စီးပွားရေး

ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ဘီလျံချီ ကျဆင်း

စစ်အာဏာသိမ်းမှုကြောင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ကျဆင်း‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စစ်အာဏာသိမ်းယူထားသည့် ယခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ဧပြီ ၂ အထိ ပို့ကုန်နှင့် သွင်းကုန် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်နှင့်ယှဉ်ပါက ၄ ဒသမ ၅ ဘီလျံကျော် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉- ၂၀ ဘဏ္ဍာနှစ်က အမေရိကန်‌ဒေါ်လာ ၂၀ ဒသမ ၃ ဘီလျံကျော် ကုန်သွယ်နိုင်ပြီး ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလျံကျော်သာ ကုန်သွယ်နိုင်သဖြင့် ကုန်သွယ်မှုပမာဏ ၄ ဒသမ ၅ ဘီလျံ‌ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။

လယ်ယာထွက်ကုန်မှလွဲ၍ ပို့ကုန်များဖြစ်သည့် တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားထွက်ကုန်များအားလုံး တင်ပို့မှုကျဆင်းနေပြီး သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းတင်သွင်းမှုများမှာ ဘက်ပေါင်းစုံမှ ကျဆင်းသွားသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လက်ခစားအထည်ချုပ်နှင့် ပို့ကုန်လုပ်ငန်းများ စတင်ထိခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းယူပြီးနောက် ဘဏ်များပိတ်ထားခြင်း၊ အစိုးရဝန်ထမ်းများ CDM တွင်ပါဝင်ခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ်မှုတို့ကြောင့် ကုန်သွယ်မှုကျဆင်းခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပို့ကုန် အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၇ ဘီလျံနှင့် သွင်းကုန် ၂ ဒသမ ၈ ဘီလျံကျဆင်းခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ပို့ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများရပ်တန့်လျက်ရှိနေပြီး လုပ်ငန်းအကြီး၊ အသေးအားလုံးမှာ ဝင်ငွေရလမ်းမရှိဖြစ်‌နေသည်ဟု စားသောက်ကုန်တင်ပို့နေသည့် အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။

ပြည်ပသို့ပို့ကုန်များတင်ပို့ရောင်းချရာတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဟူ၍ ခွဲခြားထားပြီး အစိုးရကို တိုက်ရိုက်အကျိုးအမြတ်ရရှိစေသည့် သတ္တု၊ သစ်တော၊ သဘာဝဓာတ်ငွေ့ စသည့် တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်သာရရှိပြီး ယခင်နှစ်နှင့်ယှဉ်လျှင် ဝင်ငွေ ၁ ဒသမ ၂ ဘီလျံကျော် လျော့နည်းသွားကြောင်း စာရင်းဇယားများတွင် တွေ့ရသည်။

နိုင်ငံခြားဝင်ငွေအဓိကရှာပေးသည့် ပို့ကုန်လုပ်ငန်းများထိခိုက်ခြင်းကြောင့် ပြည်တွင်းသို့ စီးဝင်မည့် ‌အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကြေးများထိခိုက်လာပြီး မြန်မာကျပ်‌ငွေတန်ဖိုး ကျဆင်းလာကာ တစ်ပြိုင်တည်းတွင် ပြည်ပမှ ဝယ်ယူသုံးစွဲရသည့် ကုန်စည်များ ဈေးနှုန်းမြင့်တက်လာလျက်ရှိသည်။ 

မြန်မာနိုင်ငံအ‌နေဖြင့် ပြည်ပသွင်းကုန်များကို အဓိကမှီခိုနေရပြီး လောင်စာဆီရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ကုန်စည်သယ်ယူစရိတ်မြင့်တက်လာကာ ကုန်ဈေးနှုန်းများလည်း တစ်နေ့တခြား မြင့်တက်လျက်ရှိ‌သည်။

သို့သော် စစ်အာဏာသိမ်းမှုကြောင့် ပို့ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများရပ်တန့်လျက်ရှိနေပြီး လုပ်ငန်းအကြီး၊ အသေးအားလုံးမှာ ဝင်ငွေရလမ်းမရှိဖြစ်‌နေသည်ဟု စားသောက်ကုန်တင်ပို့နေသည့် အဆိုပါလုပ်ငန်းရှင်က ဆက်ပြောသည်။

“စီးပွား‌ရေးက တော်တော်ကို ဘုံးဘုံးလဲတာ။ အကျိုးဆက်တွေကအများကြီးပဲ။  အစ်ကိုတို့လို လုပ်ငန်းရှင်ငယ်လေးတွေ ဘုံးဘုံးလဲရင် အစ်ကိုတို့ကို Suppliers လုပ်နေတဲ့ တောင်သူတွေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးရပ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေးဒဏ်ခတ်မှုများရှိနေသဖြင့် အနာဂတ်ကုန်သွယ်မှုလုပ်ငန်းများ ပြိုလဲတော့မည့်အ‌ခြေအနေနှင့် ရင်ဆိုင်ရနိုင်ပြီး တစ်ဆက်တည်းတွင် ကုန်ထုတ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း မရေရာမှုအန္တရာယ်နှင့် ကြုံနိုင်ကြောင်း ၎င်းက ကောက်ချက်ချသည်။

စစ်ကောင်စီနှင့် ပူးပေါင်းပါက ဆန့်ကျင်ကန့်ကွက်ခံရခြင်းနှင့် လူမှုရေးအရဒဏ်ခတ်ခြင်း (Social Punishment) များ ရင်ဆိုင်ရမည်ကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဦးဆောင်စီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်ကြောင့်ကြလျက်ရှိသည်ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။ 

“ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတယ်။ နစက (စစ်ကောင်စီ) ကလည်း ဖိအားတွေပေးတယ်။ သူတို့ဘာလုပ်ရမလဲ မသိတဲ့ အနေအထားတစ်ခုမှာ သူတို့လုပ်ငန်းတွေ ရပ်ထားလိုက်တဲ့ အနေအထားတွေပါတယ်” ဟု အမည်မ‌ဖော်လိုသည့် အဆိုပါပို့ကုန်လုပ်ငန်းရှင်က ပြောသည်။

Show More

Related Articles

Back to top button