သတင်း

ထိုင်းနယ်စပ်မှ တာလယ်ဗျူဟာကုန်းကို စစ်ကောင်စီလက်ထဲမှ KNU သိမ်းပိုက်

မြန်မာနှင့်ထိုင်းကို နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်နှင့် ၅ မိုင်ခန့်ဝေးသည့် တာလယ်ဗျူဟာစခန်းကို မေလ ၉ ရက်နေ့က KNU တပ်မဟာ ၇ ကစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ထဲမှ စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို ၎င်းတို့၏တပ်မဟာ ၇ တပ်ဖွဲ့ဝင်များက ယနေ့(မေ ၁၄) နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဆင်မြင့်အရာရှိက Myanmar Now ကိုအတည်ပြုပြောဆိုလိုက်သည်။ 

မြန်မာနှင့်ထိုင်းကို နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်နှင့် ၅ မိုင်၊ လှိုင်းဘွဲ့မြို့နှင့် ၂၅ မိုင် အကွာတွင်ရှိသည့် တာလယ်ရွာ အရှေ့မြောက်ဘက် တောင်ကုန်းပေါ်မှ ထိုစစ်စခန်းတွင် စစ်ကောင်စီ၏ အမှတ် ၂၄ ခြေလျင်တပ်ရင်း (ခလ၇-၂၄) တပ်စွဲခဲ့သည်ဟု ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်ကဆိုသည်။

KNU တပ်မဟာ ၇ သည် ထိုစစ်စခန်းကို မေလ ၉ ရက်ညပိုင်းတွင်စတင်ထိုးစစ်ဆင်ခဲ့ပြီး ငါးရက်အကြာတွင် အပြီသိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်များသည် ထိုစခန်းအတွင်းမှ လေးရက်ခန့် ခုခံပစ်ခတ်ခဲ့သော်လည်း နောက်ဆုံးတွင် ဆုတ်ခွာသွားသည်ဟု KNU အဆင့်မြင့်အရာရှိကဆိုသည်။

လှိုင်းဘွဲ့မြို့နယ်အတွင်းမှ စစ်ကောင်စီစခန်းများကို ယင်းဒေသတွင်လှုပ်ရှားသည့် KNU တပ်မဟာ ၇ ကထိုးစစ်ဆင်နေကြောင်းလည်း ၎င်းကဆိုသည်။

အခြားတဖက်တွင် KNU တပ်မဟာ ၃ နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့်မေလ ၁၁ ရက်နေ့က ပဲခူးတိုင်း ရွှေကျင်မြို့တောင်ဘက်မှ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းအမှတ် ၅၉၈ ပင်မစခန်းကို ယာယီသိမ်းပိုက်ခဲ့သည်။ ထိုစစ်စခန်းကိုစစ်တပ်က စစ်ကူများလွှတ်ကာ ပြန်လည်အခြေချနေသည်။

 ပြီးခဲ့သည့်မတ်လအတွင်းက ထိုင်းနယ်စပ်မှ စစ်ကောင်စီ၏ ခလယ်ဒေးစစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- KNU)

ယနေ့သိမ်းပိုက်လိုက်သည့် တာလယ်ဗျူဟာစခန်းအပါအဝင် လှိုင်းဘွဲ့မြို့နယ်ထဲမှ KNU သိမ်းပိုက်ထားသည့် စစ်စခန်းများကိုတော့ စစ်ကောင်စီကစစ်ကူပို့ပြီး ပြန်သိမ်းရန်အတွက် ဖြစ်နိုင်ခြေမရှိကြောင်း Myanmar Now ကိုဖြေကြားသည့် KNU အဆင့်မြင့်အရာရှိကပြောသည်။

“လေကြောင်းနဲ့တော့ လာတိုက်နိုင်တာပေါ့။ မြေပြင်ကနေတော့ စစ်ကြောင်းပြန်ထိုးနိုင်တဲ့အခြေအနေမရှိဘူး။ တကယ်လို့ထိုးလာမယ်ဆိုရင်လည်း PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေနဲ့ အရင်တိုက်ရမယ်။ စစ်ကူပို့ရမယ့်လမ်းကြောင်းက ဝေးတယ်။ လမ်းမှာ ဖြတ်တိုက်ခံရမယ့် အခြေအနေဆိုတော့ သူတို့အတွက် မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ ၇ သည် ယခင်က စစ်ကောင်စီတပ်ကို တိုက်စစ်ဆင်မှုမရှိခဲ့ဘဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလောအား တပ်မဟာ (၅) ဖာပွန်ခရိုင်တပ်များ နှင့် အတူပူးပေါင်းသိမ်းယူခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် (၃၁) အခြေစိုက်ရာ ပွိုင့် ၁၂၄၈ စခန်း (ခေါ် ) ပူးလူးတူတပ်စခန်း ၊ ခလယ်ဒေးစစ်ကောင်စီစခန်း ၊ မော်ဖားသူစခန်း ၊ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်း ၊ တာလယ်ဗျူဟာစခန်း စသည့် စစ်စခန်း ၅ ခုတို့ကို ဆက်တိုက် သိမ်းပိုက်လာသည်။

 KNU တပ်မဟာ ၇ သိမ်းသည့် စစ်စခန်းများ

တပ်မဟာ ၇ သည် KNU နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများ မရှိစေရမူအရ စစ်ကောင်စီစခန်းများကို ရှင်းလင်းနေခြင်းဖြစ်ကြောင်း KNU အဆင်မြင့်အရာရှိက ပြောသည်။

စစ်ကောင်စီတပ်စခန်းများ ရှင်းလင်းသွားသည့်ဒေသတွင် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရန်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

Related Articles

Back to top button