
လာမည့် ၂ နှစ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဌာနချုပ်ကို အင်းစိန်တွင် ပြန် အခြေချမည်ဆိုသည့် သတင်းသည် လူအများပြောစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။
စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဟု ငြာသံပေးလိုက်ခြင်းလည်း ဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KNDO သည် ရန်ကုန်၊ အင်းစိန်မြို့နယ်တွင် ဌာနချုပ် ထားရှိခဲ့သည်၊ ၁၉၄၉ ခုနှစ်တွင် မတရားအသင်း ကြေညာခံရပြီး ဌာနချုပ် တိုက်ခိုက်ခံခဲ့ရသည်။
မဝေးသောအတိတ်
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ အတိုက်အခံများကို အစောဆုံးလက်ခံသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) လည်း ပါဝင်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟူသည့် အမည်သတ်မှတ်ချက် ပေါ်မလာခင် အစောပိုင်းကာလ ကပင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်လိုသည့် လူငယ်ထောင်ပေါင်း များစွာကို ကရင်တို့၏ အုပ်ချုပ်မှုနယ်မြေအတွင်း လေ့ကျင့်သင်ကြားပေးသည်။
ထိုမျှမက အကြောင်းအမျိုးမျိုးကြောင့်ရောက်လာကြသူများစွာကိုလည်း နယ်မြေအတွင်း ခိုလှုံခွင့် ပေးထားသည်။
PDF ပေါ်ထွက်လာချိန်တွင်လည်း ကရင်တို့၏ နယ်မြေများကို အသုံးပြုခွင့်ပေးကာ စစ်ကောင်စီကို တွန်းလှန်သည့် စစ်ဆင်ရေးများဆင်နွှဲစေခဲ့သည်။
ယခင်က သဘောထားမတိုက်ဆိုင်မှုကြောင့် KNU မှ ခွဲထွက်သွားသည့် ကရင် လက်နက်ကိုင်အစုအဖွဲ့တချို့ကိုလည်း နယ်မြေအတွင်း ပြန်လည်အခြေချ လှုပ်ရှားရန် ခွင့်ပြုပေးခဲ့သည်။
DKBA ခွဲထွက်အဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်စောကျော်သက် ဦးဆောင်သော အဖွဲ့၊ စောနယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေတပ်မတော်(KTLA) မှ ခွဲထွက်လာသည့် ဗိုလ်အယ်စေးဝါး အဖွဲ့ တို့ကို ပြန်လက်ခံခဲ့သည်။
ကရင် ဒေသတွင်းတိုက်ပွဲနှင့် အောင်ပွဲများ
အာဏာသိမ်းပြီး လပိုင်းမျှအကြာ KNU လှုပ်ရှားနယ်မြေတွင် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။
အာဏာသိမ်းပြီး ၂ လအကြာတွင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ် အခြေပြုထားသည့် စစ်ကောင်စီ၏ သီးမူးထာစခန်းကို သိမ်းခြင်းမှာ ပထမဆုံး စခန်းသိမ်းတိုက်ပွဲ ဖြစ်သည်။
နောက်ထပ် တစ်လအကြာတွင် သော်လဲထာစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ KNU တပ်မဟာ (၅) နယ်မြေ အတွင်းမှ စခန်းများ ဖြစ်သည်။

၂၀၂၂ ခုနှစ်သည် KNU နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲအများဆုံးနှစ်ဟု ဆိုရပေမည်။
