ဆောင်းပါး

သမိုင်းဝင်တဲ့ လွှတ်တော်အခင်းအကျင်းသစ်

ရန်ကုန် – ရာစုနှစ်ထက်ဝက်ကျော် စစ်တပ်ကကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ကို တနင်္လာနေ့မှာ စတင်ဖို့ ပြင်ဆင်နေပြီး အဲဒီနေ့ဟာ နိုင်ငံရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ်။

၁၉၆၂ ခုနှစ်မှာ စစ်တပ်ကနေ ပါလီမန် ဒီမိုကရေစီအစိုးရဆီက အာဏာသိမ်းပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ချုပ်ချယ်လာခဲ့ရာကနေ အငြင်းပွားစရာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရအဖြစ် ပြောင်းလဲရာမှာလည်း စစ်တပ် ကျောထောက်နောက်ခံ ပြုထားတဲ့ပါတီကြီးက လွှတ်တော်ကို လွှမ်းမိုးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ စစ်အစိုးရကို နှစ်ပေါင်း ၂ဝ ကျော် အန်တုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ်နိုင်တဲ့အတွက် ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ကို အားကောင်းမောင်းသန်နဲ့ မောင်းနှင်နိုင်တော့မှာပါ။

လွှတ်တော်အမတ် နေရာ ၄၄ဝ သတ်မှတ်ထားတဲ့ ပြည်သူ့လွှတ်တော်အတွက် ၂၅၅ နေရာ၊ ၂၂၄ နေရာ သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်အတွက်လည်း ၁၃၅ နေရာ အနိုင်ရခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ အစိုးရအဖွဲ့သစ် ဖွဲ့တော့မှာပါ။

သမ္မတ ဘယ်သူဖြစ်မလဲ မှန်းဆခြင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ သားနှစ်ဦး ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတဲ့အချက်ကြောင့် အခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ သူက သမ္မတ တာဝန် ထမ်းဆောင်ခွင့်မရရင်တောင် ပေါ်ပေါက်လာမယ့် သမ္မတအထက်ကနေ တိုင်းပြည်ကို ဦးဆောင်သွားမယ်လို့ လူသိထင်ရှား ပြောပြခဲ့ဖူးပါတယ်။

NLD က ဘယ်သူ့ကို သမ္မတအဖြစ် တင်မြှောက်မလဲဆိုတာက လူထုကြားမှာ အသိချင်ဆုံးကိစ္စဖြစ်နေပါတယ်။

သူသမ္မတဖြစ်ခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပုဒ်မ ၅၉(စ) ကို ငါးနှစ်တာ ဆိုင်းငံ့နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ယူနိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပိုင်ဆိုင်ထားတာပါ။

အခုလို သမိုင်းတွင်တဲ့ အပြောင်းအလဲတစ်ခုဖြစ်လာပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တစ်ခုခုကို ပြင်ဆင်မယ်ဆိုရင်တောင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ခွင့်ရှိမှာဖြစ်တဲ့အတွက် စစ်တပ်ဟာ လွှတ်တော်အတွင်းမှာ ဗီတိုအာဏာကို ဆက်လက်စွဲကိုင်ထားနိုင်သလို ဖြစ်နေပါတယ်။

NLD ပါတီရဲ့ ကြွေးကြော်ထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ်စနစ်စတဲ့ ဟာတွေရဲ့ အချုပ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ စစ်တပ်နဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ အဓိက ဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာတွေကိုလည်း စစ်တပ် ရဲ့လက်အောက်မှာရှိနေသလို တိုင်းပြည်ရဲ့အရေးကြီးဆုံးနေရာဖြစ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့နေရာမှာ အဖွဲ့ဝင် ၁၁ နေ ရာမှာ စစ်တပ်က ၆ နေရာအထိ ပိုင်ဆိုင်ထားခဲ့တာကလည်း လာမယ့်အစိုးရအတွက် အဓိကစိန်ခေါ်မှုဖြစ်နေဆဲပါ။

လွှတ်တော်ကိုယ်စားလှယ်သစ်တွေက လွှတ်တော်အဖွင့်အတွက် သဘာပတိတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်ပြီး သူကပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကတွေကို ရွေးချယ် ရေးအဆင့်ကို ပြုလုပ်ပေးရမှာပါ။

NLD က လွှတ်တော်ကြီးနှစ်ရပ် ဥက္ကဋ္ဌတွေအဖြစ် ပါတီဝင်အမတ်တွေကိုပဲ တာဝန်ပေးမယ်၊ ပြည်သူ့လွှတ်တော်အတွက် ရှေ့နေ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်အတွက် ဦးမန်းဝင်းခိုင်သန်းတို့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ထားရာကနေ ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီသတင်းကို အတည်ပြု ကြေညာလိုက်ပါတယ်။ ဦးမန်းဝင်းခိုင်သန်းက မြန်မာ့လွတ်လပ်ရေး အာဇာနည်တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေးဖြစ်ပါတယ်။

