အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အရပ်သားသေဆုံးမှု ကာကွယ်ရန် စစ်မဲ့ဇုန်သတ်မှတ်ပေးရေး IEC တောင်းဆို

ကရင်နီဒေသအတွင်း စစ်မဲ့ဇုန်တစ်ခုသတ်မှတ်ပေးရန် ကရင်နီတော်လှန်ရေးအင်အားစု၏ အဖွဲ့အစည်း ဖြစ်သော ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က စစ်ကောင်စီနှင့်နိုင်ငံတကာအဖွဲ့အစည်း များကို တောင်းဆိုလိုက်သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဒဏ်ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုကို ကာကွယ်နိုင်ရေးအတွက် စစ်မဲ့ဇုန်သတ်မှတ်ပေးရန် ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ယမန်နေ့ (ဇူလိုင် ၉) တွင် တောင်းဆိုလိုက်သည်။

စစ်ရေး၊ နိုင်ငံရေးကြားတွင် မြေစာပင်ဖြစ်နေသည့် အရပ်သားပြည်သူများအား ကာကွယ်ရန် အရေးကြီး နေ၍ စစ်ကောင်စီနှင့်နိုင်ငံတကာအဖွဲ့အစည်းများအား သတင်းပေးလိုခြင်းဖြစ်သည်ဟု IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။

“အခုနောက်ပိုင်း သေဆုံးမှုကို ကြည့်ရင်၊ ဆုံးရှုံးမှုကို ကြည့်ရင် အရပ်သားတွေ အများဆုံး ဖြစ်တယ်ပေါ့ ။ လေယာဉ်ဗုံးကြဲတဲ့နေရာတွေကို ကြည့်ရင် တိုက်ပွဲနဲ့ နီးတဲ့အရပ် မဟုတ်ဘူးပေါ့။ တိုက်ပွဲနဲ့ အတော်ကို ဝေးတဲ့အရပ်တွေ ဖြစ်တယ်” 

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၉ ရက်နေ့အထိ ခြောက်လကျော်ကာလအတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနှင့် ကယားပြည်နယ်အတွင်း၌ စစ်ကောင် စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု နှင့်မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အရပ်သား ၆၂ ဦး သေဆုံးခဲ့သည်ဟု IEC က ဆိုသည်။

လေကြောင်း တိုက်ခိုက်ခံမှုကြောင့် သေဆုံးသူများတွင် ကလေးငယ် နှစ်ဦး ပါဝင်ပြီး၊ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ကိုးဦး၊ ကျားမအတည်ပြု၍ မရသူ ခုနစ်ဦး ပါဝင်သည်ဟုဖော်ပြထားသည်။

လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းကြောင့် ထိခိုက်သေဆုံးသူများတွင် ကလေးငယ် ခြောက်ဦး၊ အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး သုံးဦး ပါဝင်သည်ဟု ဆိုသည်။ ခြောက်လအတွင်း ကလေးငယ် ၁၃ ဦးအပါအဝင် စုစုပေါင်း ၂၀၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အများစုမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသည်။

ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) သည် ကရင်နီ ဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ များ၊ အရပ်သားဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန် တော်လှန်ရေးအင်အားစုများက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ 

အရပ်သားပစ်မှတ်များဖြစ်သည့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များအား လေကြောင်းမှ ဦးတည်တိုက်ခိုက်မှု လျော့ကျစေရန်၊ စစ်ကောင်စီတပ်အတွက် လေယာဉ်ဆီ ရရှိသည့် လမ်းကြောင်းများအားဖြတ်တောက်နိုင်ရန် နိုင်ငံတကာအဖွဲ့ အစည်းများမှ အာရုံစိုက်ပေးရန် လိုကြောင်း ကိုဗညားက ဆိုသည်။

“လွယ်တော့ မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အရပ်သားတွေကို ကာကွယ်ဖို့က ဒီလိုပဲ တောင်းဆို မှ ရမဲ့အခြေအနေဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့တွေဘက်ကလည်း ကူညီပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၅ ဇွန်လ အထိ အရပ်သား ၇၅၇ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၈၀ ဦး ရှိပြီး၊ စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၇၇ ဦး အထိရှိသည်ဟု PKPF က ဆိုသည်။

PKPF သည် စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းမှ အရပ်သားများ၏ လူ့အခွင့်ရေးချိုးဖောက်ခံရမှုများအား လစဉ်မှတ်တမ်းတင်နေသည့်အဖွဲ့ဖြစ်သည်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအများစုမှာ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ကယားပြည်နယ် ဒီးမော့ဆို၊ မော်ချီးဒေသနှင့် ဖားဆောင်းမြို့နယ် များမှ ဖြစ်သည်ဟု ဆိုသည်။

ကရင်နီတော်လှန်ရေးတပ်များ၏ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားသည့် မြို့အများအပြားအနက် ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့အား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်တပ် (PNA) ပူးပေါင်းတပ်ဖွဲ့က ဇွန်လကုန်ပိုင်းတွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ အလားတူ လွိုင်ကော်မြို့ကိုလည်း ပြန် လည်သိမ်းပိုက်ခဲ့သည်။ 

စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည့်သူ့စစ် (PNA) စစ်ကြောင်းများသည်  ရှမ်း-ကယားနယ်စပ်များထိ ထပ်မံ စစ်ကြောင်းထိုးနေ၍ အဆိုပါဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

တိုက်ပွဲကြောင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှ ဒုက္ခသည် ၄၀,၀၀၀ ကျော်သည် ကယားပြည်နယ် ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်အတွင်းသို့ ထွက်ပြေးနေရပြီး၊ အကူအညီများ လိုအပ် နေသည်ဟု ဒုက္ခသည်အရေးကူညီပေးသူများက ဆိုသည်။

ယခင်အစိုးရအဆက်ဆက်က ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးတွင် မိုးဗြဲမြို့နှင့် ဖယ်ခုံ တို့ကို ထည့်သွင်းထားသော်လည်း ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ကမူ ကရင်နီပြည်နယ် ၏ အစိတ်အပိုင်းမြို့နယ်အဖြစ် ၂၀၂၄ ခုနှစ်တွင် သတ်မှတ်ထားသည်။

စစ်ကောင်စီမူ တော်လှန်ရေးအင်အားစုများ နယ်မြေအများစု စိုးမိုးထားသော ကရင်နီဒေသကို ပြန်လည် ထိန်းချုပ်နိုင်ရန် မြေပြင်စစ်ကြောင်းများထိုးကာ ပြန်လည်ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီသည် ကရင်နီဒေသ၏အဓိက ဝင်ပေါက်လမ်းများဖြစ်သော လွိုင်ကော်-မိုးဗြဲလမ်းကို ပြန် ထိန်းချုပ်ရန် ကြိုးပမ်းနေပြီး PNA/PNO အကူအညီဖြင့် ဆီဆိုင်-လွိုင်ကော်လမ်းကိုလည်း ထိန်းချုပ်ထား သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button