တပ်မဟာ (၅) တွင် ကျောက်ညှပ်စခန်း၊ တပ်မဟာ (၆) သေ့ဘောဘိုးစခန်း၊ ဝေါလေရဲစခန်း၊ ကြိတ်စခန်း၊ တပ်မဟာ (၃) တွင် ကြောင်ပြာ၊ အောင်းလောင်းစိန်၊ ကျွန်းပင်ဆိပ်၊ ကော့ပြင်နှင့် ကျောင်းစုစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် KNU နှင့်၎င်း၏လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အတွက် သမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်သည့် အောင်ပွဲများရှိခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျိုက်ဒုံဗျူဟာ၊ မြဝတီမြို့ သင်္ကန်းညီနောင်ဗျူဟာ၊ ခြေမြန် တပ်ရင်း ၃ ခု ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဖာပွန်တွင် အခြေချစစ်ဗျူဟာ၊ ခမရ (၃၄၀) နှင့် ခမရ (၃၄၁) တို့မှအပ မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ယခုနောက်ဆုံးဆိုလျှင် မွန်-ကရင်နယ်စပ် မဲပလီဗျူဟာနှင့် KNU ၏ ဌာနချုပ်ဟောင်းနယ်မြေဖြစ်သော မာနယ်ပလောဒေသတို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

PDF သည် မဖွဲ့စည်းမီကပင် KNLA ၏ စစ်ဆင်ရေးများတွင် ပါဝင်နေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း စစ်ကြောင်းများဖွဲ့စည်းရာတွင်လည်း စစ်ကြောင်းမှူးသည် KNLA မှ ဖြစ်သည်၊ ဒုတိယစစ်ကြောင်းမှူးသည် PDF မှ ဖြစ်ပြီး ကွပ်ကဲမှုတာဝန်ကို ယူထားရသည်။
ဒေသတွင်း အခြားသော ကရင်လက်နက်ကိုင် အဖွဲ့များမှာ ကရင်နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ- PC တို့ဖြစ်သည်။
နယ်ခြားစောင့်တပ်
ကရင်နယ်ခြားစောင့်တပ်သည် စစ်အစိုးရလက်ထက်တွင် DKBA မှ ခွဲထွက်ကာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။
ကရင်နယ်ခြားစောင့်သည် စစ်တပ်နှင့်အတူ လှုပ်ရှားခဲ့ပြီး စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ကရင်အဖွဲ့အစည်းများအကြားညှိနှိုင်းမှုများပြီးနောက် ကရင်နယ်ခြားစောင့်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးတချို့အတွက် ကူညီခဲ့သည်။ ကျိုက်ဒုံဗျူဟာ၊ သင်္ကန်းညီနောင်ဗျူဟာနှင့် မြဝတီမြို့သိမ်းတိုက်ပွဲတို့တွင် BGF ၏ အကူအညီ များစွာပါဝင်ခဲ့သည်။ ကျိုက်ဒုံဗျူဟာသိမ်းတိုက်ပွဲတွင် BGF က ယင်းတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့ သည်၊ သင်္ကန်းညီနောင်ဗျူဟာ အစုလိုက်အပြုံလိုက် လက်နက်ချမှုတွင် BGF က ကြားဝင် ဆောင်ရွက်ပေး ခဲ့သည်။

ထို့အတူ မအောင်မမြင်ဖြစ်ခဲ့သည့် ၂၀၂၃ ခုနှစ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲ၊ ၂၀၂၄ မြဝတီ မြို့သိမ်း တိုက်ပွဲတို့တွင်လည်း BGF က နှစ်ဖက်စလုံးကို အကူအညီပေးခဲ့သည်။
နှစ်ဖက်စလုံးဟုဆိုရခြင်းမှာ ကော့ကရိတ်မြို့သို့ အောင်ဇေယျစစ်ကြောင်းဝင်မလာမီ ရက်ပိုင်းအလိုတွင် BGF ရောက်လာခဲ့ပြီး မြို့တွင်းရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏နေရာတွင် ဝင်ယူခဲ့သည်။ သို့ရာတွင် ထိုသို့နေရာယူမှုသည် တစ်ညသာ ဖြစ်ပြီး အောင်ဇေယျစစ်ကြောင်း ဝင်ရောက်မလာမီအချိန်ပိုင်းတွင် BGF ပြန်ထွက်သွားခဲ့သည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်မြို့သို့ ခလုတ်မထိ ဆူးမငြိဘဲ ဝင်ရောက်လာနိုင်ခဲ့သည်။
