဉ်တွေနဲ့ စစ်မျက်နှာဖွင့်နေပါတယ်။ ကရင်ဒေသ၊ မူတြော်ခရိုင်မှာရှိတဲ့ ကရင်လူထုနေထိုင်တဲ့ ကျေးရွာတွေကို မတ်လ ၂၇ ရက်နေ့ညမှာ ဗုံးလိုက်ကြဲနေခဲ့တာ ယနေ့ထိပင် နေ့စဉ် အဲ့ဒီဒေသကရွာတွေကို ထောက်လှမ်းလျက်ရှိနေပါတယ်။ စစ်အုပ်စုရဲ့ ဗုံးကြဲမှုကနေ လွတ်မြောက်အောင် ပြေးလွှားရှောင်ရှားရင်းမှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးရမိတဲ့ တပ်မတော်စစ်သည်တော် (၈) ဦးနဲ့ စကားပြောရဖို့ အကြောင်းဖန်လာပါတယ်။ မြန်မာ့စစ်တပ်ရဲ့ ရက်စက်မှုတွေကို တွေးမိရင်း အဲ့ဒီစစ်သား (၈)ယောက်နဲ့တွေ့ရင် ငါပြောပစ်၊ မေးပစ်ဦးမယ်လို့ တေးထားလိုက်တော့တာပဲ။ 

ဧပြီလ (၈)ရက်နေ့ မနက်မှာတော့ အမိမြေမှ သားကောင်းများလို့ တပ်မတော်က နာမည်ပေးထားတဲ့ စစ်သည်တော်တွေဆီကို ကျမတို့ချီတက်ခဲ့ကြတယ်။ တောင်ပေါ်လမ်းအကွေ့အကောက် လမ်းကြောင်းတစ်နေရာက တဲအိမ်လေးဆီရောက်တော့ လိုက်ပို့တဲ့သူက ရောက်ပြီဆိုတာနဲ့ ကားပေါ်က ချက်ချင်းဆင်းလိုက်တယ်။ တဲနားထိ လျှောက်သွားပြီး ဟိုကြည့်ဒီကြည့်နဲ့ သူတို့ကို ရှာမတွေ့၊ သူတို့ကို စောင့်ကြည့်နေရတဲ့ KNLA တပ်သားက “သူတို့ အပေါ်မှာ” ဆိုတော့မှ ကျမတို့ တဲပေါ်ကို တက်သွားလိုက်တယ်။ မျက်နှာကြောမာမာထန်ထန်နဲ့ လူတစ်အုပ်စုကို တွေ့ရမယ်လို့ ထင်ထားပေမယ့် လက်တွေ့မှာ တွေ့လိုက်ရတဲ့ စစ်သည်တော်တွေရဲ့မျက်နှာက ရွံ့နေပုံရပေမယ့် အပြုံးတွေနဲ့။ တကယ်ဆိုရင် သူတို့စခန်းကို ရန်သူသိမ်းတာခံရလို့ စိတ်ဆိုးနာကြည်းနေရမှာ မဟုတ်ဘူးလား၊ မြဝတီရုပ်သံက ပြတဲ့ ဇာတ်ကွက်အတိုင်းဆိုရင်ပေါ့။

ဒီလိုနဲ့ ကျမတို့ သူတို့နဲ့စကားပြောဖို့ အစပျိုးမိတ်ဆက်ခဲ့ကြတယ်။ ကျမတို့သိချင်တာလေးတွေကို ပေါ့ပေါ့ပါးပါး ဖြေပေးဖို့နဲ့ ဘာမှ ဟန်ဆောင်စရာမလို၊ စိတ်ထဲရှိတဲ့အတိုင်းပဲ ဖြေဖို့ သူတို့ကို ပြောလိုက်တယ်။ သူတို့ (၈) ယောက်နဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ရာထူးအကြီးဆုံးဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်ဖွား ဗိုလ်ကြီးအောင်စစ်ပိုင် (ကိုယ်ပိုင်အမှတ် – ကြည်း ၅၉၁၄၂) နဲ့အတူ ဒုတပ်ကြပ်ကျော်ဝင်း (ကိုယ်ပိုင်နံပါတ် – တ/၁၂၄၈၆၇) ၊ ဒုတပ်ကြပ်နောင်နောင် (ကိုယ်ပိုင်နံပါတ် – တ/၂၃၁၇၂၂)၊ ဒုတပ်ကြပ်ဇော်မင်း (တ/၂၄၇၄၉၄)၊ တပ်ကြပ်မျိုးမြင့်ထွန်း (ကိုယ်ပိုင်နံပါတ် – တ/ ၁၂၂၇၅၈ )၊ တပ်သားအေးမင်းစိုး (ကိုယ်ပိုင်နံပါတ် – တ/၅၆၀၃၉၃)၊ တပ်သားသန့်စင်ဦး (ကိုယ်ပိုင်နံပါတ် – တ/)၊ တပ်သားနေမျိုးအောင် (ကိုယ်ပိုင်နံပါတ် – တ/ ၅၆၁၅၂၆) တို့ပဲ ဖြစ်တယ်။ 

