အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝန်ထမ်းမိသားစုများနိုင်ငံခြားထွက်ခွင့်စစ်ကောင်စီပိတ်ပင်

နိုင်ငံကူးလတ်မှတ်(Passport)ကိုင်ဆောင်ခွင့် နှင့် နိုင်ငံခြားထွက်ခွင့် ရလိုသည့် စစ်ကောင်စီဝန်ထမ်းများ၏ မိသားစုဝင်များသည် ဌာနဆိုင်ရာအကြီးအကဲနှင့် စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီး၏ ပြည်ပထွက်ခွာခွင့်ပြုရန် သဘောတူကြောင်း ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။

ဝန်ထမ်းမိသားစုများအား နိုင်ငံခြားထွက်ခွာခွင့်နှင့် နိုင်ငံကူးလတ်မှတ်ဟုခေါ်သည့် Passport ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီက ဇွန်လကုန်ပိုင်းမှစတင်ပြီး ပိတ်ပင်လိုက်ပြီဟု နေပြည်တော်မှ စစ်ကောင်စီ ဝန်ထမ်းများ ထံမှသိရသည်။

Non-CDM ဟုခေါ်သည့် စစ်ကောင်စီ၏ဝန်ထမ်း မိသားစုဝင်များသည် ခွင့်ပြုချက်မရပါက ပညာသင်ရန်နှင့် ဆေးကုသရန်အပါအဝင် မည်သည့်အကြောင်းနှင့်မှ နိုင်ငံခြားထွက်ခွင့်မပြုဟု Myanmar Now ကရရှိသည့် စစ်ကောင်စီ၏အမိန့်ကဆိုသည်။

ယင်းကန့်သတ်ချက်တွင် စစ်ကောင်စီဝန်ထမ်းများ၏ ဇနီး(သို့)ခင်ပွန်း၊ သားသမီးများ အကျုံးဝင်ပြီး မိဘနှင့် ညီအကိုမောင်နှမများကတော့ ကင်းလွတ်ခွင့်ရသည်ဟု Myanmar Now နှင့် စကားပြောခွင့်ရသည့် သတင်းအရင်းအမြစ်တို့ကရှင်းပြသည်။

စစ်ကောင်စီသည် ယခင်က၎င်းတို့လက်အောက်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်သားနှင့်ရဲကဲ့သို့သော လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ထိုတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များကို နိုင်ငံခြားထွက်ခွင့်ကန့်သတ်သည့် မူဝါဒကို ကျင့်သုံးသည်။ 

သို့သော် ဌာနဆိုင်ရာဝန်ထမ်းများ၏ မိသားစုဝင်များကို နိုင်ငံရပ်ခြားထွက်ခွာခွင့်ကို ကန့်သတ်ခြင်းက ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်ဟု စစ်ကောင်စီ ဝန်ထမ်းများကဆိုသည်။ 

နိုင်ငံကူးလတ်မှတ်(Passport)ကိုင်ဆောင်ခွင့် နှင့် နိုင်ငံခြားထွက်ခွင့် ရလိုသည့် စစ်ကောင်စီဝန်ထမ်းများ၏ မိသားစုဝင်များသည် ပထမအဆင့်အနေဖြင့် ဌာနဆိုင်ရာအကြီးအကဲနှင့် စစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီး၏ ပြည်ပထွက်ခွာခွင့်ပြုရန် သဘောတူကြောင်း ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။ 

ဒုတိယအဆင့်အနေဖြင့် ယင်းထောက်ခံချက်ကို စစ်ခေါင်းဆောင်ကြီးကြပ်သည့် စစ်ကောင်စီရုံးက စိစစ်မည်ဖြစ်သည်။

အထက်ပါအချက်များနှင့် ကိုက်ညီသူများကိုသာ စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံကူးလတ်မှတ် ထုတ်ပေးရုံး (Passport) ရုံးက နိုင်ငံကူးလတ်မှတ်ဟုခေါ်သည့် Passport ကိုထုတ်ပေးမည်ဟု သိရသည်။

