
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်မှရမည်ဟု ပြတ်သားသည့် ယုံကြည်ချက်တစ်ခု မြန်မာ ပြည်သူများအကြား ပေါက်ဖွားပေးလိုက်သော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ များ (PDFs) နိုင်ငံအနှံ့ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည့်မှာ လေးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေး လေးနှစ်တာကာလခရီးကို ပြန်လည်ဆန်းစစ်လေ့လာပါက ပြည်တွင်းစစ်သမိုင်းတစ်လျှောက် မကြံဖူးသော တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအောင်မြင်မှုများက စစ်တပ်သည် တိုင်းပြည်တွင် အင်အား အတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့၊ မည်သို့မျှ မပြိုလဲနိုင်သောအဖွဲ့အစည်း ဆိုသည့် အတွေးအခေါ်မှ စစ်တပ် ပြိုလဲသွားနိုင်သည် ဟု စတင်တွေးခေါ် လာကြသည်။
မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား စစ်တပ်၏ ဖြစ်တည်မှုအပေါ် အမြင်ပြောင်းလဲလာခြင်း အကြောင်းတရားများထဲမှ တစ်ခုမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင် ရေး” ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး စစ်တပ်အပေါ် စစ်ရေးအောင်ပွဲကြီးများ အလီလီရရှိခဲ့ခြင်းက အဓိက ဖြစ်ပေလိမ့်မည်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုသည်မှာ ရည်မှန်းချက်သက်သက်မဟုတ်ဘဲ အောင်မြင်ရန် လက်တစ်ကမ်းသို့ ရောက်ရှိလာပြီဟု ပြည်သူများအကြား ယုံကြည်ချက် မြင့်တက်ခဲ့ကြသည်။

သို့သော် ၂၀၂၅ ခုနှစ်သို့ ရောက်ရှိလာသောအခါ စစ်တပ်ကို ဝိုင်းဝန်းထိုးစစ်ဆင်သော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (EROs) သည် ထိုးစစ်များကို ရပ်တန့်လိုက်ကြ၊ သို့မဟုတ် သိသိသာသာ လျှော့ချလိုက်ကြ သည်။ ထိုအခြေအနေသည် EROs များ၏ နယ်မြေများတွင် ရပ်တည်နေရပြီး၊ ၎င်းတို့၏ COC (Command and Control) အသီးသီးအောက်တွင် စစ်ရေးလှုပ်ရှားကြရသော PDFs များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိခဲ့ပေသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခြင်းသည် နိုင်ငံသစ်၊ စနစ်သစ် တည်ဆောက် ရေး၏ အရေးပါသော ပထမခြေလှမ်း ဖြစ်ပြီး၊ နိုင်ငံ၏အနာဂတ်အတွက် မဟာဗျူဟာအမြော်အမြင် ချမှတ် ဆောင် ရွက်ရသောကိစ္စ ဖြစ်သည်။ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDFs တပ်ဖွဲ့များနှင့် EROs တို့အကြား ရှင်းလင်းပြတ်သားသော မဟာဗျူဟာအမြော်အမြင် ချမှတ်ဆောင်ရွက်မှသာ ရည်ရွယ်ရာ ခရီး ပေါက်မြောက်နိုင်ပါလိမ့်မည်။
ဤဆောင်းပါးသည် မြန်မာပြည်သူများ လိုလားတောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေးနှင့် နိုင်ငံ သစ် တည်ဆောက်ရေးအတွက် ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးသည် တစ်နိုင်ငံလုံး လွှမ်းခြုံစဥ်းစား သော မဟာဗျူဟာအမြော်အမြင် (Strategic Insight) လိုအပ်ချက်ကို ဆန်းစစ်လေ့လာ တင်ပြသွားပါမည်။