ဗိုလ်ကြီး၊ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ဒုတပ်ကြပ်တို့ကလွဲရင် ကျန်တဲ့စစ်သည်အားလုံးဟာ အသက်သုံးဆယ်အောက်လူငယ်တွေပါပဲ။ နယ်မြေစိုးမိုးရေးနဲ့ နယ်မြေလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး ကရင်ပြည်နယ် ထီးမူးထာဆိုတဲ့နေရာမှာ စခန်းချနေခဲ့ကြတာ (၉) လ ကျော်လာပြီလို့ ဆိုပါတယ်။ ရောက်ကတည်းကနေ မိသားစုနဲ့ တစ်ခါမှ အဆက်အသွယ်မရကြသလို အခြားဘာဆက်သွယ်ရေးမှလည်း မရှိပါဘူးလို့ ဆိုပါတယ်။ ရှေ့တန်းစစ်စခန်းတွေက တပ်မတော်သားတွေဟာ ပုဂ္ဂိုလ်ရေးဆက်သွယ်ဖို့ ဖုန်းသုံးခွင့်မရှိသလို ဆိုရှယ်မီဒီယာများလည်း သုံးခွင့်မရှိဘူးလို့ ဆိုပါတယ်။ ပြောစရာစကားလုံး ရှာမတွေ့လောက်အောင် ဆိုးသွမ်းရက်စက်တဲ့ တပ်မတော်သားတွေဆိုပေမယ့် တကယ်တမ်းကျတော့ နယ်မြေစိုးမိုးရေးနဲ့ ဒေသလုံခြုံရေးအတွက် ဆိုတာကလွဲပြီး ဘာမှမည်မည်ရရ မပြောတတ်ကြ၊ ပြောမထွက်ကြပါဘူး။ လုံခြုံရေးလို့ ပြောလိုက်ခြင်းအားဖြင့် မလုံခြုံနေတဲ့သဘော၊ အန္တရာယ်တွေ၊ ရန်တွေရှိနေတဲ့သဘော ဖြစ်တာဆိုတော့ ဘယ်လိုအန္တရာယ်မျိုးလဲ၊ ရန်သူကဘယ်သူလဲလို့ မေးတဲ့အခါမှာ မဖြေတတ်ဖြစ်နေကြပါတယ်။ အားနာစရာမလိုဘူး၊ ညွှန်ကြားလိုက်တဲ့အတိုင်းသာ ပြောပါဆိုတော့ ဘာမှတော့ မပြောလိုက်ပါဘူး၊ ကျွန်တော်တို့က စစ်သားဆိုတော့ အထက်ကလူကြီးတွေ ညွှန်ကြားတဲ့အတိုင်း လုပ်ကြတာပါတဲ့။ ရန်သူမရှိလည်း နယ်မြေစိုးမိုးရေးအတွက် နေရတာပါပဲတဲ့။ 