စစ်ကောင်စီက မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ကန့်သတ်သည်ကို မသိရသော်လည်း မိသားစုဝင်များကိုပါ ထိန်းချုပ်ရန်ကြိုးစားနေသည်ကို စိတ်ပျက်မိကြောင်း နေပြည်တော်မှ စစ်ကောင်စီဝန်ထမ်း ဌာနဆိုင်ရာ အရာရှိတစ်ဦးကပြောသည်။

“ဝန်ထမ်းတွေ အရင်ကတည်းက ပြည်ပထွက်ရင် ဌာနခွင့်ပြုချက်ယူရတယ်၊ ညွှန်ချုပ်တွေ ဝန်ကြီးတွေတောင် အထက်ကိုတင် ခွင့်ပြုမှ ထွက်ရတာပဲ၊ ပြီးတော့ ကိုယ်ပိုင် ပတ်စ်ပို့စ်စာအုပ်တွေကိုလည်းဌာနက လူကြီးတွေဆီ အပ်ထားရတာ၊ ပြည်ပကို သွားပြီး ဆေးကုကု၊ အလည်သွားသွား အဲအချိန်ကျမှ ပတ်စို့စာအုပ်နဲ့ သွားဖို့ ခွင့်ပြုချက်တင်ရတာ၊ ကျတော်လုပ်ခဲ့တဲ့ ဌာန နှစ်ခုစလုံးမှာတော့ အဲအတိုင်းပဲ၊ ခုက မိသားစုဝင်တွေကို ကန့်သတ်လာတာဆိုတော့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ ဝန်ထမ်းမိသားစုတွေကို ထိန်းချုပ်ပြီး ပြည်ပ အလွယ်တကူထွက်မရအောင်လို့ပဲ” ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရအဆက်ဆက်၏ သတ်မှတ်ချက်များအရ ဌာနဆိုင်ရာဝန်ထမ်းများသည် ပြည်ပထွက်ခွာခွင့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောတူညီချက်ရရန် လိုအပ်သည်။ ဝန်ထမ်းများအတွက် နိုင်ငံကူးလတ်မှတ်ကို သာမန်အရပ်သားများကိုထုတ်ပေးသည့် အနီရောင်စာအုပ်အစား အထူးနိုင်ငံကူးလက်မှတ် (Passport for Official) ဟုခေါ်သည့် စာအုပ်အစိမ်းရောင်ကို အသုံးပြုသည်။

ထိုအထူးနိုင်ငံကူးလက်မှတ်ကိုလည်း နိုင်ငံခြားထွက်မှသာ ဝန်ထမ်းများကိုင်ဆောင်ခွင့်ရှိပြီး ပြည်တွင်းပြန်ရောက်ချိန်တွင် သက်ဆိုင်ရာဌာနသို့ ပြန်လည်အပ်နှံထားရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်အာဏာသိမ်းပြီးနောက် သိန်းနှင့်ချီသည့် လူငယ်များသည် စစ်ကောင်စီကို တွန်းလှန်ရန် လက်နက်ကိုင်အဖွဲ့များဆီ ဝင်ရောက်သွားကြပြီး၊ နည်းလမ်းမျိုးစုံဖြင့် ပြည်ပကိုထွက်ခွာသွားသူ၊၊ ထွက်ခွာရန် ကြိုးစားနေကြများလည်းရှိကြသည်။

အထူးသဖြင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည့် ၂၀၂၄၊ ဖေဖော်ဝါရီလနောက်ပိုင်းကစပြီး ပြည်ပထွက်ဖို့ ကြိုးပမ်းသည့် လူငယ်များ ပိုမိုများပြားလာသည်။

ထို့အတူ စစ်ကောင်စီ၏ ဝန်ထမ်းမိသားစုဝင်များသည်လည်း ပြည်ပသို့ထွက်ခွာရန် ကြိုးစားနေကြပြီး၊ ငွေကြေးချမ်းသာသည့် ဝန်ထမ်းနှင့်မိသားစုအချို့သည့်  အလည်အပတ်ဗီဇာဖြင့် မိသားစုလိုက်ပြည်ပထွက်ပြီး ပြန်မလာကြသည့် ဖြစ်ရပ်များလည်းရှိသည်ဟု နေပြည်တော်ဝန်ထမ်းများကဆိုသည်။

Related Articles

Back to top button