အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီတပ်ရောက်လာပြီးနောက် ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားနေ

ဖားကန့်လုံးခင်းတွင် စစ်ကောင်စီတပ် လှုပ်ရှားနေသည်၊ လက်နက်ကြီးပစ်ခတ်နေခြင်းမှာ နယ်မြေရှင်းလင်းလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု KIA က ပြောသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်အနီးကို ယမန်နေ့က စစ်ကောင်စီ စစ်ကူစစ်ကြောင်း ရောက်ရှိလာပြီးနောက် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ မြို့အရှေ့ဘက်ရှိ လုံးခင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် KIA နှင့် တိုက်ပွဲဖြစ်ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

မြို့အဝင်အထွက်လမ်းများဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်း, ဖားကန့်-အင်းတော်ကြီးလမ်းနှင့် ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းအားလုံးကို  ကချင်လွတ်လပ်ရေးတပ်(KIA) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများမှာလည်း စစ်ကြောင်းမထိုးနိုင်ဘဲ စခန်းအတွင်း ပိတ်မိနေသည်မှာ ကြာပြီဖြစ်သည်။

အဆိုပါ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်နေ့တွင် အင်အား ၆၀၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခု ဖားကန့်-ကာမိုင်းလမ်းအတိုင်း တက်လာခဲ့ပြီး ယမန်နေ့က အင်အား ၁၀၀ ကျော်ခန့်ပါသည့် စစ်ကြောင်းမှာ ဖားကန့်မြို့အရှေ့ဘက် တစ်ဆက်တည်းတွင်ရှိသည့် လယ်ပြင်ရွာသို့ စစ်ကူရောက်ရှိခဲ့သည်။

ယနေ့နံနက်တွင် အဆိုပါ စစ်ကြောင်းမှာ လယ်ပြင်ရွာ၏ ဥရုချောင်းအနောက်ဘက်တွင်ရှိသည့် လုံးခင်းရွာဘက်သို့ ဦးတည်လာသည့်အတွက်  တိုက်ပွဲဖြစ်ပွားနေသည်ဟု အသက်(၃၀)ကျော်အရွယ် ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ယမ်းချက်က ထွက်လာတဲ့ စစ်ကြောင်း လယ်ပြင်မှာ နေရာထွက်ယူလို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တာ။ လယ်ပြင်၊ ငြိမ်းချမ်းသာယာ မျောက်ကုန်း၊ ရဲစခန်း အဲဒီနေရာတွေ” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် လယ်ပြင်ရွာသည် မြို့အရှေ့ဘက် အစွန်ဆုံးတွင် ရှိသည့် ရွာဖြစ်ပြီး အဆိုပါရွာမှ ဥရုချောင်းကို ဖြတ်ပြီးပါက လုံးခင်းကျေးရွာသို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် ဖားကန့်မြို့သို့ ဆက်သွားနိုင်မည်ဖြစ်သည်။

နံနက် ၈ နာရီခန့်က စတင်သည့် တိုက်ပွဲမှာ တစ်နာရီ နီးပါးကြာအောင်ပစ်ခတ်ပြီးနောက် ခေတ္တရပ်တန့်သွားပြီး မိနစ်အနည်းငယ်အကြာတွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု အခြားမြို့ခံတစ်ဦးဖြစ်သည့် အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

နံနက် ၁၀ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေပြီး သေနတ်သံများကို အဆက်မပြတ်ကြားနေရသည်ဟု သူက ပြောသည်။

“အခြေအနေက လုံးဝမကောင်းဘူးဖြစ်နေတယ်၊ အခု စကစ စစ်သားတွေက လုံးခင်းထဲအထိ ဝင်လာပြီ။ လုံးခင်းတံတားထိပ်မှာ ရှိနေတော့။ အဲဒီတံတားထိပ်ကဟာတွေကို ဒီဘက်ကနေ ချောင်းဘေးကနေ လှမ်းလှမ်းပစ်နေတာ၊ ပစ်နေတော့ လုံးခင်း-ဖားကန့်လမ်းမပေါ်မှာ စစ်ကားတွေရောက်နေကြပြီ” ဟု သူက ပြောသည်။