စစ်တက္ကသိုလ် (၃) နှစ်တက်ခဲ့တဲ့ ဗိုလ်ကြီးအောင်စစ်ပိုင်ဟာ အပတ်စဉ် (၅၃) ကျောင်းဆင်းတစ်ယောက် ဖြစ်ပါတယ်။ ခမရ (၃၄၉) နဲ့အတူ ထီးမူးထာစခန်းမှာ (၉) လတာအတွင်း အဓိကကတော့ စားဝတ်နေရေးအတွက် ထင်းခွေ၊ ရေခပ်ကလွဲရင် စစ်ရေးစစ်ရာ ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဘယ်လိုခံစားရလဲ မေးကြည့်တဲ့အခါမှာတော့ မိသားစုနဲ့ဝေးနေတာ၊ အဆက်အသွယ်မရဘူး၊ ဒီလောက်ပါပဲတဲ့။ အခုလို အဖမ်းခံထားရတာကို မိသားစုက သတင်းရလောက်ပြီလားလို့ မေးတဲ့အခါမှာ “မသိဘူးလေ” လို့ ပြန်ဖြေပါတယ်။ အမိန့်အတိုင်း ဒီလိုနေရာမျိုးမှာ ဒီပုံအတိုင်း လာနေရတာဟာ သင်ထားတဲ့ပညာ၊ အောင်ထားတဲ့အတန်းတွေနဲ့ နှိုင်းယှဉ်စဉ်းစားရင် တန်သလားလို့ မေးတဲ့အခါ တန်တယ်မတန်ဘူးဆိုတာတော့ မရှိပါဘူး၊ စစ်သားဆိုတော့ ပေးတဲ့အမိန့်ကို တာဝန်ကျေအောင်လုပ်ရတာပါပဲတဲ့။ လူသားတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက်က ဘာလဲ၊ ဘာအတွက် အသက်ရှင်နေရတာလဲတောင် တစ်ခါမှ စဉ်းစားမိကြပုံမပေါ်ပါ။ အထက်အမိန့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျက်စိမှိတ်၊ ထမင်းစားရင်း လူ့ဘဝကို ဖြတ်သန်းကြရတဲ့ သာမန်လူသားတွေပါပဲ၊ ကျမမျက်လုံးထဲမှာ စစ်သည်လို့တောင် မမြင်မိတော့ပါ။

ဗိုလ်ကြီးအောင်စစ်ပိုင်ဟာ စစ်တက္ကသိုလ်က ဆင်းဆင်းချင်းမှာ ကချင်ပြည်နယ် မိုးကောင်းမှာရှိတဲ့ ခလရ (၇၄) မှာ ပထမဦးဆုံး တာဝန်ကျခဲ့သူဖြစ်ပါတယ်။ စစ်တက္ကသိုလ်တက်ခဲ့စဉ်က အသုံးချသင်္ချာကို လေ့လာဆည်းပူးခဲ့ပါတယ်။ ဘာသာရပ်တွေထဲမှာ ဒီမိုကရေစီကိုရော သင်ခဲ့ရပါသလားလို့ မေးကြည့်တော့ မသင်ရပါဘူးတဲ့။ ဒီမိုကရေစီကိုရော ဘယ်လိုနားလည်ပါသလဲဆိုတော့ အချုပ်အချယ်မရှိ၊ လွတ်လွတ်လပ်လပ်နဲ့ လူ့အခွင့်အရေးနဲ့အညီ လူတမ်းစေ့နေနိုင်တာမျိုးလို့ နားလည်ပါတယ်ဆိုပြီး ဖြေတယ်။ လူ့အခွင့်အရေးကိုရော ဘယ်လိုနားလည်သလဲ မေးတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ၊ ရထိုက်တာရရင်တော့ လူ့အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်တဲ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုရာမှာ မိသားစုနဲ့အတူတူ အေးအေးဆေးဆေးနေရတာမျိုးဆို ကောင်းပါတယ်တဲ့၊၊ အဲ့ဒါကို အခွင့်အရေးလို့ မယူဆဘူးလားဆိုတော့ စစ်သားဆိုတော့ အခွင့်အရေးဆိုတာတော့ မဟုတ်ဘူးပေါ့လေလို့ ပြောတယ်။ ဗိုလ်ကြီးအောင်စစ်ပိုင်မှာ ၂ နှစ်ခွဲသားလေး ကုဋေဘုန်းသိုက်ဆိုတာ ရှိပါတယ်။ ပဲခူးတိုင်း၊ ပြည်တစ်ဖက်ကမ်းက ထုံးဘိုဇာတိဖြစ်ပါတယ်။

