အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငလျင်ဘေးသင့်မန္တလေးတွင် ရုပ်အလောင်းများ ဆက်လက် ဖော်ယူရရှိ 

အဆောက်အအုံ ဖြိုချရှင်းလင်းမှု မနိုင်နင်းသေးသည့် မန္တလေးတွင် အပျက်အစီးပုံအောက်မှ ရုပ်အလောင်းများ ထပ်မံ ဖော်ထုတ်တွေ့နေရသည်၊ နောက်ဆက်တွဲငလျင်များကြောင့်လည်း စိုးရိမ်နေကြရသည်။

ငလျင်ကြောင့် လူသေဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့သည့် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် နှစ်လနီးပါး ကြာမြင့်ချိန်အထိ အဆောက်အအုံဖြိုချရှင်းလင်းမှုများ မနိုင်မနင်းဖြစ်နေသေးသလို ပြိုကျအဆောက်အဦများအောက်မှ ရုပ်အလောင်းများကောက်ယူနေရဆဲဖြစ်သည်ဟု မြို့ခံများနှင့် ကယ်ဆယ်ရေးသမားများထံက သိရှိရသည်။

မတ် ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ အနီး တည်ရှိသော Sky Villa ကွန်ဒိုအပျက်အစီးများကြားမှ အမျိုးသားတစ်ဦးအလောင်း၊ ငွေသား သိန်း၂၆၀ ကျော်၊ ရွှေ၊ မိုးကုတ်ကျောက်များအပါအဝင် တန်ဖိုးကြီးပစ္စည်းများ ယမန်နေ့ (မေ၂၂)တွင် ရှာဖွေတွေ့ရှိခဲ့ သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါကွန်ဒိုအဆောက်အဦအပျက်အစီးများအောက်တွင်   မေလအတွင်း ရုပ်အလောင်း ၁၂ ခု ရှာဖွေတွေ့ရှိထားသည်။

ထပ်မံရှာတွေ့ဦးမည်ဟု ယူဆကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူ အသက် ၃၀ အရွယ် မြို့ခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခုချိန်ထိ ပြိုကျအဆောက်အဦတွေအောက်ကနေ မထုတ်နိုင်သေးတဲ့အလောင်းတွေ ရှိနေသေးတယ် ။ အဓိက က Sky Villa ကွန်ဒိုပေါ့နော်။ ပြီးတော့ရှင်းလင်းရေးတွေကလည်း လုပ်တာလုပ်နေကြတယ်ပေါ့ ။ အခုထက်ထိ မနိုင်သေးတဲ့အခြေအနေမှာပဲရှိနေသေးပါတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

အဆိုပါကွန်ဒိုတွင် ကျောက်လုပ်ငန်းလုပ်ကိုင်သူများနှင့် နိုင်ငံခြားသားတချို့နေထိုင်ခဲ့ကြသည်၊ လူဦးရေ ၄၀၀ ဝန်းကျင် ရှိခဲ့သည်ဟု ဆိုသည်။​

၁၁ ထပ်ရှိသည့် Sky Villa ကွန်ဒိုမှာ ငလျင်ဒဏ်ကြောင့် ၅ လွှာခန့် မြေကြီးအတွင်း ကျွံဝင်သွားသည်။ 

ယနေ့ မေ ၂၃ ရက်အထိ အဆိုပါကွန်ဒိုအောက်ကနေ ရှာဖွေထုတ်ယူနိုင်သည့်ရုပ်အလောင်း ၁၃၀ ကျော် ရှိနေပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၅၀ ကျော်ရှိသည်ဟု ကယ်ဆယ်ရေးလုပ်ကိုင်သူများထံက သိရှိရသည်။
ယမန်နေ့ မေ၂၂ ရက်နေ့အထိ ငလျင်ကြောင့် မန္တလေးမြို့ပေါ်တွင် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေသည်။

 Sky Villa ကွန်ဒို ပြိုကျသွားသည့်နေရာမှ အမျိုးသား ၁ လောင်းကို မေ ၂၃ ရက်နေ့က သယ်ထုတ်လာစဉ်။ (ဓာတ်ပုံ-  မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

နောက်ဆက်တွဲငလျင်များနှင့်မိုးကြီးမှု

အကူအညီ မလုံလောက်သော  မန္တလေးမြို့ငလျင်ဒဏ်ခံရသူများ နာလန်ထူရန်ခက်ခဲနေကြစဉ် မေ ၁၇ ရက်နေ့ညကလည်း မြစ်သားမြို့ကို ဗဟိုပြုပေါ်ပေါက်ခဲ့သည့် အင်အား ၅ ဒသမ ၇အဆင့်ရှိ နောက်ဆက်တွဲငလျင်ကြောင့် ပြိုလဲသွားသည့်သစ်ပင်ပိကာ ငလျင်ဒုက္ခသည်စခန်းမှ သားအဖ ၂ ဦး သေဆုံးခဲ့ရသည်။ မြို့အတွင်းနေအိမ်တချို့ ပျက်စီးခဲ့သည်။