မြဝတီမြို့သိမ်းတိုက်ပွဲတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်မလာမီမှာပင် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ-၂၇၅ မှ စစ်သည် နှင့် မိသားစုဝင်များ BGF အစီအစဉ်ဖြင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (အမှတ်-၂ ) အောက်သို့ ရောက်သွားသည်။ ထို့အပြင် ယင်းတပ်ဖွဲ့များလိုအပ်သည့် ခဲယမ်းများ၊ သဲအိတ်အကာအကွယ်များကိုလည်း BGF ကပင် ထောက်ပံ့ပေးခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များ မြဝတီမြို့သို့ ဝင်ရောက်နိုင်ရန်လည်း BGF က အာရှလမ်းမြောက်ဘက် မြဝတီမြို့အနီး တပ်စွဲထားသည့် စခန်းကုန်းများမှ ဆုတ်ခွာပေးခဲ့သည်။
မြဝတီမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာကြပြီး ပေါ်ပေါက်လာသည့် အမှတ်-၂ တံတားအောက် တိုက်ပွဲတွင် BGF က စစ်ကောင်စီတပ်ကို ကူညီပေးခဲ့သည်။
နောက်ဆုံးတွင် မြဝတီမြို့မှ KNLA နှင့်တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး BGF က တံတား အောက်ရှိ စစ်ကောင်စီတပ်များကို မူလနေရာဖြစ်သည့် ခလရ-၂၇၅ အတွင်း ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
DKBA
DKBA သည်လည်း BGF နည်းတူ တန်ခိုးထွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
DKBA မှ ဗိုလ်စလုံးကဲ့သို့ တပ်မှူးအချို့သည်လည်း အာဏာသိမ်းပြီးနောက် နယ်စပ်သို့ ရောက်သွားသည့် လူငယ်များကို ယင်းတို့၏ ထီးရိပ်အောက်တွင် အကာအကွယ်ပေးခဲ့သည်။ ထိုလူငယ်များနှင့်ပင် စစ်ကောင်စီစခန်းတချို့ကို တိုက်ခိုက်ခဲ့သေးသည်။ မအောင်မမြင်ဖြစ်ခဲ့သည် ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲသည် ထင်ရှားသည်။
စစ်ကောင်စီနှင့် ဆက်ဆံရေးမပြတ်လိုသည့် DKBA ခေါင်းဆောင်ပိုင်းက ဗိုလ်စလုံးအပါအဝင် တော်လှန် ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့သည့် တပ်မှူးအချို့ကို တပ်ဖွဲ့မှ ထုတ်ပယ်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့် အတိအလင်းပူးပေါင်းမှုမရှိသော်လည်း DKBA သည် ယင်းတို့၏ နယ်မြေများ ကို တော်လှန်ရေးတပ်ဖွဲ့များရော စစ်ကောင်စီအတွက်ပါ ဖြတ်သန်း အသုံးပြုခွင့် ပေးထားသည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အမည် မခံဘဲ ဝင်ရောက်တိုက်ခိုက်နေသည့် DKBA တပ်ဖွဲ့ဝင်များလည်း ရှိနေသည်။
မြဝတီဒေသ ဖလူး-ဝေါလေ လမ်းပိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ရန် ဖိအားပေးခဲ့သူမှာ DKBA ဖြစ်သကဲ့သို့ ဘုရားသုံးဆူမြို့ပေါ်မှ စစ်တပ်ကို ယူနီဖောင်းဖြင့် မြို့ပြင်မထွက်အောင် ထိန်းသိမ်းထားသူ မှာလည်း DKBA ပင် ဖြစ်သည်။
