
စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ရဟန်းတစ်ပါးအပါအဝင် ဒဏ်ရာရရှိသူ ၂၀ ခန့်ရှိကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းက ယနေ့ (ဧပြီ ၇) ည ၁၀ နာရီအချိန်တွင် Myanmar Now ကို အတည်ပြုသည်။
“လောလောဆယ် အတည်ပြုနိုင်တာက ၇ ယောက်ပါ။ ဒဏ်ရာရတာက ၁၅ ယောက်လောက် ရှိတယ်။ (သေဆုံးသူတွေ) ဗိုက်ထိ၊ ရင်ညွန့်ထိ၊ ဆီးခုံထိတွေပါ” ဟု အဆိုပါ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင် သောင်းနှင့်ချီသော ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ရက်ဆက် ဆန္ဒပြခဲ့ရာ ယနေ့တွင် ပထမဆုံးအကြိမ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။
ယနေ့ ညနေပိုင်းတွင် တန့်ဆည်မြို့ရှိ ဆန္ဒပြပြည်သူများကို ဖြိုခွင်းရန် စစ်ကား ၃ စီး မြို့တွင်း ရောက်လာရာ လူထုက မြို့တွင်းအဝင်မခံဘဲ သဲအိတ်များဖြင့် ပိတ်ပင်ထားခဲ့သည်။ ထိုသို့ ပိတ်ထားခဲ့ရာမှ စစ်တပ်နှင့် မြို့ခံများ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
“ရေဦးဘက်ကနေ စစ်ကား သုံးစီးလာတာကို တန့်ဆည်မြို့အဝင်ကနေ ပြည်သူက သဲအိတ်တွေနဲ့ တားတာကနေ တိုက်ပွဲဖြစ်တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီကျော်အထိ စနိုက်ပါသမားများအပါအဝင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဒေသခံများကလည်း တူမီးသေနတ်အချို့ဖြင့် ပြန်လည်ခုခံခဲ့ကြသည်။
“ဟိုဘက် (စစ်ကောင်စီတပ်)က စနိုက်ပါနဲ့ ပစ်နေတာ” ဟု အခင်းဖြစ်ပွားရာတွင် ရှိနေသူတစ်ဦးကလည်း Myanmar Now ကို ပြောသည်။
သေဆုံးသူ ၇ ဦးလုံးမှာ အမျိုးသားများဖြစ်ပြီး ၃ ဦးမှာ အသက် ၃၀ ဝန်းကျင်ဖြစ်ကာ ဦးခေါင်းနှင့် ရင်ညွန့်တွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
တန့်ဆည်မြို့ကို ဖြိုခွင်းရန် စစ်ကား ၃ စီး ထပ်မံရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့် က စနိုက်ပါအပြင် ရိုင်ဖယ်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
တန့်ဆည်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆန္ဒပြပွဲများတွင် ဆရာတော်သံဃာတော်များ၊ မြို့သူမြို့သားများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများအပြင် တန့်ဆည်မြို့နယ်အတွင်း ကျေးရွာအသီးသီးမှ သပိတ်စစ်ကြောင်းများလည်း မြို့ပေါ်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌လည်း တာဟန်းပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် အရပ်သားပြည်သူ ၁၁ ဦးအထိ ကျဆုံးခဲ့ရသည်။
ပဲခူးတိုင်း ပဲခူးမြို့တွင်လည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရာ ယနေ့တွင် စစ်ကောင်စီလက်ချက်ကြောင့် စုစုပေါင်း သေဆုံး၂၀ ဦးအထိ ရှိခဲ့သည်။