အလားတူ မေ၂၀ ရက်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်း၊ ပဲပုတ္တန်းရပ်ရှိ ငလျင်သင့် အဆောက်အဦတစ်လုံး  မိုးရွာသွန်းပြီးနောက် ပြိုကျခဲ့သည်ဟု မဏိစလလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားသည်။

အဆိုပါအခြေအနေတွင် နေအိမ်ဆုံးရှုံးထားသောဒေသခံများ၊ နေအိမ်ပြင်ဆင်ရမည့်သူများ၊ အထပ်မြင့် အဆောက်အဦအနီး နေထိုင်ရသူများ ပိုမိုစိုးရိမ်ကြရပြီး မြေကွက်လပ်များ၊ ပရဟိတအသင်းများ၊ ငလျင်ဒုက္ခသည်စခန်းများ စသည့်နေရာများသို့ သွားရောက်ကာ ယာယီတဲအမိုးအကာများ ဖြင့် ခိုလှုံနေကြဆဲဖြစ်သည်။

“အခုထိ ရပ်ကွက်တွေမှာ ရှင်းလင်းရေးမလုပ်ပေးနိုင်ကြသေးဘူး။ ကိုယ်ထူကိုယ်ထ လုပ်ဖို့ကလည်း ငွေ တအားကုန်တော့ မတတ်နိုင်လို့ဆိုပြီး ဒီအတိုင်းပစ်ထားကြတဲ့အိမ်တွေမှ အများကြီးပဲ”ဟု အထက်ပါ မန္တလေးမြို့ခံအမျိုးသမီးက ပြောသည်။

“အန္တရာယ်ရှိနေလည်း မတတ်သာဘဲ ဆက်နေနေကြတာတွေ အများကြီးပဲ 

ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေထိုင်ရသည့်အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီထံတွင် နာမည် ပေါက်သည့်ဒုက္ခသည်စခန်းများတချို့မှာ အကူအညီ အထိုက်အလျောက်  ရကြပြီး ကိုယ်ထူကိုယ်ထ သင့်တော်ရာတွင် ခိုလှုံနေသူများ အကူအညီရရန် အလှမ်းဝေးနေသည်ဟု ပြီးခဲ့သည့်ရက်များက Myanmar Now ကို ပြောထားသည်။

ကုလသမဂ္ဂနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့များ၊ နိုင်ငံတကာအလှူရှင်များက ကူညီထောက်ပံ့ပေးမှုများရှိနေသော်လည်း   ပြန်လည်ထူထောင်ရေးကို အားသွန်ခွန်စိုက် မလုပ်နိုင်ကြသေးပေ။ 

လက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဖြိုချရှင်းလင်းရမည့် အဆောက်အဦများ ကို အဆင့် ၃ ဆင့်ခွဲခြားကာ ကူညီရှင်းလင်းပေးနေသည်ဟု သိရသည်။

ငွေကြေးတောင်းခံခြင်း၊ လာဘ်ငွေပေးမှ ရှင်းလင်းပေးခြင်းတို့ကြောင့်  လုပ်ငန်း ကြန့် ကြာနေသည်ဟု မြို့ခံတချို့က ပြောကြသည််။

“အဆောက်အဦတွေသာ အမြန်ရှင်းလင်းပေးပြီးရင် ကိုယ့်မြေကွက်လပ်မှာကိုယ် တဲထိုးပြီးနေနေ၊ နေလို့ရ တယ်။ ဈေးတွေပြန်ရောင်းကြ၊ လုပ်ငန်းတွေပြန်လည်ပတ်လို့ရကြမယ်လို့ ထင်တယ်။ အဓိကက ရှင်းလင်း ရေးပဲ”ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“အခုငလျင်တွေကလည်းထပ်လှုပ်၊ မိုးကလည်း ကြီး၊ မိုးတစ်ခါ သည်းတိုင်း ငလျင်ထိထားတဲ့အဆောက် အဦ တွေဆိုတော့ ကြောက်နေရတယ်။ ကောင်းကောင်းမနေနိုင်၊ မအိပ်နိုင်နဲ့၊ လူတွေက စိတ်ပင်ပန်းမှုတွေနဲ့ ပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ မေ ၂၀ ရက်နေ့အထိ စာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၂၈ ဦးရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦးရှိသည်။

ငလျင်ဘေးပြန်လည်ထူထောင်ရာတွင် ထိခိုက်ပျက်စီးမှုများဖယ်ရှားရှင်းလင်းရန် သဘာ ဝဘေးရန်ပုံငွေမှ   စစ်ကိုင်းအတွက် ကျပ် ၅၀ ဘီလျံ၊ မန္တလေးအတွက် ၆၀ ဘီလျံ၊ နေပြည်တော်အတွက် ၁၀ ဘီလျံ၊ ရှမ်းပြည်နယ်အတွက် ၅ ဘီလျံ ပေးအပ်ပြီးဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

 ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ပြီး နောက် ကနဦးပြန်လည်ထူထောင်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်နေကြောင်း ဧပြီ ၂၅ ရက် နေပြည်တော် အစည်းအဝေးတစ်ခုတွင် ပြောဆိုသည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသများ ရှိ လူဦးရေ ၆ ဒသမ ၃ သန်းသည် အကူအညီများနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button