သတင်း

ဗကသဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ မိတ်ဆွေသုံးဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ မိတ်ဆွေသုံးဦးမှာ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုကျော်ကိုကို၏ချစ်သူ မစုဇာလီရှိန်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမျိုးမြင့်ထွန်း၊ လီဆူအမျိုးသား ကိုငွားဂျာတို့ဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်အသွား နေပြည်တော်အနီး သာဝတ္ထိစစ်ဆေးရေးဂိတ်တွင် ဧပြီ ၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး သုံးရက်ကြာသည်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ၎င်းကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် မိတ်ဆွေများကို ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ကျော်ကိုကိုက Myanmar Now ကို ယမန်နေ့ (ဧပြီ ၈) တွင် ပြောသည်။

“ကျွန်တော့်ကို ဖမ်းမမိလို့ ဖမ်းတာပေါ့။ ဘာမှုနဲ့ဖမ်းထားတယ် မကြေညာသေးဘူး။ ဘယ်မှာထားမှန်းလဲ မသိဘူး။ စစ်ကြောရေးလုပ်နေတယ်လို့ ယူဆရတယ်“ ဟု ၎င်းက ပြောသည်။ 

လူငယ်သုံးဦးသည် ဧပြီ ၅ ရက်တွင် ရန်ကုန်မှ ထွက်လာကာ ညမထွက်ရအမိန့်ကြောင့် တောင်ငူမြို့၌ တစ်ညတည်းခိုပြီး နောက်တစ်ရက် ခရီးဆက်စဉ် နေပြည်တော် သာဝတ္ထိစစ်ဆေးရေးဂိတ်အရောက်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ထွန်း၏ အစ်ကိုက Myanmar Now ကို ပြောသည်။

သာဝတ္ထိဂိတ်တွင် အရပ်ဝတ်များက စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်ကြောင်း အဖမ်းခံရချိန်တွင် ကိုမျိုးမြင့်ထွန်းက ဖုန်းဆက်ပြောပြခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် လုံးဝပြတ်တောက်ခဲ့သည်ဟု ၎င်းက ပြောသည်။

“ပျဉ်းမနားက အသိမိတ်ဆွေတချို့ကနေ တစ်ဆင့်စုံစမ်းနေပေမယ့် အခုထိ ဘယ်နေရာခေါ်သွားမှန်း သေချာမသိရသေးသလို အဆက်အသွယ်လည်း မရသေးပါဘူး” ဟု ကိုမျိုးမြင့်ထွန်း၏ အစ်ကိုက ပြောသည်။ 

ကိုကျော်ကိုကို၏ချစ်သူ မစုဇာလီရှိန်းသည် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီတွင် Sales Executive အဖြစ် လုပ်ကိုင်နေသူဖြစ်ကာ ဈေးကွက်အရောင်းမြှင့်တင်ရေးတာဝန်ဖြင့် လွိုင်ကော်သို့ သွားရောက်ခြင်းဖြစ်ကြောင်း ကိုမျိုးမြင့်ထွန်းနှင့် ကိုငွားဂျာတို့မှာ မစုဇာလီရှိန်း၏ မိတ်ဆွေများဖြစ်ကြောင်း ကိုကျော်ကိုကိုက ပြောသည်။   

ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုကျော်ကိုကိုသည် အာဏာသိမ်းစစ်ကောင်စီ၏ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် မတ်လဆန်းပိုင်းတွင် ဖမ်းဝရမ်းထုတ်ထားခံရသူဖြစ်သည်။ 

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အဖွဲ့ဝင်ဖြစ်သူ ကိုကျော်ကိုကိုသည် မတ်လ ၃ ရက်က တာမွေမြို့နယ် GSC သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြိုခွင်းစဉ် ရိုက်နှက်ဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် ဦးဆောင်သူများကို ဖမ်းဆီးရာတွင် ကာယကံရှင်များကို ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် ၎င်းနှင့်ဆက်စပ်သူများ၊ မိသားစုဝင်များကိုပါ ဖမ်းဆီးခြင်းများပြုလုပ်နေသည်။ 

ဧပြီ ၅ ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် ၄ နှစ်အရွယ် သမီးငယ်အပါအဝင် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

Related Articles

Back to top button