BGF နည်းတူ DKBA သည်လည်း ကျားဖြန့်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ဆောင် သည့် တရုတ်လူမျိုးများကို ယင်းတို့၏ အာဏာစက်အောက်တွင် အကာအကွယ် ပေးထားသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ- PC
သမ္မတဦးသိန်းစိန်လက်ထက် အပစ်ရပ်အဖွဲ့တစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တော်လှန်ရေး တွင် ပါဝင်မှုက ရှင်းရှင်းလင်းလင်းရှိလှသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းများသယ်ဆောင်ပေးခြင်း၊ ရောင်းချခြင်း၊ နယ်မြေ အသုံးပြု ဖြတ်သန်းခွင့်ပေးခြင်းတို့ဖြစ်သည်။
ယင်းတို့နေရာအတွင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် အမြဲမပြတ်စည်ကား သိုက်မြိုက်စေ သည့် အဆိုပါတပ်ဖွဲ့သည် စစ်ကောင်စီနှင့်လည်း ပုလဲပနံသင့်လှသည်ဖြစ်ရာ စစ်ကောင်စီ စစ်ကြောင်း မြဝတီမြို့သို့ ချီတက်နိုင်ရန်လည်း ယင်းတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးထားသည်။
BGF နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့သည် အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ လုံးဝ မရှိခဲ့သည့်အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။
ပဋိပက္ခထဲက အကျိုးစီးပွားများ
KNLA မှ လွဲ၍ ကျန်သုံးဖွဲ့စလုံးသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်ရော စစ်ကောင်စီနှင့်ပါ သင့်မြတ်အောင် ပေါင်းနေကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ထို့ကြောင့်ပင် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းလိုက်၊ ယင်းအဖွဲ့များက ကြားဝင် ဆောင်ရွက်ပေး သည့်အတွက် ပြန်ဆုတ်ပေးရလိုက်၊ နောက်တဖန်ပြန်တိုက်လိုက်ဖြင့် အဆုတ်အတက် သံသရာလည်ခဲ့ သည်မှာ လွန်ခဲ့သော လေးနှစ်စလုံးပင်ဖြစ်သည်။ ထိုသို့ ဖြစ်နေသည့်နေရာမှာ အခြားသောတပ်မဟာများ ထက် အဖွဲ့စုံရှိနေသည့် KNU တပ်မဟာ (၆) နယ်မြေတွင် အသိသာအထင်ရှားဆုံးဖြစ်သည်။
ကရင် လက်နက်ကိုင်အဖွဲ့များတွင် မည်သည့်အဖွဲ့က အင်အားပိုတောင့်တင်းသည်ကို အတိအကျ ပြောရ ခက်သည်။
သို့ရာတွင် ကရင်လက်နက်ကိုင် လေးဖွဲ့အနက် KNLA မှ လွဲလျှင် ကျန်သုံးဖွဲ့မှာ လက်နက်ခဲယမ်းတောင့်တင်း ကာ တပ်ဖွဲ့ဝင်များကိုလည်း အတန်အသင့်ငွေကြေးထောက်ပံ့နိုင်သည်။ တစ်လလျှင် မြန်မာငွေ ကျပ်ငါးသိန်းဝန်းကျင်နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ သုံးထောင်မှ ငါးထောင်အကြား ထောက်ပံ့နိုင်သည်။

BGF, DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့သည် အာဏာမသိမ်းမီကပင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ ကာစီနိုများ၊ ကားနှင့်ကုန်ပစ္စည်းမှောင်ခိုလုပ်ငန်းများ၊ လူမှောင်ခို လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများဖြင့် ကျိကျိတက်ချမ်းသာနှင့်ကြပြီးဖြစ်သည်။