ဗိုလ်ကြီးအောင်စစ်ပိုင်လိုပဲ တပ်ကြပ်မျိုးမြင့်ထွန်းနဲ့ ဒုတပ်ကြပ်ဇော်မင်းတို့ဟာလည်း သားသမီးနှစ်ဦးစီနဲ့ ဖခင်တွေဖြစ်ကြပါတယ်။ ခမရ (၃၄၉) နဲ့အတူ ထီးမူထာစခန်းထဲမှာပဲ မိသားစုနဲ့ ဘာအဆက်အသွယ်မှ မရရှိဘဲ ထင်းခွေ၊ရေခပ်၊ ထမင်းချက် စတာတွေနဲ့ နေ့စဉ်ရက်ဆက် (၉) လကျော် အချိန်ကုန်နေခဲ့ကြတာဖြစ်တယ်။ တပ်ကြပ်မျိုးမြင့်ထွန်းကတော့ အသက် (၃၇) နှစ်အရွယ် စစ်မှုထမ်းသက် (၂၂) နှစ်နဲ့ ဆေးမှူးတာဝန်ယူခဲ့သူဖြစ်ပြီး တောင်ဒဂုံ (ရွာသာကြီး) သားဖြစ်ပါတယ်။ သမီးမိန်းကလေး မွေးတယ်လို့ပဲ သတင်းကြားပြီး ထီးမူးထာစခန်းရောက်ကတည်းက ဘာအဆက်အသွယ်မှမရှိတော့တာမို့ ခုထိ မတွေ့ရသေးဘူး ဆိုပါတယ်။ 

ဒုတပ်ကြပ်ဇော်မင်းကတော့ အသက် (၂၂) မှာ စစ်တပ်ထဲ ဝင်ခဲ့ပြီး စစ်မှုထမ်းသက် (၁၉) နှစ် ရှိပြီဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုသားဖြစ်ပြီး တပ်ထဲမှာတော့ ဆက်သွယ်ရေး (စက်) တာဝန်ယူရပါတယ်။ အထက်တန်းတက်ရမယ့် သမီးတစ်ယောက်နဲ့ သားငယ်တစ်ယောက်ရှိပြီး မိသားစုက ရွှေကျင် (ကျောက်ကြီး) မှာ နေထိုင်ပါတယ်။ ဆက်သွယ်ရေးတာဝန်ရဲ့ သဘောတရားအရ (၁၅) မိနစ်ကနေ (၄၅) မိနစ်တိုင်းမှာ ဆက်သွယ်ရတဲ့အတွက် အိပ်ချိန်က မရှိသလောက်ပဲလို့ ပြောပါတယ်။ ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံတာ လုံးဝမရှိဘဲ တပ်ကနေ တစ်လတစ်ခါ ပို့လာတဲ့ ရိက္ခာကိုပဲ စားသောက်နေတာဖြစ်ကြောင်း ပြောပါတယ်။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး မေးကြည့်တော့ –

“ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုတာတွေကို လုံးဝနားမလည်ပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ ကိုယ့်လစာ ကိုယ်ချွေတာသုံး၊ စစ်တပ်ကထွက်ရင် ဘဝမရှိဘူးဆိုတာပဲ။ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမခံစားရဘူး၊ မငြိမ်းချမ်းဘူး၊ ပိုဆိုးလာတာပဲ ရှိတယ်။ စစ်တပ်ကိုလည်း ဘယ်တော့မှ မပြန်ချင်တော့ဘူး။ ပြန်ပို့ခံရရင် ထောင်ချရင်ချ၊ မချရင် သတ်ကြမှာပဲ။ မိသားစုကိုလည်း ထုံးစံအတိုင်း စစ်တန်းလျားကနေ မောင်းချကြမှာပါပဲ” လို့ ပြောပါတယ်။ 

ကုန်းငယ်ကလေး (၃) ကုန်းပေါ်က ထီးမူထာစခန်းဟာ အဆင့် (၃) ဆင့်ပုံသဏ္ဌာန် ဆောက်ထားတာဖြစ်ပြီး KNLA က စခန်းကို တက်သိမ်းတဲ့မနက်မှာ ဒုတပ်ကြပ်ဇော်မင်းက အလယ်ကုန်းမှာ တာဝန်ကျတဲ့လူဖြစ်နေလို့ ကျန်လူတွေ ဘယ်လိုရှိတယ်ဆိုတာကို မသိရ၊ ကိုယ်တိုင်လည်း ခံပစ်ဖို့ ရည်ရွယ်ချက်မရှိတော့လို့ တမင်အဖမ်းခံလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုကို ဆက်သွယ်ချင်သလား မေးတော့ သူကဆက်သွယ်လာတာကိုသိရင် မိသားစုကို သူလျှိုလို့ စွပ်စွဲပြီး ဖမ်းဆီးနိုင်တယ်လို့ ပြောတယ်။ ထီးမူးထာစခန်းထဲက စခန်းမကျခင်အခြေအနေ ပြောပြပါဆိုတော့ –

