သတင်း

မန္တလေးတွင် မောင်းလာသည့်ဆိုင်ကယ်ကို ပစ်ခတ်သဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ယမန်နေ့ (ဧပြီ ၄) ရက်နေ့က မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်စီးလာသူနှစ်ဦးကို ပစ်ခတ်ရာ အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးပြီး အမျိုးသားမှာ ဗိုက်တွင် ဒဏ်ရာရသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ 

အသက် ၁၉ နှစ်အရွယ် မထက်ထက်ဝင်းသည် ၎င်း အလုပ်လုပ်သည့် စတိုးဆိုင်မှအပြန် ခင်ပွန်းဖြစ်သူအား သွားရောက်ခေါ်ဆောင်ပြီး ၄၅ လမ်း၊ မြရည်နန္ဒာအိမ်ရာတိုက်ခန်းသို့ ပြန်လာစဉ် ည ၉ နာရီခန့် မနော်ဟရီလမ်း နှင့် ၅၄ လမ်းအရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ကောင်မလေးက ကျည်မှန်ပြီး ပြုတ်ကျကျန်ခဲ့တာ၊ နောက်စေ့နဲ့ ကတ္တရာလမ်းနဲ့လည်း ရိုက်မိတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ 

“အမျိုးသားကတော့ ဒဏ်ရာကြီးနဲ့ ကျွန်တော်တို့ဆီ မောင်းပြေးလာနိုင်တယ်။ အမျိုးသမီးက ပြုတ်ကျသေခဲ့တာ”ဟု လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“သတ်ကွင်းနေရာလို ဖြစ်နေတာကိုး၊ ကျွန်တော်တို့လည်း ကယ်လို့မရဘူး၊ ဒါတောင် တော်တော်စွန့်စွန့်စားစား အလောင်းကောက်ခဲ့ရတာ၊ သူတို့က ကယ်ဆယ်ရေးလည်း ရှောင်တာမဟုတ်ဘူးလေ၊ ပစ်တာပဲ” 

သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်းပင် မလှမ်းမကမ်း အမှောင်ထဲတွင် စောင့်ဆိုင်းကာ အမျိုးသမီးငယ်၏ အလောင်းကို အနီးရှိ ဘူဒိုဇာတစ်စီးပေါ် တင်ကာ ကောက်ယူနိုင်ခဲ့သည်ဟု သိရသည်။ 

“အလောင်းကောက်တာကိုက နာရီဝက်ကြာတယ်။ (ဘူဒိုဇာ) ဂေါ်ကားပေါ် အရင်တင်ဖွက်ထားပြီးမှ အမှောင်ထဲ ဆွဲခေါ်သယ်ရတာ”ဟု ၎င်းက ဆိုသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူကိုလည်း ယနေ့ ဧပြီ ၅ နံနက်ပိုင်းတွင် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်နေသည်ဟု သိရသည်။

စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် ဆန္ဒပြမှုအားကောင်းသည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ညစဉ် ပစ်ခတ်ခြောက်လှန့်နေပြီး မနော်ဟရီလမ်း၊ ၅၆ လမ်း နှင့် ၅၅ လမ်းကြားတွင် တပ်စွဲထားကာ မြရည်နန္ဒာအိမ်ရာတွင်လည်း အခန်းများအထိ ဝင်ရောက်စီးနင်းဖမ်းဆီးနေသည်။

ပြီးခဲ့သည့် မတ် ၂၂ ကလည်း ဤမြို့နယ်အတွင်း အောင်ပင်လယ်နှင့် အောင်သာယာရပ်ကွက်တို့ကို ဝင်ရောက် စီးနင်းပစ်ခတ်ရာ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့သည်။

မန္တလေးတွင် မတ်လအတွင်း စစ်ကောင်စီ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၀ နီးပါး ရှိပြီး ဒဏ်ရာရရှိသူ ရာချီရှိခဲ့သည်ဟု ကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ထို့အပြင် ကယ်ဆယ်ရေးအသင်းများက လုပ်ငန်းမဆောင်ရွက်နိုင်မီ စစ်ကောင်စီတပ်ဖွဲ့က အလောင်းလုယူတတ်သည်။ အထင်ကရသပိတ်စစ်ကြောင်းများ သွားလေ့ရှိသည့် နေရာတို့တွင် တစ်ခါတစ်ရံ ဆိုင်ကယ်များကို တား၍ ရှာဖွေစစ်ဆေးပြီး လက်ကိုင်ဖုန်းများကိုလည်း ဖွင့်ကြည့်တတ်သည်။

ယနေ့ နံနက်က ၄၁ လမ်းနှင့် ၈၉ လမ်းတွင် ရပ်ကွက်နေပြည်သူတို့၏အရံအတားများဖြစ်သည့် သဲအိတ်များကို ဘူဒိုဇာနှင့် ရှင်းလင်းခြင်း၊ သေနတ်ပစ်ဖောက်ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော် စစ်ကောင်စီက ယင်းကဲ့သို့ အကြမ်းဖက်ပစ်ခတ်မှုနှင့် ခြောက်လှန့်မှုများ ပုံမှန်ပြုလုပ်နေသော်လည်း မန္တလေးတွင် နေ့သပိတ်၊ ညသပိတ်များ ပြုလုပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button