အာဏာသိမ်းမှုဖြစ်ပေါ်လာသည့်အခါ တော်လှန်ရေးတပ်ဖွဲ့အသီးသီးအတွက် လက်နက်ခဲယမ်း မှောင်ခို လုပ်ငန်းများလုပ်ကိုင်ရန် အခွင့်အလမ်းပိုရှိလာခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မြန်မာ-ထိုင်း အဓိက ကုန်သွယ်မှုလမ်းမကြီး ပိတ်သွားခဲ့ပြီးနောက် DKBA ခွဲထွက်မှ ဗိုလ်စောကျော်သက် ဦးဆောင်သည့်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ BGF တို့က အာရှ လမ်းဟောင်းနှင့် မြဝတီ-ထို့ကော်ကိုး လမ်းများကို အသုံးပြုစေကာ အခွန်ကောက်ခြင်းဖြင့် ဝင်ငွေရလမ်း ဖြောင့်ဖြူးနေကြသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် စက်သုံးဆီရောင်းချမှုကို ပိတ်ပင် လိုက်ချိန်တွင်လည်း လိုအပ်သည့် စက်သုံးဆီများကို KNU နယ်မြေအတွင်း ဖြတ်သန်းခွင့် ပြုစေခြင်းဖြင့် KNU အတွက် အကျိုးအမြတ်ရရှိနေပြန်သည်။
တစ်နည်းအားဖြင့် မြန်မာ-ထိုင်း အာရှလမ်းမကြီးကို ပိတ်ထားနိုင်ခြင်းက ကရင်လက်နက်ကိုင်အဖွဲ့ အားလုံး အတွက် အကျိုးစီးပွား မျှဝေခံစားခွင့်ရနေသည်။
ကရင့် တော်လှန်ရေး၏ ပစ္စုပ္ပန်
စိန်ရတု ကြာညောင်းခဲ့ပြီဖြစ်သည့် ကရင့်တော်လှန်ရေးသည် အနိမ့်အမြင့်များစွာကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။
အကျိုးစီးပွားနွံထဲမှ ရုန်းထွက်ရန် ခက်ခဲနေစဉ် အကွဲကွဲအပြားပြား ဖြစ်နေသည့် ကရင် လက်နက်ကိုင်များ ယခု ပစ္စုပ္ပန်တွင် ပေါင်းစည်းနိုင်ပြီဟုလည်း မဆိုနိုင်သေးပေ။
ကရင်တော်လှန်ရေး၏ စတုတ္ထမျိုးဆက်ဟု ခေါ်ရမည့် လူငယ်များတွင် တော်လှန်ရေးထဲ နိုင်ငံရေး နိုးကြားမှုဖြင့် ပါဝင်လာမှုက သိသာစွာ လျော့ကျလာနေသည်။ အရွယ်ရောက် ကရင်လူငယ်များသည် အိမ်နီးချင်းနိုင်ငံ များသို့ ထွက်ခွာကာ မိမိဘဝနှင့် မိသားစု ဘဝရပ်တည်ရေးအတွက် ရွေးချယ်လာကြသည်။
ထို့သို့ဖြစ်လာရခြင်းမှာလည်း ကရင်လူငယ်များကို အပြစ်မဆိုသာပေ။
အကွဲကွဲအပြားပြားဖြစ်နေသည့် ကရင်လက်နက်ကိုင်များ၊ အကျင့်ပျက်ခြစားမှုနှင့် ကိုယ်ကျိုး စီးပွား သမားတို့ကို ယင်းတို့၏ အနီးအနားတွင် ကာလကြာရှည်မြင်တွေ့လာရခြင်းမှာလည်း တော်လှန်ရေးတွင် ပါဝင်မှု နည်းပါးခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်လာသည်။
ထိုးစစ်
အာဏာသိမ်းပြီးနောက် ဖော်ဆောင်သည့် ကရင်တို့၏ ထိုးစစ်များသည် ကချင်၊ ပလောင်၊ ရခိုင်၊ ကိုးကန့် တို့နှင့် အမြဲတန်းလိုလို နှိုင်းယှဉ်ခံနေရသည်။ ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် ကရင် လက်နက်ကိုင်များ အပေါ်တွင် ဝေဖန်မှုများ သိသိသာသာထွက်ပေါ်လာခဲ့သည်။
ယမန်နှစ်က မအောင်မမြင်ဖြစ်ခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်အကြာ ယခု ၂၀၂၅ ဧပြီ တွင် နောက်ထပ်တဖန် ကြီးမားသည့် ထိုးစစ်ကြီးကို ကရင်လက်နက်ကိုင်များ ဖော်ဆောင်နေပြီဖြစ်သည်။