“နေ့တိုင်း ဆက်သွယ်ရေးအတွက် စက်နားထောင်နေရတယ်၊ ထိတွေ့ဆက်ဆံတာ၊ ဆက်သွယ်တာတွေမရှိလို့ ကျွန်တော်တို့စခန်းကို ရွှေ့ဖို့၊ ဆုတ်ဖို့ တောင်းဆိုထားတယ်ဆိုတာကိုလည်း မသိဘူး။ စခန်းကနေဆို သံလွင်မြစ်ပဲ မြင်ရတယ်။ ထမင်းဟင်းကို သုံးရက်တစ်ခါပဲ ချက်စားတာ။ မီးတွေ့ရင် KNU ဘက်က ပစ်ပစ်နေတော့ နေ့တိုင်း ချက်မစားရဲဘူး။  ဖြစ်နေတဲ့အခက်အခဲတွေ အထက်ကို တင်ပြရင်လည်း ဒီလိုပဲနေခိုင်းတယ်။ ကျွန်တော်တို့ခေါင်းဆောင်ဆို တစ်ယောက်ထွက်ရင် တစ်ယောက်ပစ်သတ်မယ်လို့ကို ပြောထားတာ။ KNU က လာတိုက်မှာကိုပဲ စောင့်နေရတာပဲ။ တကယ်ဆို ကျနော်တို့အများစုက စိတ်ဓာတ်တွေ ကျနေတယ်။ ဒီထက်ကြာလာရင် အလောင်းလာကောက်ရုံပဲရှိတယ်။ နေ့စဉ် ကျွန်တော်တို့တွေးတာကတော့ အသက်မသေရင် မိသားစုနဲ့ ပြန်တွေ့ရမှာပဲပေါ့” လို့ လွတ်လပ်ပေါ့ပါးစွာ ပြောနေပါတော့တယ်။ သူဟာ စခန်းကျတာတောင် ၀ဋ်ကျွတ်သွားတယ်လို့ မြင်နေပုံပါပဲ။ 

ထီးမူးထာစခန်းရဲ့ စခန်းမှူးက ဗိုလ်မှူးမောင်မောင်ထွေးဟန်က အသက် (၃၇) နှစ်ဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် (၄၅) ဆင်းတစ်ဦးဖြစ်ပါတယ်။ ထီးမူးထာစခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ကြပ်ဇော်မင်း နံဘေးမှာ ကျဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ 

ဒုတပ်ကြပ်ကျော်ဝင်းကတော့ ဘိုကလေး၊ မြစ်ဝကျွန်းပေါ်သားဖြစ်ပြီး အသက် (၄၁) နှစ်မှာ စစ်သက် (၂၂) နှစ်နဲ့ သားတစ်ယောက်ဖခင်ဖြစ်ပြီး လောလောဆယ် မိသားစုက ရွှေကျင် (ကျောက်ကြီး) မှာ ရှိနေတာပါ။ 

(၈) ဦးထဲမှာ အသက်အကြီးဆုံးကတော့  (၄၄ နှစ်) အရွယ် ဒုတပ်ကြပ်နောင်နောင် ဖြစ်ပါတယ်။ တွံတေးဇာတိဖြစ်ပြီး စစ်သက် (၁၈) နှစ်နဲ့ မိသားစုသုံးယောက် ကျောက်ကြီး၊ ပဲခူးတိုင်းမှာ နေထိုင်သူ ဖြစ်တယ်။

