စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ယနေ့ (ဧပြီ ၅) နံနက်ပိုင်းက ဆန္ဒပြပြည်သူများနှင့် စစ်ကောင်စီလက်နက်ကိုင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ အရပ်သားပြည်သူတစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့ အထက်တန်းကျောင်းတွင် မွမ်းမံသင်တန်းတက်နေသည့် ဆရာ၊ ဆရာမများကို ဒေသခံများက ကန့်ကွက်ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲကာ ဆန္ဒပြပွဲတွင် ပါဝင်သူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူနှစ်ဦးကို ပြန်လွှတ်ပေးရန် ဒေသခံများက စုဝေးတောင်းဆိုနေချိန်တွင် စစ်ကောင်စီလက်နက်ကိုင်များက ထပ်မံပစ်ခတ်ဖြိုခွဲသည့်အတွက် ဒေသခံများကလည်း လက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။
”ကျောင်းရှေ့ကနေ ဒို့အရေး ဒို့အရေးအော်တာပေါ့။ ရဲတွေကနေ မီးခိုးဗုံးတွေနဲ့ ဖြိုခွဲတယ်။ အရပ်ဘက်က ဆန္ဒပြတဲ့ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းသွားတော့ ပြည်သူတွေက လွှတ်ပေးဖို့ ပြန်တောင်းဆိုတယ်။ အဲ့ဒီမှာ ပဋိပက္ခဖြစ်တော့တာပဲ။ တူမီးသေနတ်တွေရော၊ လက်လုပ်သေနတ်တွေရော ပါလာတယ်” ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဆန္ဒပြပြည်သူများ ထိပ်တိုက်တွေ့ဆုံလျက်ရှိရာ ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ တင်းမာနေဆဲဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် သနွင်းကုန်းကျေးရွာမှ ကိုအောင်နိုင်ဝင်းမှာ ကျောရိုးမှတဆင့် ဝမ်းဗိုက်ကျည်ပေါက်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဘယ်ဘက်လက်ပြင် ကျည်ထိမှန်ဒဏ်ရာရသည့် အမျိုးသမီးတစ်ဦးနှင့် ချိုင်းအောက် ကျည်ထိမှန်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးကိုလည်း အရေးပေါ် ခွဲစိတ်ကုသခဲ့ရကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ဖေဖော်ဝါရီ ပထမပတ်မှစ၍ ယနေ့အထိ ထောင်နှင့်ချီသော ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်မပျက် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။
မကွေးတိုင်း ဂန့်ဂေါမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့၊ တမူးမြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုများကို ဒေသခံပြည်သူများက အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာတူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့ကြသည့်အတွက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။