ထိုစစ်ဆင်ရေးသည် ယမန်နှစ်က ဖော်ဆောင်ခဲ့သည့် အာရှလမ်းပေါ်မှ စစ်ဆင်ရေးများနှင့် ကွဲပြားခြားနားမှု အနည်းငယ်ရှိနေသည်။
ယခု စစ်ဆင်ရေးတစ်ခုလုံးကို KNLA က ဦးဆောင်ကာ ကရင်နှင့် မဟာမိတ်မွန်လက်နက်ကိုင်များ ဖော်ဆောင် လာခြင်းဖြစ်သည်။ ကရင်နှင့် မွန် လက်နက်ကိုင်များထံသို့ အသွင်ပြောင်းခဲ့သူများမှလွဲ ယခုစစ်ဆင်ရေးတွင် PDF ပါဝင်မှုက ပြောပလောက်အောင် မရှိပေ။
ယခုစစ်ဆင်ရေးမတိုင်မီကပင် KNLA က အနန်းကွင်းဗျူဟာကို တစ်နှစ်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့သေး သည်။ အဆိုပါ တိုက်ခိုက်မှု မပြီးပြတ်သေးခင်မှာပင် ကော့ကရိတ်၊ ကျုံဒိုး ဒေသတိုက်ပွဲများကို ဖော်ဆောင်လာခြင်းဖြစ်သည်။
ယခုတဖန်ထိုးစစ်တွင်မူ အင်အားသုံးစွဲမှုအပြင် ယခင်က သေနတ်မဖောက်ရနယ်မြေအဖြစ် သတ်မှတ်ထား သည့် KNU တပ်မဟာ (၇)၊ အာရှလမ်းမ မြောက်ဘက်အခြမ်းတွင်ပါ တိုက်ပွဲများ ဖော်ဆောင်လာသည့် အတွက် ယခင်နှင့်မတူ ထူးခြားသည့်အောင်မြင်မှုများပြကာ ဝေဖန်သူများကို နှုတ်ဆိတ်စေမည်လား ဆိုသည်က စိတ်ဝင်စားစရာကောင်းနေသည်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲမှ စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို တပ်မဟာ (၇) တပ်ဖွဲ့ဝင်များက မေ ၁၄ ရက်နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်သည်။ ပစ်ခတ်တိုက်ပွဲသံများ ပြင်းထန်သဖြင့် ထိုင်းစစ်တပ်က ၎င်းတို့ဘက်ခြမ်းမှ လုံခြုံရေးရယူထားခဲ့ရသည်။

တပ်မဟာ (၇) သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလော ဒေသကို တပ်မဟာ (၅) တပ်များနှင့်အတူ ပူးပေါင်းသိမ်းယူခဲ့ရာမှ နယ်မြေအတွင်း တိုက်ပွဲများ စတင်ခဲ့သည်။
လက်ရှိတွင် တပ်မဟာ (၇) နယ်မြေရှိ စစ်ကောင်စီ၏ အမှတ် (၃၁) ခြေလျင်တပ်ရင်း အခြေစိုက်ရာ ပွိုင့် ၁၂၄၈ စခန်း (ခေါ် ) ပူးလူးတူတပ်စခန်း၊ ခလယ်ဒေးစခန်း၊ မော်ဖားသူစခန်း၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း၊ တာလယ်ဗျူဟာစခန်း စသည့် စစ်စခန်း ၅ ခုတို့ကို ဆက်တိုက်သိမ်းပိုက်ထားသည်။
KNU တပ်မဟာ (၇) ရှိ စခန်းများကို စစ်တပ်က အလွယ်တကူ လက်လွှတ်နေရခြင်းမှာ BGF က ထိုနယ်မြေရှိ စစ်ကောင်စီတပ်ကို အကာအကွယ်အထောက်အပံ့ မပေးတော့သည့် အတွက်ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာသိမ်းပြီးချိန် ကာလတလျှောက်လုံး စစ်တပ်က နယ်စပ် စစ်စခန်းများကို ထောက်ပံ့ပို့ဆောင်ရေးအတွက် BGF နယ်မြေကို အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်သည်။
မည်သို့ဆိုစေ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် ယခု ၂၀၂၅ နှစ်တွင် ကရင်တိုင်းရင်းသားတို့ ဖော်ဆောင်လာသော ထိုးစစ် မည်၍ မည်မျှခရီးပေါက်မည်ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်။

(ကစောဖိုးသည် ထိုင်းမြန်မာနယ်စပ် အခြေစိုက် အလွတ်တန်းသတင်းထောက်တစ်ဦး ဖြစ်သည်။)