အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်ကျောက်ကုမ္ပဏီများအား မီးရှို့နေသည့် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ဖားကန့်မြို့ကို ခြေကုပ်ယူနိုင်ရေး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းနေမှုတွင် ဒေသခံ ၂၀ နီးပါး သေဆုံးထားသလို ကျောက်မျက်ကုမ္ပဏီများလည်း မီးရှို့ဖျက်ဆီးခံနေရသည်၊ စစ်ကြောင်းထိုးနေသော စစ်တပ်ကို KIA,KPDF များကလည်း ကြားဖြတ်တိုက်ခိုက်နေသည်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ (ဇွန် ၉) မွန်းလွဲပိုင်းက ကျောက်ကုမ္ပဏီများကို မီးရှို့ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများရှိကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)ထံက သိရသည်။

ဖားကန့်မြို့အရှေ့ဘက် လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာဘက်ရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုကို မီးရှို့ ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်များက ၄၀ မမ လက်နက်ကြီးများ၊ ဒရုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ကုမ္ပဏီတွေကို မီးရှို့တဲ့ စစ်ကြောင်းက အဲဒီဘက်မှာ ညအိပ်တယ်၊ ညအိပ်တဲ့ စစ်ကြောင်းက ကုဋေဘက် ကို ဝင်လာတော့ ကျွန်တော်တို့ ပိုင်နက်နယ်မြေထဲဝင်တဲ့အတွက် အဲဒီမှာ ကျွန်တော်တို့ ဒရုန်းဗုံးသီးချတယ်၊ ပြီးတော့ ၄၀ မီလီနဲ့ ၆ ချက်လောက်ဆော်ထည့်လိုက်တာ ကွက်တိထိတယ်” ဟု KPDF တာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ အနည်းဆုံး ၃ ဦးရှိပြီး ဒဏ်ရာရသူများလည်းရှိကာ တိုက်ပွဲအပြီး လူနာ တင်ကားဖြင့် သေဆုံး၊ ဒဏ်ရာရသူများကို ကယ်ထုတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ဆေးရုံကားဖြင့် အဆိုပါ ထိခိုက်၊ သေဆုံးသူများကို ကယ်ထုတ်သွားကြောင်း မျက်မြင်ဒေသခံများ ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးကလည်း အတည်ပြု သည်။

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်ကလည်း ဖားကန့်မြို့အရှေ့ဘက်ရှိ  တောက်ပကြယ် ကျောက်ကုမ္ပဏီကို မီး ရှို့ပြီး ကထန်မှော်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို KIA, KPDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ သေးသည်။

အဆိုပါ တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီတပ်မှ ၁၀ ဦးဝန်းကျင်ခန့် သေဆုံးသည်ဟု သတင်းထွက်ပေါ် နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက် ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း တိုက်ပွဲအသေးစိတ်အခြေအနေနှင့် ထိခိုက်သေဆုံးမှုများ မသိရ သေးကြောင်း ပြောသည်။

“စကစ တွေ အပြင်ထွက်လှုပ်ရှားတာကို ကြားဖြတ်တိုက်ခိုက်တယ်လို့တော့ ပြောတယ်။ ၁၀ ယောက် ဝန်းကျင်လောက်တော ကျမယ်ဆိုပြီးမှတော့ လိုင်းပေါ်မှာတော့ တွေ့ရတယ်။ ဒါပေမယ့် (အတည်ပြု) Confirm လုပ်တဲ့ သတင်းတွေတော့မရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ထို့နေ့ တစ်ရက်တည်းတွင် ဖားကန့် မှော်စီစာကျေးရွာရှိ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးမှာ ရွာထဲရှိ “ သစ္စာ”လက်ဖက်ရည်ဆိုင်အတွင်း နံနက်စာစားနေစဉ် သေနတ်သမားများ၏ ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ 

အဆိုပါ ပစ်ခတ်မှုအတွက် KIA, KPDF အဖွဲ့က ထုတ်ပြန်အတည်ပြုချင်းမရှိ‌သေးသော်လည်း ဒေသခံတချို့ က KPDF များ၏ ပစ်ခတ်မှုဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

ယနေ့ ဇွန် ၁၀ ရက်က တွေ့ရသော ဖားကန့် မှော်စီစာလမ်းမကြီး။ (ဓာတ်ပုံ- Tarlin mg)

ယနေ့ နံနက်တွင်မူ စစ်ကောင်စီစစ်ကြောင်းတချို့ လုံးခင်းကျေးရွာနှင့် အနီးအနားရွာများဘက် စစ်ကြောင်း ထိုးနေပြီး ဒေသခံများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