ကျန်တဲ့တပ်သားတွေထဲက အသက် (၂၂) နှစ်အရွယ် ကရင်/ဗမာကပြား မင်းအေးစိုးကတော့ မုတ္တမဇာတိဖြစ်ပြီး လက်ထပ်ပြီးနောက်တစ်ရက်မှာပဲ ထီးမူးထာစခန်းကို ရောက်လာတာဖြစ်တယ်။ ဘာအဆက်အသွယ်မှ လုပ်လို့မရတဲ့အတွက် အမျိုးသမီးက ဘယ်မှာဘယ်ပုံ ရှိနေလဲ မသိပါဘူးလို့ ရယ်ပြီးပြောပြတယ်။ အသက်လည်းငယ်သေးတဲ့အတွက် စစ်သက်ကလည်း (၂) နှစ်ပဲ ရှိပါသေးတယ်။  

နောက်တစ်ဦးကတော့ အသားဖြူဖြူနဲ့ မန္တလေးသား သန့်ဇင်ဦးဖြစ်ပါတယ်။ အသက် (၂၀) ဖြစ်ပြီး သင်တန်းပြီးတာနဲ့ ထီးမူးထာစခန်းကို ရောက်လာတာဖြစ်ပြီး စစ်မှုထမ်းသက် (၁) နှစ်ပဲ ရှိပါသေးတယ်။ မှုန်တေတေမျက်နှာထားက သူရောက်နေတဲ့လောကကို အတော်စိတ်ကုန်နေပုံပေါ်ပါတယ်။ သူ့ကို ဘာမေးမေး ဘာမှပြောချင်စိတ်မရှိဘူးလို့ပဲ ဖြေတယ်။ ပြောလည်း တပ်က နားထောင်မှာမဟုတ်ဘူး၊ လုပ်ချင်တာ လုပ်နေမှာပဲလို့လည်း ဆိုတယ်။  

နောက်ဆုံးတစ်ယောက်ကတော့ ညောင်ကုန်းရွာ၊ ဟင်္သာတနယ်သား အသက် (၂၄) နှစ်အရွယ် နေမျိုးအောင်ဖြစ်ပါတယ်။ သန့်ဇင်ဦးလိုပဲ သင်တန်းတက်ပြီးတာနဲ့ ထီးမူးထာစခန်းရောက်လာပြီး အဲ့ဒီမှာပဲ စစ်မှုထမ်းသက် (၁) နှစ်ပြည့်တာဖြစ်ပေမယ့် နေမျိုးအောင်ကတော့ ပြုံးပြုံးရယ်ရယ်နဲ့ အခြားလူတွေထက်ပိုပြီး သက်သောင့်သက်သာရှိပုံရတယ်။ သူဆိုရင် ညဘက် စိတ်ညစ်လို့ လမ်းလျှောက်ရင်း တပ်မတော်က စုဆောင်းတာခံခဲ့ရတာလို့ ပြောပြပါတယ်။  

ဖမ်းဆီးရမိထားတဲ့ တပ်မတော်က စစ်သား (၈) ယောက်နဲ့ စကားပြောရခြင်းဟာ တကယ်တော့ မျှော်လင့်ချက်မဲ့နေတဲ့၊ လမ်းဆုံးနေတဲ့ လူတွေနဲ့ စကားပြောရတာဖြစ်သလို ကိုယ့်ကိုလည်း စိတ်မောလူမောဖြစ်စေတဲ့ အတွေ့အကြုံမျိုးပါ။ ယိုယွင်းညံ့ဖျင်းတဲ့ ပညာရေးစနစ်ရဲ့ သားကောင်ဖြစ်နေကြတဲ့အတွက် အတွေးအခေါ်၊ ခံယူချက်တွေ နက်နက်ရှိုင်းရှိုင်း မရှိလှတာကတစ်မျိုး၊ တစ်ဖက်မှာ စနစ်တကျ ဝါဒဖြန့်ရိုက်သွင်းထားတဲ့ လွဲမှားတဲ့ အတွေးအခေါ်အယူအဆနဲ့ အမြင်တွေကလည်း အများကြီး ပြဿနာရှိနေတာကို တွေ့ရတယ်။ ဥပမာ လူ့အခွင့်အရေး၊ ဒီမိုကရေစီစတာတွေကို သိနားလည်မှု မရှိတာကအစ၊ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကာလထဲမှာ မြန်မာ့တပ်မတော်ရဲ့ မူဝါဒ၊ လုပ်ဆောင်ချက်တွေနဲ့ သက်ရောက်မှုအတိမ်အနက်တွေကို သိမနေကြတာ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားနယ်မြေတွေထဲက လူမျိုးစုတွေရဲ့ အနေအထားနဲ့ အတွေ့အကြုံတွေကို နားမလည်တာ၊ ရိုဟင်ဂျာဆိုတာ သိလည်းမသိ၊ မရှိဘူးလို့ယူဆ၊ ရှိတယ်ဆိုလည်း ကြားဖူးသလောက်ဆို လက်မခံနိုင်ဘူးဆိုပြီးဖြစ်နေတာ၊ ဘာဖြစ်လို့လဲမေးကြည့်တော့ သူတို့က ကုလားတွေ၊ လူလိုက်သတ်နေတာ ဆိုတာကလွဲပြီး ဘာမှမည်မည်ရရ မဖြေတတ်တာတွေ၊ နောက်ဆုံးမှာ သူတို့တပ်မတော်ကြီးရဲ့ စစ်အင်အား ဘယ်လောက်လောက်ရှိမယ်ထင်သလဲ မေးကြည့်မှ အသေအချာတော့မသိ၊ (၇) သိန်းလောက် ရှိမယ်ထင်တယ်၊ အတော်တော့ကြီးတယ်ဆိုတဲ့ အထင်တွေနဲ့ တပ်ထဲမှာ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်နေတဲ့ တပ်သားတွေဖြစ်နေကြတယ်။

