စီးပွားရေးသတင်း

ဖားကန့်ကျောက်တွင်းလုပ်ကွက်တချို့ကို စစ်တပ်က စီးနင်းမီးရှို့နေ 

စစ်တပ်က ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် အသည်းအသန် ကြိုးစားဟန် ရှိပြီး ဆက်လက် လည်ပတ်လုပ်ကိုင်နေသည့် ကျောက်လုပ်ကွက်များကို အနိုင်ကျင့်၊ တိုက်ခိုက်နေသည်။

ကချင်ပြည်နယ် ဖားကန့်မြို့သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည်  ကျောက်စိမ်းလုပ်ကွက်များကို ယခုရက်ပိုင်းအတွင်း လှည့်လည်စီးနင်းမီးရှို့နေသည်ဟု သိရသည်။

လုံးခင်းရွာအနီးတဝိုက် ထိုသို့ ကျူးလွန်နေသည်မှာ ယမန်နေ့ (ဇွန် ၃)တွင် အစပြုသည်ဟု  ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့စဝင်လာတဲ့အချိန်ကတည်းက လုပ်ကွက်တွေကို နားခိုင်းထားတာ။ ပြီးတော့စစ်ကြောင်းထိုးနေတာ။ လုပ်ငန်းမနားတဲ့ လုပ်ကွက်တွေကို သူတို့ကို ပမာမခန့်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လိုက်လုပ်နေတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလမှစ၍ အင်အား ၁၀၀၀ ခန့်ပါသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းနှင့် အင်းတော်ကြီး- ဖားကန့်လမ်းများအတိုင်း စစ်ကြောင်းထိုးခြင်း ဖြစ်ပြီး ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရေး ရည်ရွယ်သည်ဟု လေ့လာသူတို့က ယူဆသည်။

 ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက လမ်းတလျှောက်တွင် ကြားဖြတ်တိုက်ခိုက်သောကြောင့် အဆိုပါစစ်ကြောင်းမှာ မေလကုန်ပိုင်းမှသာ ဖားကန့်မြို့သို့ ကပ်နိုင်ခဲ့သည်။

ယနေ့ ဖားကန့်၌ တိုက်ပွဲမရှိသေးသော်လည်း အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၂၀၂၅ ခုနှစ် ဇွန် ၄ ရက်နေ့တွင် စစ်တပ်က ဖားကန့်မြို့၊ လုံးခင်းရွာ ကျောက်လုပ်ကွက်တစ်ခုရှိ မော်တော်ယာဉ်တချို့ကို မီးတင်ရှို့ခဲ့သည်။ (ဓာတ်ပုံ – နောင်ရိုး) 

“စကစတပ်တွေ အပြင်ထွက်လှုပ်ရှားနေတယ်။  မှော်စီစာပတ်ဝန်းကျင်မှာ၊ ကုမ္ပဏီတွေမှာ လှည့်ပတ်ပြီးတော့ ပစ္စည်းတွေ၊ အိမ်တွေ၊ (အလုပ်သမား)အဆောင်တွေ မီးရှို့တာရှိတယ်”ဟု ၎င်းက ပြောသည်။

လုပ်ငန်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကြောင်းများက ဖားကန့်ဒေသရှိ ကျောက်လုပ်ကွက်များတွင် လှည့်လည်စီးနင်းနေမှုကြောင့် ကျောက်တူးဖော်ရေးကုမ္ပဏီအချို့မှာ လုပ်ငန်းပိတ်သိမ်း၍ တိမ်းရှောင်ထွက်ပြေးနေကြရသည်ဟု အထက်ပါဒေသခံက ပြောသည်။

“စစ်ကြောင်းဝင်လာတော့ ကျောက်တူးနေကြတဲ့ လုပ်ကွက်တွေ၊ အဆောင်တွေက ထားပြီးပြေးရတာ။ ဒီကောင်တွေဝင်လာပြီး အဆောင်တွေကို မီးရှို့နေတာ” ဟု ၎င်းက ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း စစ်တပ်က ဖားကန့်မြို့ကို  ပြန်လည်စိုးမိုးနိုင်ရန် အသည်းအသန် ကြိုးစားဟန် ရှိပြီး ၎င်းတို့စိုးမိုးထိန်းချုပ်မှုအောက် ကင်းလွှတ်သွားသည့်နောက်ပိုင်းတွင်  ဆက်လက်လည်ပတ်လုပ်ကိုင်နေသည့် ကျောက်လုပ်ကွက်များကို အနိုင်ကျင့်၊ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောသည်။

ဇွန် ၃ တွင် လုံးခင်းရွာအုပ်စု မှော်စီစာရွာအနီးရှိ တစ်သုံးလုံး ကျောက်တူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လုပ်ငန်းသုံးယမ်းနှင့်ကန့် သို့လှောင်သည့် နေရာ ထိခိုက်ပေါက်ကွဲမှုကြောင့် အလုပ်သမား သုံးဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေရဆဲဖြစ်သည်။

“ယမ်းတွေက မြေကြီးတူးမြုပ်ထားတာ။ အဲဒီနေရာက ဝန်ခံတွေလောက်ပဲ ဝင်ခွင့်ရတာ။ (ပေါက်ကွဲမှု) မဖြစ်ခင်မှာ အနီအလင်းတန်းတစ်ခုမြင်လိုက်တယ်။ ပြီးတော့ ထကွဲတာ”ဟု ဖားကန့်ဒေသခံက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လုပ်ကွက်ရှိ အလုပ်သမားများကို ကိုးကား၍  ပြောသည်။  

ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖားကန့်တွင် စစ်တပ်၏ မီးတင်ရှို့နေမှုအခြေနေအသေးစိတ်ကို Myanmar Nowအနေဖြင့် စုံစမ်းနိုင်ခြင်းမရှိသေးပေ။ လုံးခင်းရွာတောင်ဘက်ရှိ ဆာခါရွာ၊ သာယာကုန်းရွာအနီးရှိ ကျောက်လုပ်ကွက်များကို စီးနင်း၍ အဆောင်နှင့် စက်ယန္တယားများကို  မီးရှို့နေသည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့က ဖားကန့်မြို့ရှိ စစ်တပ် ဗျူဟာကုန်းအနီးတွင် စစ်ရဟတ်ယာဉ်တစ်စီး ဆင်းသက်ရန် ကြိုးစားစဉ် KIAနှင့်ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လှည့်သွားရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်ဟု ကြားသိရသော်လည်း  အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မှော်စီစာရွာအနီးရှိ ကျောက်လုပ်ကွက်ကို တွေ့ရစဉ်။
(ဓာတ်ပုံ – နောင်ရိုး)

Related Articles

Back to top button