ထိုးစစ်များ ရပ်တန့်လိုက်ခြင်းဖြင့် မဟာဗျူဟာအမြော်အမြင် အားနည်းချက်ကို ရန်သူအား အသိပေးခဲ့ခြင်း
“၁၀၂၇ စစ်ဆင်ရေး” ဖြစ်စဥ်ကို ပြန်လည်ဆန်းစစ်လေ့လာသည့်အခါ ထိုစစ်ဆင်ရေး၏ ပြောင်မြောက်သော စစ်ရေး အောင်ပွဲကြီးများကို မြင်ရကြားရသူ ပြည်သူအပေါင်း ထိုအချိန်က ကြက်သီးတဖျဉ်းဖျဉ်းထ စိတ်လှုပ်ရှားခဲ့ကြ ရသည်။ ထိုအခြေအနေမှ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းရောက်လာသည့်အခါ ထိုးစစ်များ ရပ်တန့်သွားခြင်း သို့မဟုတ် လျှော့ချလိုက်ခြင်း ဖြစ်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားခဲ့ကြလိမ့်မည် မဟုတ်ပါ။
ထိုးစစ်များ ရပ်တန့်သွားခြင်းအတွက် ပြည်သူများအကြား မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော်လည်း၊ ကျေနပ် လောက်သော အဖြေများ မရရှိခဲ့ကြပါ။ အကြောင်းအမျိုးမျိုးရှိနိုင်ပြီး တရုတ်အစိုးရ၏ ဖိအားကြောင့် ဟူသော သုံးသပ်မှုက သိသာအထင်ရှားဆုံး အကြောင်းရင်းအဖြစ် လွှမ်းမိုးထားသည်။ သို့သော် တရုတ်အစိုးရ၏ ဖိအားပေးခံရမှု အပြင် အခြားအကြောင်းရင်းများလည်း ရှိနေနိုင်ပြီး၊ ရှာဖွေလေ့လာကြည့်မိရာ ဖြစ်တန်ရာခြေ ငါး ရပ်ကို လေ့လာ သုံးသပ်မိသည်။
ပထမ ဖြစ်တန်ရာခြေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စတင်ခဲ့သော ထိုးစစ်များကို ဦးဆောင်ခဲ့ကြသည့် MNDAA နှင့် TNLA တို့သည် ၎င်းတို့၏ မူလရည်မှန်းချက်များထက်ပင် ကျော်လွန်သော နယ်မြေသိမ်းပိုက်ထိန်းချုပ်နိုင်မှုများ ရရှိ သွားခြင်းက ထိုနှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်များကို အံ့အားသင့်စေမှုနှင့်အတူ သိမ်းပိုက်နယ်မြေများကို မည်သို့စီမံ အုပ်ချုပ်ရ မည်ဆိုသည့် စိန်ခေါ်မှုအသစ်ကို တစ်ပါတည်း ရင်ဆိုင်ခဲ့ကြရသည်။
ဒုတိယ ဖြစ်တန်ရာခြေမှာ “၁၀၂၇ စစ်ဆင်ရေး” ကို တစ်နှစ်ကျော်ကြာ အဆင့် နှစ်ဆင့်ဖြင့် အပြင်းထန်ဆုံး ထိုးစစ် များ ဆင်နွှဲခဲ့ကြသော တပ်ဖွဲ့ဝင်များကို အနားပေးရန် လိုအပ်လာခြင်းက စစ်ရှိန်လျှော့ချလိုက်ခြင်း ဖြစ်နိုင်ပါသည်။ ၎င်းတို့၏ တိုင်းရင်းသားနယ်မြေအသီးသီးကို ကျော်လွန်၍ နယ်မြေများသိမ်းပိုက်နိုင်ခဲ့ခြင်းက ထိုသို့ စစ်ရှိန်လျှော့ချ ရန် MNDAA နှင့် TNLA ခေါင်းဆောင်များ၏ စဥ်းစားချက်ကို လွှမ်းမိုးခဲ့ဟန်တူသည်။

တတိယ ဖြစ်တန်ရာခြေမှာ ယခင်က မျှော်မှန်း၍ပင်မရနိုင်သော ကြီးမားကျယ်ပြန့်သည် နယ်မြေအကျယ်အဝန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်သည့်အခါ ထိုနယ်မြေများ ပြန်လည်လက်လွှတ်ဆုံးရှုံးရခြင်းမရှိအောင် လုံခြုံရေးနှင့် အုပ်ချုပ် ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လာခြင်း၊ ထိုလုပ်ငန်းများအတွက် တပ်ဖွဲ့အင်အားများထဲမှ ထုတ်နုတ်သုံးစွဲ ရခြင်းများကြောင့် ထိုးစစ်အရှိန်ကို လျှော့ချခဲ့ခြင်း ဖြစ်နိုင်ပါသည်။