တပ်မတော်ထဲကို ပြန်သွားချင်သလား မေးတော့ တစ်ယောက်တစ်လေကမှ သွားချင်တယ် မပြောပါဘူး။ သူတို့တွေကို တပ်မတော်က ပြန်တောင်းနေတဲ့အကြောင်း ပြောပြတော့ ပြန်ပို့ရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေဆိုပြီး စိတ်လျှော့တဲ့လေသံနဲ့ ဆိုလာတယ်။ ဒါပေမယ့် သူတို့တွေကို နိုင်ငံတကာဥပဒေတွေ၊ စစ်ဥပဒေတွေအရ အဓမ္မပြန်ပို့ခြင်းတော့ မလုပ်ဘူးဆိုတဲ့အကြောင်းနဲ့  စစ်သုံ့ပန်းများဆိုင်ရာကိစ္စတွေမှာ တာဝန်ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းလက်ထဲကို သေသေချာချာ အပ်နှံပေးနိုင်ဖို့၊ အကောင်းဆုံးစီစဉ်ဖို့ အဖွဲ့အစည်းကတာဝန်ရှိသူတွေ ပြောထားကြောင်း ပြောပြကြတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက လင်းလာသလိုလို၊ မျှော်လင့်စရာအကြောင်းရှိလာတော့ မျက်လုံးတွေက  ပိုတောက်နေသလိုလို။ 

အဆုံးမသတ်ခင်မှာတော့ သူတို့ကို နောက်မေးခွန်းတစ်ခု မေးပါတယ်။ အဲ့ဒီမေးခွန်းကတော့ လက်ရှိ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းထားတာ သိပါသလားဆိုတဲ့ မေးခွန်းပါပဲ။ အင်တာနက် သုံးစွဲခွင့်မရလို့ အထက်က သူတို့ အာဏာသိမ်းထားတယ်ဆိုတာ  လက်အောက်ငယ်သားဖြစ်တဲ့ သူတို့ကို မပြောပြပါဘူးတဲ့။ တော်တော်အံ့သြစရာကောင်းတဲ့ ဖက်ဆစ်တပ်မတော်ပါပဲ။ ကိုယ့်ကိုသစ္စာခံတဲ့ စစ်သည်တော်တွေကို ကျွန်ပြုရုံသက်သက် အသုံးချပြီး သူတို့ကို ဘာမှ ပေးမသိဘူး။ တပ်မတော်က နှိမ်နင်းလို့ ဦးခေါင်းပစ်ခံရတဲ့ လူငယ်လေးတွေပုံကို သူတို့ (၈) ဦးကို ပြတဲ့အခါ စုတ်တသပ်သပ်နဲ့ စိတ်မကောင်း၊ အံ့ဩတဲ့ ပုံရိပ်တွေ သူတို့မျက်နှာမှာ တွေ့ရပါတယ်။ တပ်မတော်ရဲ့ မျက်နှာဖုံးအစစ်ကို သူတို့ သိသွားမယ်လို့လည်း မျှော်လင့်မိပါတယ်။ 