လက်ရှိတွင် ဖားကန့်မြို့အရှေ့ဘက်ကျေးရွာများဖြစ်သည့် လုံးခင်း၊ မှော်စီစာကျေးရွာများနှင့် ဖားကန့်မြို့ ပေါ်ရှိ ဒေသခံများ မလိုအပ်ဘဲ အပြင်မထွက်ကြရန် လူမှုကွန်ယက်စာမျက်နှာများမှ ဒေသခံအချင်းချင်း သတိပေးမှုများရှိနေသည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ကုဋေကျေးရွာနှင့် သာယာကုန်းရွာဘက်တို့တွင် KIA, KPDFတပ် များ နှင့် အနည်းငယ် ပစ်ခတ်မှုရှိကြောင်းနှင့် တစ်နာရီခန့်အကြာတွင် ပြန်လည်ငြိမ်သက်သွားသည်ဟု ဖားကန့် ဒေသခံများထံက သိရသည်။

မွန်းလွဲတွင် မှော်စီစာဘုရားကုန်းပေါ်တွင် စစ်ကောင်စီတပ်က ဆက်တပ်စွဲထားသလို လတ်တလော ပိတ် ထားရသည့် လုံးခင်းတိုက်နယ်ဆေးရုံဝန်းအတွင်း စစ်ကောင်စီအင်အား ၃၀ ခန့် နေရာယူတပ်စွဲထားသည် ဟု အထက်ပါဒေသခံ အမျိုးသားထံက သိရသည်။

“ပထမ တပ်စွဲစမှာ လူတွေအကုန်လုံးကို ပြန်လှည့်ခိုင်းတယ် သူတို့နားကို မလာခိုင်းဘူး၊ နောက်ပိုင်းကြ ပေးဖြတ်တယ်၊ ဖုန်းစစ်တာတွေ စစ်ဆေးတာတွေ၊တူးဘောက်တွေလှန်စစ်တာတွေ လုပ်နေတယ်” အဆိုပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

စစ်ကောင်စီနှင့် KIA အတွက် ဝင်ငွေရလမ်းဖြစ်သော ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစခန်းကုန်းအများစု ကို KIA က သိမ်းပိုက်ပြီး ဖားကန့်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာ ကာမိုင်းမြို့မှ အင်အား ၆၀၀ ခန့်ဖြင့် ဧပြီ ၂၃ ရက်မှ စတင်စစ်ကြောင်းထိုးခဲ့သည်။

ဖားကန့်ကို ဦးတည်စစ်ကြောင်းထိုးခဲ့ပြီး အင်အားတချို့မှာ မေ ၂၇ ရက်တွင် ဖားကန့်မြို့ပေါ်ရှိ လက်ကျန် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းနိုင်ခဲ့သည်။

ထို့နောက် အင်အားကြီးထွားလာသည့် စစ်ကောင်စီတပ်က မေ ၂၇ ရက်နေ့မှ စတင်ကာ ဖားကန့်မြို့ အနီးဝန်းကျင်ကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးကာ ကျောက်စိမ်းကုမ္ပဏီများကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေသည့်အတွက် KIA တပ်များ နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ပစ်ခတ်မှုများနှင့် မီးရှို့မှုများကြောင့် ယနေ့ ဇွန် ၁၀ ရက်နေ့အထိ အထိ ဖားကန့် ဒေသခံ ၂၀ နီးပါး သေဆုံး ခဲ့သလို ကျောက်ကုမ္ပဏီများဖြစ်သည့် ၁၁၁၊ မြန်မာတကောင်း၊ မြဦးယာဉ်၊ တောက်ပကြယ်တို့ မီးရှို့ခံရ သည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့တွင်မူ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော် လည်း မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့တွင်မူ ယမန်နေ့က တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု KIA ထံက သိရသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။

သို့ရာတွင် ဗန်းမော်မြို့ သိမ်းတိုက်ပွဲကို အရှိန်မြင့်နေသလို ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ပြန် ပြင်းထန်လာသည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

- မေ ၂၉ ရက်က တိုက်ပွဲများအတွင်း သေဆုံးခဲ့သော အရပ်သားတစ်ဦး။ (ဓာတ်ပုံ- Tarlin mg)
– မေ ၂၉ ရက်က တိုက်ပွဲများအတွင်း သေဆုံးခဲ့သော အရပ်သားတစ်ဦး။ (ဓာတ်ပုံ- Tarlin mg)

Related Articles

Back to top button