စတုတ္ထ ဖြစ်တန်ရာခြေမှာ တစ်နှစ်ကျော် ထိုးစစ်များအတွင်း ကုန်ကြခဲ့သော စစ်သုံးစရိတ်များ ပြန်လည်ဖြည့်တင်း ရေး အခွန်ဘဏ္ဍာများ ပြန်လည်ရှာဖွေရန် လိုအပ်ချက်ကြီးမားလာခြင်း၊ ထို့အတွက် သိမ်းပိုက်နယ်မြေများမှ အခွန် ငွေများ ရှာဖွေခြင်းလုပ်ငန်းအတွက် ဖြစ်နိုင်ပါသည်။
ပဥ္စမ ဖြစ်တန်ရာခြေမှာ စစ်တပ်က တပ်သားသစ်များကို အပြင်းအထန်စုဆောင်းလာခြင်းက တန်ပြန်ထိုးစစ် အတွက် ပြင်ဆင်ခြင်းအဖြစ် MNDAA နှင့် TNLA စစ်ရေးခေါင်းဆောင်များ သတိကြီးကြီးဖြင့် မျှော်လင့်နေကြပါလိမ့် မည်။ ထိုကဲ့သို့ တန်ပြန်ထိုးစစ်ဆင်လာလျှင် သိမ်းပိုက်နယ်မြေများ မဆုံးရှုံးရေး ခံစစ်အသွင် ပြောင်းရန် လိုအပ်သော ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်ရန် လိုအပ်ချက်များ ရှိလာခြင်း စသည့် အချက်များကို လေ့လာတွေ့ရှိရသည်။
ထိုဖြစ်တန်ရာခြေ ငါးရပ် အခြေခံပေါ်မှ သုံးသပ်လျှင် “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့သော မြောက်ပိုင်းညီနောင် သုံးဖွဲ့၏ ခေါင်းဆောင်မှုအပိုင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြွေးကြော်ခဲ့ကြသော်လည်း၊ လက်တွေ့ တွင် ထိုရည်မှန်းချက်ကို အမှန်တကယ်ဖော်ဆောင်မည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံစဥ်းစားထားသော မဟာဗျူဟာ အခင်းအကျင်းနှင့် အမြော်အမြင် မရှိခဲ့သောအချက်ကို အထင်အရှား တွေ့လာရပြီ ဖြစ်သည်။
မဟာဗျူဟာအမြော်အမြင်ထက် ဒေသန္တရအမြင်တွင် ပိတ်မိနေကြသူများ
မဟာဗျူဟာ အမြော်အမြင် ဆိုရာတွင် တစ်နိုင်ငံလုံးနှင့်ဆိုင်သော စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး လွှမ်းခြုံထား သော အမြော်အမြင်ကို ဆိုလိုသည်။ ထိုကဲ့သို့ မဟာဗျူဟာအမြော်အမြင် ရှိရမည်ကို “၁၀၂၇ စစ်ဆင်ရေး” ဖော် ဆောင်ခဲ့သော ခေါင်းဆောင်များအကြား ရှိထားပါက စစ်ရေးအောင်မြင်မှုများ ရရှိလာခြင်းနှင့်အတူ ကျယ်ပြန့်သော မဟာမိတ်ဖွဲစည်းမှုကို လျင်လျင်မြန်မြန် လုပ်ဆောင်ကြရပေလိမ့်မည်။
အကြောင်းမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်အတွက် ၎င်းတို့ သုံးဖွဲ့တည်း ဆောင်ရွက်၍ မရသလို၊ ၎င်းတို့ဒေသများတွင် လာရောက်ခိုလှုံ၊ စစ်သင်တန်း တက်ပြီး၊ လက်နက်တပ်ဆင်ပေးထားသော PDFs တပ်ဖွဲ့ တစ်ချို့ကို ၎င်းတို့၏ COC အောက်တွင် ပူးပေါင်းတိုက်ပွဲဝင်ခြင်းဖြင့်လည်း မလုံလောက်ပါ။ သို့သော် အရှိတရားက ထိုကဲ့သို့ စစ်ရေးပူးပေါင်းမှုအမျိုးအစားကိုသာ တွေ့မြင့်ခဲ့ရပြီး၊ မဟာဗျူဟာအမြော်အမြင် ချမှတ်ထားခြင်း မရှိခဲ့ပေ။