ကျမတို့စကားဝိုင်းလေး လက်စမသတ်ခင်မှာပဲ ရှေ့တန်းစစ်မြေပြင်က အခြားတပ်စခန်းတွေမှာ ရှိနေသေးတဲ့ တပ်မတော်သားတွေအတွက်၊ တပ်မတော်အတွက်နဲ့  မြန်မာနိုင်ငံကြီးအတွက် သူတို့ရဲ့ သဘောထားမျှော်လင့်ချက်တွေ မျှဝေပေးဖို့ပြောတော့ သန့်ဇင်ဦးကလွဲပြီး အားလုံးက တပ်ထဲမှာ ရှင်ရတာသာ ခက်ပြီး သေဖို့လွယ်နေလို့ စစ်သည်တွေ ကိုယ့်အသက်ကို တန်ဖိုးထားကြဖို့၊ ပြည်သူချစ်တဲ့ တပ်မတော်ပဲဖြစ်စေချင်တာနဲ့ စစ်မက်တွေ မဖြစ်နေဘူး၊ ငြိမ်းချမ်းနေမယ်ဆို အကောင်းဆုံးပါပဲလို့ ပြောကြတယ်။ ရှေ့တန်းမှာ ကျဆုံးသွားတာဖြစ်ဖြစ်၊ ဖမ်းခံရတာဖြစ်ဖြစ် အဲ့ဒီစစ်သည်တော်တွေရဲ့ တန်းလျားမှာ ကျန်ရှိခဲ့တဲ့ မိသားစုတွေကို တာဝန်မယူဘဲ မောင်းချလိုက်တဲ့ တပ်မတော်ဟာ ခုလောက်ဆို သူတို့မိသားစုကိုလည်း မောင်းချလိုက်လို့ ဘယ်ရောက်သွားပြီလဲ မသိတော့ပါဘူးဆိုတဲ့ အဖြေကတော့ စိတ်မကောင်းစရာပါပဲ။ 

သူတို့ဟာ ခုဆို တပ်ထဲကို တစ်ယောက်မှ ပြန်မသွားချင်ကြတော့ဘဲ၊ တတ်နိုင်ရင် မိသားစုနဲ့ အေးအေးလူလူ ပြန်နေလိုတဲ့အကြောင်း ပြောတယ်။ အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာကို မိသားစုကိုတော့ သိစေချင်တဲ့အကြောင်း၊ သူတို့လုံခြုံရေးအတွက် အဆင်ပြေတဲ့အခါမှပဲ အဆက်အသွယ်လုပ်ပါ့မယ်ဆိုတဲ့အကြောင်း ပြောကြရင်းနဲ့ ကျမတို့စကားဝိုင်းလေးကို သိမ်းပြီး သူတို့ကို နှုတ်ဆက်ခဲ့ကြတယ်။ 

ကျမရဲ့အတွေးထဲမှာ ဖြစ်ပေါ်လာတာကတော့ အာဏာသိမ်းစစ်အုပ်စုဟာ ဘယ်လောက်ပဲ ပြင်းထန်တဲ့မာန်မာနတွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေပါစေ၊ သူ့လက်အောက်ငယ်သားတွေကို အမိန့်တစ်ခုတည်းနဲ့ ရေရှည်မထိန်းနိုင်တော့ဘူးဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်စခန်းသိမ်းခံရမှုအပေါ် ဗိုလ်ကြီးအောင်စစ်ပိုင်ရဲ့ အဖြေက သက်သေပါပဲ။ တပ်စခန်းသိမ်းခံရတာ ဘယ်လိုခံစားရလဲလို့ သူ့ကို မေးတဲ့အခါ “ကံပေါ့၊ ဖြစ်ချိန်တန်လို့ဖြစ်တာပဲ” လို့ ဖြေပါတယ်။ တပ်မတော်သားတွေ  အောက်ခြေမှာ ဘယ်လောက်တောင် စိတ်ဓာတ်ပြိုလဲနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါဟာ ကျမရဲ့ ဧပြီလ (၈) ရက်နေ့က မြန်မာ့တပ်မတော်က စစ်သည်တော်များနဲ့ တစ်နေ့တာစကားဝိုင်းပဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button