အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်မဲမြို့လယ်ခေါင် လေကြောင်းမှ ဗုံးကြဲခံရ၊ သေဆုံးသူ ငါးဦးရှိလာ

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျသည့် မန္တလေး-မူဆယ်လမ်း ပေါ်တွင် တည်ရှိ သော ကျောက်မဲမြို့လယ်ခေါင်ကို ယမန်နေ့ ညနေက ဗုံးကြဲခံရပြီး သေဆုံးသူ ငါးဦးရှိလာကာ ၁၄ ဦး ခန့် ဒဏ်ရာရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့လယ်ခေါင်ကို ယမန်နေ့ (ဇွန်လ ၂၄ ရက်) ညနေ ၅နာရီကျော် အချိန် တွင် စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသည့်အရပ်သား ငါးဦးအထိရှိလာသည်ဟု ဒေသခံ များထံက သိရသည်။

ကျောက်မဲမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် အမှတ်(၇) ရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ တိုက်ခိုက်ရေး လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ညနေတွင် လေးဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု ကျောက်မဲ မြို့ခံတစ်ဦးက ပြောသည်။

“ စံပြထမင်းဆိုင်က အန်တီနဲ့ သားအငယ်ကတော့ နေရာမှာပဲ ဆုံးသွားတယ်။ ကျန်တာက အနီးအနားအိမ် ကလူတွေပဲ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက် သေတယ်။ ဒဏ်ရာ ရတာက ၁၄ ယောက် ရှိ တယ်” ဟု ဆိုသည်။ 

အမှတ်(၇) ရပ်ကွက် စံပြထမင်းဆိုင်၊ အမှတ် (၃) ရပ်ကွက် ဗလီကျောင်းနှင့် လှိုင်ဆေးခန်းအနီး ဗုံးကျ ရောက်ပေါက်ကွဲခဲ့မှုကြောင့် အရပ်သားထိခိုက်မှုများခဲ့ပြီး ယနေ့ (ဇွန် ၂၅) တွင် ရုပ်အလောင်း တစ်လောင်း ထပ်တွေ့သည်ဟု မြို့ခံများက ပြောကြသည်။

“မနေ့ညပိုင်းအထိ သေဆုံးတာက လေးဦးဗျ။ အခုမနက်ပိုင်းမှာ ထပ်ရှာတော့ အလောင်း တစ်လောင်း တွေ့တယ်။ ကျား၊မ အတိအကျ မသိရသေးဘူး။ အပျက်အစီးတွေ ဆက်ရှင်းနေတုန်းပဲ”ဟု ကျောက်မဲမြို့ အမှတ် (၃) ရပ်ကွက် တွင်နေထိုင်သူ မြို့ခံနောက်တစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံထားရသောကြောင့် ယနေ့တွင် ကျောက်မဲ မြို့မဈေးအပါအဝင် ဈေးဆိုင်ခန်းများ ပိတ်ထားပြီး မြို့ခံတချို့ အခြားမြို့များသို့  တိမ်းရှောင်နေကြသည်ဟု သိရသည်။

ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲများမရှိဘဲ အမှတ် (၃)ရပ်ကွက်နှင့် အမှတ်(၇) ရပ်ကွက်များသို့ လေကြောင်း မှ ဗုံးကြဲ ခဲ့၍ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ကလေးငယ် နှစ်ဦးအပါအဝင် ၁၄ ဦး ထိခိုက် ဒဏ်ရာရသည်ဟု တအာင်းတပ် (TNLA) က ဇွန် ၂၄ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကျောက်မဲမြို့အား လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နေ့က ကျောက်မဲမြို့ပေါ် ဗုံးကျရောက်ပေါက်ကွဲထားစဉ်။ (ဓာတ်ပုံ-TNLA)

ကျောက်မဲမြို့ကို ယမန်နှစ် ဩဂုတ်လတွင်  ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA  တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

၂၀၂၄ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေတွင် ကျောက်မဲမြို့၊ အင်ဂျင်းတောင်ရပ်ကွက်အား လေတပ်က ဗုံးကြဲခဲ့ ၍ သီလရှင်များအပါအဝင် အရပ်သား ၁၀ဦး သေဆုံးခဲ့သည်။ 

အလားတူ ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ရာ CDM  သူနာပြုဆရာမ အပါအဝင် နှစ်ဦး သေဆုံးပြီး ဆေးရုံတက်နေသည့် လူနာ ၂၀ ကျော် ဒဏ်ရာရခဲ့ သည်။

ကျောက်မဲမြို့သည်  မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျသည့် မန္တလေး-မူဆယ်လမ်း ပေါ်တွင် တည်ရှိသည်။ 

တရုတ်ဖိအားကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဧပြီလ ၂၈ ရက်မှ ၂၉ ရက်နေ့အတွင်း စစ်ကောင်စီနှင့် တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့တွေ့ဆုံချိန် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုချက်ကို TNLA က လက်မခံသည့်အတွက် ဆွေးနွေးပွဲ အဆင်မပြေဖြစ်ခဲ့ပြီးနောက် TNLA  ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့များကို လေကြောင်းမှ  ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်။

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် တအာင်းအရပ်ဖက်အဖွဲ့ ၅ ဖွဲ့ ၏ ဇွန် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ဇန်နဝါရီလမှ မေလအထိ  TNLA ထိန်းချုပ်ဒေသများအတွင်း စစ်ကောင်စီတပ်၏လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သား ၆၆ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂၇ဦးအပါအဝင် အရပ်သား ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ နှင့် ၁၀ မိုင်ခန့်အကွာရှိ ဉာဏ်တော၊ သရက်ကုန်း၊ နောင်ချိုကြီး၊ တိမ်ပင်လယ် စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့ တို့အကြား ဇွန် ၂၃ ရက်နေ့မှ စတင်ကာ ယနေ့(ဇွန်၂၅) အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား TNLA နှင့် မဟာမိတ်တပ်များက အပြင်းအထန်ခုခံနေကာ တန်ပြန် ထိုးစစ် ဆင်နေသည်ဟု တိုက်ပွဲအခြေအနေသိရှိသည့် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ရာ ကျေးရွာများ သို့ စစ်ကောင်စီတပ်မှ Y12 ၊ တိုက်လေယာဉ်များဖြင့် နေ့စဉ်လာရောက် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု TNLA နှင့်ပူးတွဲကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး (DPLA) က ယနေ့(ဇွန် ၂၅) တွင် သတင်းထုတ်ပြန်ထားသည်။

Related Articles

Back to top button