“၁၀၂၇ စစ်ဆင်ရေး” က ရှမ်းမြောက်ရှိ စစ်တပ်စခန်း ရာနှင့်ချီ သိမ်းပိုက်အောင်နိုင်ခဲ့သော်လည်း၊ နိုင်ငံအနှံ့တွင် စစ်တပ်၏ စခန်းပေါင်း ထောင်နှင့်ချီ ကျန်ရှိနေသေးပြီး၊ စစ်ဗိုလ်ချုပ်များတွင် ငွေကြေး၊ လက်နက်ခဲယမ်း အရင်း အမြစ်များ အများအပြားရှိနေသေးသဖြင့်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မျှော်လင့်ချက် မြင့်မားလာသော်လည်း အောင်မြင်ပြီးမြောက်နိုင်ရန်မှာ များစွာလိုအပ်နေသေးသည်။
ထိုအခြေအနေတွင် လက်နက်ကိုင်တော်လှန်ရေး တစ်ခုတည်း ဆင်နွှဲရုံမျှ၊ နယ်မြေသိမ်းပိုက်ရုံမျှဖြင့် မလုံလောက် ဘဲ၊ နိုင်ငံရေးနှင့် သံတမန်ရေး ဖိအားများ တစ်ပါတည်း တွဲဆက်လိုက်ပါလာရန် အရေးကြီးမှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အကြီးအကဲများ အလေးထားခဲ့ဟန်မတူပါ။ ၎င်းအစား အဆိုပါ ခေါင်းဆောင်များသည် ကျဥ်းမြောင်းသောဒေသန္တရအမြင်ထဲတွင် ပိတ်မိနေခဲ့ကြသည်။
အကယ်၍ ထိုအချိန်ကတည်းက နိုင်ငံရေးနှင့် သံတမန်ရေး၏ အရေးပါပုံကို သိမြင်နားလည် အလေးထားခဲ့မည် ဆိုလျှင် မြန်မာပြည်သူများကို ကိုယ်စားပြုသော တရားဝင်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအစိုးရများနှင့် တရားဝင် ထိတွေ့ဆက်ဆံရေး တည်ဆောက်ထားပြီးဖြစ်သော NUG ၏ နိုင်ငံရေးခေါင်းဆောင်များနှင့် လက်ချင်းချိတ်ပြီး၊ နိုင်ငံရေးနှင့် သံတမန်ရေးထိုးစစ်များ တစ်ပြိုင်နက်တည်းဆင်နွှဲရန် မဟာဗျူဟာအမြော်အမြင်ရှိရှိ စနစ်တကျအစီအစဥ် ရေးဆွဲ လုပ်ဆောင်ခဲ့ပြီး ဖြစ်နေပါလိမ့်မည်။

ထိုကဲ့သို့ တွေ့မြင်ရခြင်း မရှိသည့်အခါ NUG နှင့် EROs ခေါင်းဆောင်များအကြား ဆက်ဆံရေးကို တော်လှန်ရေး ကာလတစ်လျှောက်လုံး မေးခွန်းထုတ်ခဲ့ကြပြီး၊ ယနေ့အထိ ကျေနပ်လောက်သော အဖြေမရရှိခဲ့ကြပါ။ သို့သော် ယခုနောက်ပိုင်းနှစ်များအတွင်း EROs ခေါင်းဆောင်များနှင့်နီးစပ်သော အသိုင်းအဝန်းမှ ကြိမ်ဖန်များစွာ ထွက်ပေါ် လာသော တီးတိုးသတင်းစကားများအရ ၎င်းတို့သည် NUG နှင့်တန်းတူ နိုင်ငံတကာက အသိအမှတ်ပြုဆက်ဆံခြင်း ကို ရလိုကြသည် ဆိုသည့် အချက်ဖြစ်သည်။
နိုင်ငံတကာက ၎င်းတို့အား တိုက်ရိုက်ဆက်ဆံခြင်းကိုသာ လိုလားကြပြီး၊ NUGနှင့် တွဲ၍သော်လည်းကောင်း၊ NUG မှ တစ်ဆင့် သော်လည်းကောင်း ဆက်ဆံခြင်းကို မနှစ်သက်ကြပါ။ ၎င်းတို့အား အဆင့်နှိမ့် ဆက်ဆံသည်ဟု သတ်မှတ် ပြီး လက်မခံလိုကြပါ။ တဖန် ထိုတိုင်းရင်းသားခေါင်းဆောင်များကို NUG နှင့် ဆက်ဆံရေးအခြေအနေအား မီဒီယာ များမှ မေးမြန်းကြသည့်အခါ မဟာမိတ်များဖြစ်ကြောင်း၊ ဆက်ဆံရေးရှိကြောင်း ဖြေဆိုကြလေ့ ရှိပြန်သည်။ NUG ဘက်ကလည်း အလားတူ အဖြေမျိုး ကြားရလေ့ရှိသည်။