ဒုဥက္ကဋ္ဌတွေအဖြစ် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီဝင် ကချင်တိုင်းရင်းသား လွှတ်တော်အမတ် ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်အတွက် ရခိုင် အမျိုးသားပါတီ မှ ဦးအေးသာအောင်တို့ကို လျာထားတယ်လို့ ပြောလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ်က စတင်ခဲ့တဲ့ လွှတ်တော်ဟာ စစ်တပ်သြဇာလွှမ်းမိုးတာကြောင့် လွှတ်တော် အစပိုင်းမှာ အသက် များစွာ မဝင်ခဲ့ပေမယ့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီက ကိုယ်စားလှယ်တွေဝင်ရောက် လာချိန်ကစပြီး လွှတ်တော်ရဲ့ အင်္ဂါရပ်နဲ့ တဖြည်းဖြည်းနီးစပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရအဖွဲ့ကို ပြန်လှန်ထိန်းကျောင်းနေရင် လွှတ်တော်နာယကနဲ့ အစိုးရတို့ကြားမှာ ပွတ်တိုက်မှုတွေတောင်ဖြစ်ပျက်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လွှတ်တော်ရဲ့ ဥပဒေပြုရေးဆောင်ရွက်ချက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းတဲ့ ဥပဒေတွေ၊ ဥပဒေပြင်ဆင်ချက်တွေ၊ ဖြည့်စွက်ချက်တွေဟာ အားနည်းခဲ့ပြီးတော့ အစိုးရဌာနတွေကတင်ပြတာကိုပဲ ကိုယ်စားလှယ်တွေက အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အကျိုးပိုဖြစ်ထွန်းမယ့် ဥပဒေမျိုးတွေ ထွက်ပေါ်လာတာနည်းခဲ့ပြီး အစိုးရကို ပိုအကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေ များပြားခဲ့တယ်၊ နောင်မှာတော့ လွှတ်တော်က ပိုမို မြိုင်ဆိုင်လာနိုင်မှာဖြစ်သလို အဲဒီလိုဖြစ်လာဖို့လည်း မျှော်လင့်တယ်လို့ Tampadipa Institute မှ နိုင်ငံရေးအကဲခတ် ဦးခင်ဇော်ဝင်းက သုံးသပ်ပါတယ်။

“တစ်ဖက်မှာ ဒီမိုကရေစီက ပိုအားကောင်းလာနိုင်ပါတယ်။ တစ်ဖက်မှာတော့ ဗဟုစနစ်က အားနည်းသွားတယ်။ ဒီမိုကရေစီစနစ်တစ်ခုမှာ ပါတီတစ်ခုက အားကောင်းကောင်းနဲ့ လွှမ်းမိုးတာကလည်း အန္တရာယ်များပါတယ်။ ကောင်းတာလည်းဖြစ်နိုင်သလို ဆိုးတာလဲ ဖြစ်နိုင်တယ်” လို့ သူက ပြောပြတယ်။

“ဒါပေမယ့် ကျွန်တော့်အနေနဲ့ စိတ်ပူတယ်။ လွှတ်တော်ရော အစိုးရကို လူတစ်ယောက်တည်းက ထိန်းချုပ်ထားတာ။ သူကထိုင်ဆိုထိုင်၊ ထဆိုထ လုပ်နေရတဲ့သူတွေက သူမကြိုက်တာကို ပြောရဲပါ့မလား”

ပြည်သူတချို့ကတော့ အရင်အစိုးရလက်ဆက်ဆက်ရဲ့ လုပ်ဆောင်ချက်တွေ၊ စစ်တပ်အာဏာကို မလျှော့ချနိုင်သေးတာတွေကြောင့် NLD ပါတီဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အများကြီးဆောင်ရွက်နိုင်မှာ မဟုတ်သေးဘူးလို့ သုံးသပ်ကြပါတယ်။

“ကျွန်တော်တို့ ပြည်သူတွေကတော့ အပြောင်းအလဲကို မျှော်လင့်တာပေါ့ဗျာ။ ပြည်တွင်းငြိမ်းချမ်းရေးကစပြီးတော့ ပြည်သူတွေရဲ့ ပညာရေး၊ အလုပ်အကိုင်တွေအဆုံးပေါ့” လို့ ဓာတုဗေဒဘွဲ့ရ လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇေယျာလင်းက ပြောပါတယ်။

“NLD ဟာ သူ့ပါတီတွင်း ပြုပြင်ရေးတွေ လုပ်ရမှာဖြစ်သလို အစိုးရဌာနတွေရဲ့ စီမံခန့်ခွဲမှုတွေ၊ တိုင်းပြည်ရဲ့ ငွေကြေး ဖောင်းပွမှုတွေ အများကြီးကို လုပ်ရဦးမှာဆိုတော့ ကျွန်တော်တို့မျှော်လင့်သလောက် လုပ်နိုင်မယ်တော့မထင်ဘူး။ အရင်အစိုးရ လက်ထက်ကထက် ၃ဝ ရာခိုင်နှုန်းလောက် လုပ်နိုင်ရင်ကို NLD အနေနဲ့ အောင်မြင်တယ်လို့ ယူဆရမယ်”

Show More

Related Articles

Back to top button