ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇွန် ၉ ရက်နေ့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းတွင် အသုံးပြုသည့် ယမ်းပစ္စည်းများ သိုလှောင်သည့်နေရာတစ်ခု မီးလောင်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဖားကန့်မြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာ ဆိပ်မူကျေးရွာအနီးရှိ နှစ်ထပ်အဆောက်အဦ ဖြစ်သည်၊
တိုက်ခိုက်မှုကြောင့် ဂိုထောင်အဆောက်အဦနှင့် ယမ်းတင်ထားသည့် ကုန်တင်ကား ၃ စီး မီးလောင်ပျက်စီးသည်၊ အနီးတွင် နေထိုင်သူတချို့ ဒဏ်ရာအနည်းငယ်ရသွားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒရုန်းကျတာနဲ့ တန်းလောင်တာပဲ၊ ယမ်းအားများတော့ မီးလည်း ဘယ်သူမှမငြိမ်းရဲဘူး။ လောင်ပြီးမှသာ ဝင်ရှင်းကြရတာ။ ဘာမှမကျန်ဘူး၊ အကုန်ကုန်တာ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။
အဆိုပါ ယမ်းဂိုထောင်ကို ပိုင်ဆိုင်သည့် ကုမ္ပဏီနှင့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ဒေသခံအချို့က ပြောသည်။
ဇွန် ၃ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီ တည်ရှိသည့်နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဝန်ထမ်းနှစ်ဦးသေဆုံးကာ ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ထိုစဉ်ကလည်း ထိုကုမ္ပဏီ၏ ယမ်းဂိုထောင်ပေါက်ကွဲခဲ့သည်။
ထို့အပြင် ဇွန် ၇ ရက်နေ့ကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် လုံးခင်းကျေးရွာ ခွန်ဆာကုန်းရှိနေအိမ်များ မီးလောင်၊ ပေါက်ကွဲမှု ဖြစ်ပြီး ဒေသခံ ၉ ဦး သေဆုံးခဲ့သည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွင် ကျောက်ဆောင်များ၊ ကျောက်တုံးကြီးများကို ယမ်းအသုံးပြုကာ ဖောက်ခွဲ၊ ဖယ်ရှားရလေ့ရှိသည်။ ထို့ကြောင့် ကုမ္ပဏီများက ဖောက်ခွဲရေးပစ္စည်း ယမ်းကို နည်းလမ်းမျိုးစုံဖြင့် ဝယ်ယူ သိုလှောင်ထားလေ့ရှိသည်ဟု အသက်(၃၀)ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ယမ်းတွေက စစ်တပ်ရော၊ KIA ရော၊ အသိုင်းအဝိုင်းတွေထဲကရော ခိုးသယ်ကြတာရှိတယ်။ ပြီးတော့ ကုန်သည်တွေထဲမှာဆိုရင်လည်း နှစ်ဖက်လုံးနဲ့ ပိုင်တဲ့ ကုန်သည်တွေက သယ်တာတွေရှိတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ကျောက်စိမ်းကုမ္ပဏီ အဆောက်အအုံများအပြင် ကျောက်စိမ်းတူးဖော်ရာတွင် သုံးသည့် ယမ်းဂိုထောင်များကို ပစ်မှတ်ထားလာသည်ဟု ဒေသခံအချို့က ပြောသည်။
ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းကို ဟန့်တား ထိန်းချုပ်ရန် ဖြစ်နိုင်သလို ၎င်းတို့ စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မည်ကိုလည်း စိုးရိမ်သည့်အတွက် ပစ်မှတ်ထား ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
“ယမ်းတွေက စစ်ကြောင်းတွေကို ဒုက္ခအပေးနိုင်ဆုံး၊ အဖောက်ခွဲနိုင်ဆုံး။ ပြီးတော့ သူတို့ကို မိုင်းထောင်တာတွေလုပ်နိုင်တော့ သူတို့ကို ထိခိုက်နိုင်တာကို ကြိုတင်ပြီး လက်ဦးမှုယူပြီး ဖျက်ဆီးတဲ့သဘောမျိုး ယူဆရတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီတပ် ဖျက်ဆီးသည့် ယမ်းဂိုထောင် အရေအတွက်မှာ ၃ ခု ရှိလာသည်။
ကျောက်စိမ်းကုမ္ပဏီတချို့က လူနေရပ်ကွက်များအတွင်း ယမ်းသိုလှောင်ထားကြသောကြောင့် ဒေသခံအချို့က နေရာရွှေ့ပြောင်းသိုလှောင်ပေးရန် ကျောက်ကုမ္ပဏီများကို တောင်းဆိုနေသည်။
ဖားကန့်မြို့ပေါ် လူနေရပ်ကွက်များနှင့် ကျေးရွာများအတွင်း ယမ်းသိုလှောင်ထားသည့် နေအိမ်များကိုလည်း ဒေသခံတို့က စုံစမ်းနေပြီး သိရှိပါက ပြောင်းရွှေ့ပေးရန် ကုမ္ပဏီများကို ဖိအားပေးနေသည်။
မေလ ၂၇ ရက်နေ့က အင်အားရာချီပါသည့် စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့သို့ ရောက်ရှိလာပြီးနောက် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးကာ ကျောက်စိမ်း ကုမ္ပဏီ အဆောက်အအုံတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် အဆောက်အဦများ မီးလောင်ပျက်စီးခဲ့သည့် အထဲတွင် မြန်မာတကောင်း၊ မြဦးယာဉ်၊ တောက်ပကြယ်၊ ၁၁၁ စသည့် ကုမ္ပဏီတို့လည်း ပါဝင်သည်။ ကုမ္ပဏီတချို့တွင် လုပ်ငန်းသုံး စက်ယန္တရားကြီးများပါ မီးရှို့ခံရသည်ဟု ဒေသခံအချို့က ပြောသည်။
ယနေ့နံနက်တွင် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာနှင့် ကထန်ကျေးရွာ ဘက်တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လက်နက်ငယ်ပစ်ခတ်သံများအပြင် လက်နက်ကြီးအသံများကိုပါ ကြားရသည်ဟု ဖားကန့်မြို့ခံ အချို့က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
KIA က ဖားကန့်မြို့ရှိ ဆိုင်းတောင်ကျေးရွာကြီးနှင့် မြို့အနီးဝန်းကျင်မှ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့်နှစ်မှစတင်ကာ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့သည်။ မြို့အဝင်အဓိက လမ်းမကြီးသုံးခုဖြစ်သည့် ဖားကန့်-ကာမိုင်း, ဖားကန့်-အင်းတော်ကြီးနှင့် ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းများကိုလည်း ပိတ်ဆို့နိုင်ခဲ့သည်။
အဆိုပါ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်တွင် အင်အား ၆၀၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခု ဖားကန့်-ကာမိုင်းလမ်းအတိုင်း တက်လာခဲ့ပြီး မေ ၂၇ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ခန့်ပါသည့် စစ်ကြောင်းမှာ ဖားကန့်မြို့အရှေ့ဘက် တစ်ဆက်တည်းတွင်ရှိသည့် လယ်ပြင်ရွာသို့ စစ်ကူရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကြောင်းရောက်ရှိလာပြီးနောက် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်များနှင့် ပူးပေါင်းကာ မြို့အနီးဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ယနေ့အထိ ဖားကန့် ဒေသခံ ၂၀ နီးပါး သေဆုံးခဲ့သည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေသလို ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။



