ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် The Hakha Post သတင်းဌာနကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့ ဧပြီ ၃ က ဝင်ရောက်စီးနင်းခဲ့သော်လည်း သတင်းအဖွဲ့ ဘေးအန္တရာယ်မရှိကြောင်း တာဝန်ခံအယ်ဒီတာ Pu Thawng က ပြောသည်။
ဟားခါးမြို့လယ် ပြည်တော်သာရပ်ကွက်ရှိ ၎င်းတို့၏ ရုံးခန်းကို ထိုနေ့ နံနက် ၁၀ နာရီခန့်က ရဲအင်အားများစွာဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
“ကွန်ပျူတာ နှစ်လုံးပါသွားတယ် ကြားတယ်။ ဒါပေမဲ့ ကောင်းတာက တစ်လုံးပဲ ကျန်တယ်။ အဲဒါတွေ ယူသွားတယ်လို့ ကြားတယ်။ စာရွက်စာတမ်းတွေ အိတ်အဖြူနဲ့တစ်လုံး ထုပ်သွားတယ်” ဟု The Hakha Post ၏ တာဝန်ခံ အယ်ဒီတာက ပြောသည်။
ကြိုတင်တိမ်းရှောင်ရန် ပြင်ဆင်ခဲ့သောကြောင့် ဝင်ရောက်စီးနင်းချိန်တွင် အဆိုပါနေရာ၌ တစ်ဦးတစ်ယောက်မှ ရှိမနေကြောင်း၊ လက်ရှိတွင် သတင်းအဖွဲ့မှာ တိမ်းရှောင်နေကြောင်း သိရသည်။
“ကျွန်တော်တို့က ဖေဖော်ဝါရီလ အစောကတည်းက ဝင်စီးမယ်ဆိုတာ မှန်းထားပြီးသား။ ကျွန်တော်တို့က ကြိုတင်ပြီးမှတော့ တိမ်းရှောင်တယ်ပေါ့။ ပစ္စည်းတစ်ဝက်ကျော်ကျော်လောက်က ကြိုတင်ထုပ်ထားပြီးပြီ” ဟု ဆိုသည်။
စစ်တပ်က မတ် ၈ တွင် စစ်ကား ၅ စီးခန့်ဖြင့် ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်ရှိ Myanmar Now သတင်းဌာနကို ဝင်ရောက်စီးနင်းခဲ့ပြီး ပစ္စည်းအချို့ ယူဆောင်သွားခဲ့သည်။
ယင်းနေ့ ည ၈ နာရီတွင် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်း ပုဂ္ဂလိကမီဒီယာများဖြစ်သည့် Myanmar Now, 7Day, DVB, Mizzima နှင့် ခေတ်သစ်မီဒီယာတို့ကို သတင်းလုပ်ငန်းလုပ်ပိုင်ခွင့် ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
နောက်နေ့များတွင် ကမာရွတ်မီဒီယာ၊ Mizzima, DVB ရုံးခန်းများ အကြမ်းဖက် ဝင်ရောက်စီးနင်းခံရသည်။
Myanmar Now အပါအဝင် သတင်းဌာနများသည် ကြိုတင်ရွှေ့ပြောင်းထားခဲ့သဖြင့် ဖမ်းဆီးခံရသူ မရှိသော်လည်း ကမာရွတ်မီဒီယာအား စီးနင်းစဉ် ရုံးခန်းအတွင်း ရှိနေသူ ကမာရွတ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးနေသန်မောင် (အမေရိကန်နိုင်ငံသားခံယူထားသူ) နှင့် ပူးတွဲတည်ထောင်သူ ဦးဟံသာငြိမ်းတို့ ဖမ်းဆီးခံရကာ ရုံးခန်းရှိ ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ ရုတ်ရင်းဆန်ခတ်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဒေသအခြေစိုက် တိုင်းရင်းသားမီဒီယာရုံးတစ်ခု ဝင်ရောက်စီးနင်းခံရခြင်း ဖြစ်သည်။
” ခုလိုဝင်စီးတာကတော့ သတင်းအမှောင်ချချင်တဲ့ပုံစံမျိုးလို့ ကျွန်တော်တို့က ယူဆတယ်” ဟု တာဝန်ခံအယ်ဒီတာ Pu Thawng က ပြောသည်။
လတ်တလောတွင် ဟားခါးပို့စ်အနေဖြင့် သတင်းစာထုတ်ဝေခြင်းကို ရပ်နားထားမည်ဖြစ်သော်လည်း သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။
” သုံးလပိုင်းနောက်ဆုံးပတ်မှာ သတင်းစာထုတ်ဖို့ ကျွန်တော်တို့ မလုံခြုံတော့ဘူး။ သတင်းအတွက်၊ သတင်းထောက်တွေအတွက် မလုံခြုံတော့တဲ့အတွက် Print ထုတ်တာကို ကျွန်တော်တို့ နားလိုက်တယ်။ လုံခြုံတဲ့နေရာကနေ သတင်းတွေဆက်ထုတ်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ တိမ်းရှောင်နေတဲ့အတွက် ကျွန်တော်တို့ သတင်းတော့ မထုတ်နိုင်သေးပါဘူး” ဟု ၎င်းကဆိုသည်။
ချင်းပြည်နယ်တွင် Chin World (ချင်းဝေါလ်) ၊ ဟားခါးတိုင်းမ်၊ ဟားခါးပို့စ်နှင့် ခိုနူမ်းသုန် (Khonumthung News Group) ၊ Zalen Media အပါအဝင် ဒေသတွင်းမီဒီယာများသည် ဒေသခံများအတွက် သတင်းများ တင်ဆက်နေသည်။
ဖေဖော်ဝါရီ ၂၇ ကလည်း Myanmar Now သတင်းထောက်အပါအဝင် သတင်းသမား ၅ ဦး ဖမ်းဆီးခံရချိန်တွင် ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဆန္ဒပြပွဲသတင်းယူနေတဲ့ ဟားခါးတိုင်းမ် CEO ကိုပါပွီး ဖမ်းဆီးခံခဲ့ရသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၅ ဦးမှာမူ တရားစွဲဆိုခံထားရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။