သွေးကင်ဆာကြောင့် ပုံမှန်ဆေးကုသမှုခံယူနေရသူ ဒေါက်တာဇော်မြင့်မောင်မှာ မတ် ၃၁ ရုံးချိန်းတွင် ၎င်း၏ ရှေ့နေနှင့် လူချင်းတွေ့ဆုံခွင့် ရရှိခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မန္တလေးတိုင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို အတည်ပြုသည်။
“အဆိုးကြီးမဟုတ်ပါဘူး။ ကျန်းမာပါတယ်။ နောက်တစ်ခုက အသက်ကြီးတော့ နည်းနည်းတော့ ကျတာပေါ့။ စကားပြောတာလည်း မာမာချာချာရှိတယ်။ သွက်သွက်လက်လက်ရှိတယ်လို့ သူ့ရှေ့နေတွေထံမှ သိရပါတယ်” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်အပါအဝင် ပြည်နယ်တိုင်း ဝန်ကြီးချုပ်များ ဖမ်းဆီးထိန်းသိမ်းခံရသည်။
ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၉ တို့ဖြင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် တရားရင်ဆိုင်နေရသူ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်များနှင့် ပတ်သက်ပြီး မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က တရားလိုပြုလုပ်၍ ဖေဖော်ဝါရီ ၁၅ တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် ပထမရုံးချိန်းနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၈ ကတည်းကပင် ၎င်း၏ရှေ့နေ အဖွဲ့၊ ဇနီးဖြစ်သူ ဒေါက်တာယုယုမေတို့နှင့် Video Conferencing ဖြင့် တွေ့ဆုံ စကားပြောခွင့်ရရှိခဲ့သော်လည်း လူချင်းတွေ့ဆုံခွင့် မရခဲ့ပေ။
ပြီးခဲ့သည့် မတ် ၃၁ ရုံးချိန်းတွင်မှ ရှေ့နေနှင့် လူချင်းတွေ့ဆုံ စကားပြောခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ မိသားစုနှင့်တွေ့ဆုံခွင့်ရရှိရန် ရှေ့နေမှတစ်ဆင့် ထပ်မံတောင်းဆိုထားကြောင်း သိရသည်။
စစ်ကောင်စီသည် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အဖွဲ့ဝင် ပြည်ထောင်စုအမတ် ၁၇ဦး၊ မန္တလေးတိုင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကိုလည်း တရားစွဲဆိုထားသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်လာစေရန် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြား လူတစ်စုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ အရ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။