ယမန်နေ့က ဖားကန့်မြို့ကို စစ်ကောင်စီတပ်ရောက်ပြီးနောက် ညတွင် ဖားကန့်တပ်မကုန်းမှ လုံးခင်းကျေးရွာအုပ်စု အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လယ်ပြင်ရွာအနီးရှိ လယ်ပြင်တံတားကို လက်နက်ကြီးထိမှန်ပြီး တံတားကြမ်းပြင် ပေါက်သွားသည်ဟု သူက ဆက်ပြောသည်။

“မြစ်ကြီးနားကနေလာရင် လုံးခင်အဝင်နဲ့ လယ်ပြင်ကြားမှာ၊ အဲဒီတံတားကတော့ လယ်ပြင်နားမှာပေါ့၊ ရွာနားက တံတားပဲ တံတားအကြီးတော့ မဟုတ်ဘူး အသေးပဲ။ အဲဒီတံတားပျက်တာက ဖားကန့်ဗျူဟာကုန်းက လှမ်းပစ်တဲ့လက်နက်ကြီးကျတာ” ဟု သူက ပြောသည်။

လက်နက်ကြီးကြောင့် လယ်ပြင်ရွာရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ထိခိုက်သေဆုံးမှု မကြားရသေးကြောင်း သူက ပြောသည်။

အထက်ပါ အသက်(၃၀)ကျော်အရွယ် အမျိုးသားကလည်း ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်အချို့ လုံးခင်းရွာအတွင်းဝင်ရောက်လာသည်၊ ဒေသခံအချို့မှာ အချိန်မီတိမ်းရှောင်နိုင်သော်လည်း အချို့ဒေသခံများမှာ ယနေ့နံနက် တိုက်ပွဲကြားတွင် ပိတ်မိနေသည်ဟု ပြောသည်။

“လောလောဆယ် ပြေးမရဘူးဗျ။ လမ်းပိုင်းတွေပိတ်ထားတယ်။ ဖားကန့် မှော်စီစာကလူတွေလည်း လုံးခင်းဝင်မရ။ လုံးခင်းက လူတွေလည်း ထွက်မရသေးဘူး” ဟု သူက ပြောသည်။

ယနေ့နံနက် ဖားကန့်လုံးခင်းတွင် စစ်ကောင်စီတပ်များ လှုပ်ရှားနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းသည့်အနေဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ပြောသည်။

“အခုကတော့ အဲဒီရောက်တဲ့ စစ်ကြောင်းတွေကတော့ ဘယ်စခန်းထဲကို ဝင်မလဲတော့ မသိရသေးပါဘူး။ အဲဒီလုံးခင်းနားမှာပဲ ရှိနေတယ်လို့ကြားတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီ စစ်ကြောင်းဖြတ်လာခဲ့သည့် ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ ဆိုင်းဖရာရွာတွင် စစ်ကောင်စီတပ်က ထားခဲ့သည့် နောက်ချန်တပ်ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

“မနေ့က ဖားကန့်-ကာမိုင်းလမ်းကြောင်းကို တက်လာတဲ့ စစ်ကြောင်းက နောက်တန်းချန်ထားခဲ့တဲ့ ဆိုင်းဖရာက စခန်းကို ဒီဘက်က ဝင်တိုက်တာရှိတယ်။ အဲဒီမှာ လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ဆိုင်းဖရာမှာ ကလေးနှစ်ဦး ထိခိုက်သေဆုံးတယ်လို့ ကြားရတယ်” အသက်(၃၀)ကျော်အရွယ် ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက ဆိုင်းဖရာရွာမှ အရပ်သားများ ထိခိုက်မှုရှိသည် ဆိုသည့် သတင်းကိုကြားရသော်လည်း အတိအကျမသိရသေးကြောင်း ပြောသည်။

ဗန်းမော်မြို့တွင်လည်း ယမန်နေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ် မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောသည်။

ယမန်နေ့က ဗန်းမော်မြို့ကို ပုံမှန်အတိုင်းပင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ ကာကင်းစခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော်လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေသလို ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button