လူထောင်ချီသေဆုံးသည့် သဘာဝဘေး ငလျင်အပြီးမှာပင် စစ်ကောင်စီက ကရင်ပြည်နယ်အပါအဝင် ဒေသအသီးသီးတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။
စစ်တပ်သည် သဘာဝဘေးကို ခုတုံးလုပ်ကာ ၎င်းတို့အကျိုးအတွက် အစဉ်တစိုက် အသုံးချခဲ့သည်မှာ ၂၀၀၈ခုနှစ်၊ နာဂစ်မုန်တိုင်းကြီးက သက်သေရှိနေကြောင်း၊ နိုင်ငံတကာနှင့် အဖွဲ့အစည်းအားလုံးက သတိပြုသင့်ကြောင်းလည်း KNU ပြောခွင့်ရသူက တိုက်တွန်းသည်။
ငလျင်ဘေးဖြစ်နေသည့်တိုင် ရပ်တန့်မသွားသည့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ၊ ‘ငြိမ်းချမ်းရေး’ ဟု ခေါင်းစဉ်တပ်ထားသော စစ်ကောင်စီ၏ ဟန်ပြဆွေးနွေးပွဲများအပေါ် သဘောထားနှင့် KNU ၏ ဌာနချုပ် တပ်မဟာ ၇နယ်မြေအတွင်းရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ပဒိုစောတောနီး ကို ဆက်သွယ်မေးမြန်းထားသည်။