နိုင်ငံတကာအသိုက်အဝန်းကလည်း EROs ခေါင်းဆောင်များ၏ အဆိုပါ လိုလားချက်ကို ကောင်းစွာသိရှိလာကြပြီး EROs ခေါင်းဆောင်များနှင့် သီးသန့်ထိတွေ့မှုများ ပြုလုပ်လာကြသည်။ သို့သော် ပကတိအရှိတရားကို ထောက်ပြ ရလျှင် နိုင်ငံတကာစည်းမျဥ်းများအရ နိုင်ငံတကာအစိုးရများသည် EROs များကို လက်နက်ကိုင်အဖွဲ့အစည်း၊ EROs ခေါင်းဆောင်များကိုလည်း စစ်ခေါင်းဆောင်များအဖြစ်သာ အသိအမှတ်ပြုကြပြီး၊ နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေး ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြု ဆက်ဆံကြလေ့ မရှိပါ။
ခြုံ၍လေ့လာသုံးသပ်ရလျှင် NUG ရရှိနေသော နိုင်ငံတကာအသိအမှတ်ပြုမှုမျိုး EROs ခေါင်းဆောင်များလည်း တန်းတူရရှိရေး သီးခြား ကြိုးပမ်းလာကြခြင်းက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရည်မှန်းချက်ကို အကောင် အထည်ဖော်နေခြင်းထက်၊ တော်လှန်ရေးအင်အားစုများ၏ “အတွင်းအာဏာပြိုင်ဆိုင်မှု” တစ်ခုအဖြစ် တိုးတိတ်စွာ ဖြစ်တည်လာခဲ့ရာမှ သိသိသာသာဖြစ်လာသည်မှာ ထင်ရှားလာပါသည်။
ထို “အတွင်းအာဏာပြိုင်ဆိုင်မှု” သည် မဟာဗျူဟာအမြော်အမြင်ကို လက်တွေ့ကျကျ မတည်ဆောက်ခဲ့နိုင်ခြင်း၏ အဓိက အကြောင်းတရားအဖြစ် တော်လှန်ရေးအတွက် စိတ်မကောင်းစွာပင် လေ့လာသုံးသပ်မိပါသည်။ တော်လှန် ရေး အင်အားစုများအကြား မဟာဗျူဟာအမြော်အမြင် ကင်းမဲ့နေခြင်းကို အဓိကအားနည်းချက်အဖြစ် စစ်ရှုံးနေ သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက ကောင်းစွာတွေ့ရှိ အသုံးချလာကြသည်။

ထို့ကြောင့် တန်ပြန်ထိုးစစ်ဆင်နွှဲရန် ခက်ခဲနေသော မင်းအောင်လှိုင်သည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဩဇာလွှမ်းမိုး နိုင်သော တရုတ်အစိုးရရှေ့မှောက် ဒူးထောက်ခဲ့ပြီး၊ တရုတ်၏ဖိအားဖြင့် ဆုံးရှုံးခဲ့သော နယ်မြေများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ရာ၊ သေနတ်တစ်ချက် မဖောက်ရဘဲ လားရှိုးမြို့ပေါ်ရပ်ကွက်များ ပြန်လည်ရရှိခဲ့သည်အထိ အောင်မြင် ခဲ့သည်။
တရုတ်အစိုးရရှေ့မှောက် ဒူးထောက်ခဲ့ခြင်း အကျိုးရလဒ်
စစ်တက္ကသိုလ်ကျောင်းဆင်း စစ်ဗိုလ်တိုင်း စစ်သွေးစစ်မာန်ကြွစေသော ခေတ်အဆက်ဆက် စစ်တပ်သမိုင်းတွင် ပြောင်မြောက်သော မဟာအောင်ပွဲကြီးများထဲ တရုတ်ဖြူကျူးကျော်စစ်အပေါ် အောင်ပွဲရရှိခြင်းက ထိပ်ဆုံးမှ ပါဝင် သည်။ ရာဇဝင်သမိုင်းထဲက မြန်မာရှင်ဘုရင်များလက်ထက် အိမ်နီးချင်းတရုတ်နိုင်ငံ၏ ကျူးကျော်စစ်များအပေါ် အောင်နိုင်ခဲ့ခြင်းကိုလည်း မမေ့ကြပါ။
စင်စစ် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဗိုလ်ချုပ်များသည် စစ်လက်နက်ဝယ်ယူခြင်းနှင့် နိုင်ငံတကာ မျက်နှာစာ တွင် ၎င်းတို့ကို ထောက်ခံကာကွယ်ပေးရေးအတွက်သာ တရုတ်အစိုးရ၏ အကူအညီကို အကန့်အသတ်ဖြင့် လိုချင် ကြသူများ ဖြစ်သည်။ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို “ပေါက်ဖော်” ဆက်ဆံရေး ဟု ဖော်ကျူးထားကြသော်လည်း အမြဲသတိထား ဆက်ဆံတတ်ကြသည်။
တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်အင်အားကောင်းလာခြင်းမှာ တရုတ် အစိုးရက နောက်ကွယ်မှကြိုးကိုင် ထောက်ပံ့နေခြင်းကြောင့် ဟု စစ်ဗိုလ်အဟောင်းအသစ်များ မကြာခဏ လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုတတ်ကြသည်။ ထို့အပြင် တရုတ်နယ်စပ် စစ်ရေးပဋိပက္ခတွင် တရုတ်အစိုးရ တိုက်ရိုက် ဝင်ရောက်စွက်ဖက်လာမည့်အရေးအထိ ရောက်ရှိမလာစေရန် စစ်ခေါင်းဆောင်အဆက်ဆက် သတိထားကြသည်။
သို့သော် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရေစီးကမ်းပြိုလိုက်လာသော စစ်ရေးရှုံးနိမ့်မှုများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် လားရှိုးမြို့ကို MNDAA က သိမ်းပိုက်လိုက်နိုင်သည့်အခါ စစ်တပ်ပြိုလဲနိုင်သည့် အခြေအနေအထိ မင်းအောင်လှိုင် မျက်ဖြူဆိုက်ခဲ့သည်။
စစ်မျက်နှာစာတိုင်းတွင် တန်ပြန်ထိုးစစ် မဆင်နိုင်သော အခြေအနေတွင် ညီနောင်မဟာမိတ်အဖွဲ့များ၏ ထိုးစစ် အရှိန်လျော့ကျသွားစေရန် မင်းအောင်လှိုင်တွင် အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့သည့်အခါ တရုတ်အစိုးရ ထံ ဒူးထောက်အညံ့ခံ အကူအညီတောင်းခံခဲ့ရသည်။ ထိုအခွင့်အရေးကို တရုတ်အစိုးရက အမိအရ ဆုပ်ကိုင်ခဲ့သည်။

သို့သော် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုးစစ်များ ချက်ချင်းရပ်တန့်ရေး တရုတ်အစိုးရဘက်မှ ကြီးမားသော ဖိအား ပေးမှုများ ပြုလုပ်ရန်မှာ ချက်ချင်းမလွယ်ကူပါ။ အကြောင်းမှာ မြန်မာ့အရေး ၎င်းတို့ ဗြောင်ကျကျ ကြားဝင်စွက်ဖက် မှုကို စောင့်ကြည့်နေကြမည့် အမေရိကန်အပါအဝင် အနောက်အုပ်စုများထံမှ ဝေဖန်ပြစ်တင်ရှုတ်ချမှုများနှင့် သံတမန် ရေး တန်ပြန်ထိုးနှက်မှု အလားအလာများကိုပါ အသေအချာ ချင့်ချိန်တွက်ချက်ရန် လိုအပ်သည်။
ထို့ကြောင့် တရုတ်သည် ၎င်းတို့၏ကြားဝင်စွက်ဖက်မှု တရားဝင်မှုရှိစေရန် “တရုတ်နိုင်ငံနယ်စပ်ဒေသ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး” ခေါင်းစဥ်တပ်ခဲ့သည်။ တဖန် လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်ပျက်စီးမည့်အန္တရာယ် ကြရောက်လာသည့်အချက်အဖြစ် အကြောင်းပြချက် တည်ဆောက်ခဲ့ သည်။
တနည်းအားဖြင့် မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခသည် တရုတ်နိုင်ငံ၏ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်သည့်အတွက်၊ ငြိမ်းချမ်းရေးရရှိရန် ကြားဝင်ညှိနှိုင်းပေးခြင်းသာဖြစ်ကြောင်း နိုင်ငံတကာဥပဒေအရ အာပတ်လွတ်စေရန် အကြောင်းရှာခဲ့သည်။ လားရှိုးမြို့ထဲ တရုတ်အစိုးရ ကိုယ်စားလှယ်များ စေလွှတ်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ မရှိရန် စောင့်ကြည့်ခြင်းကိုပင် စစ်ကောင်စီနှင့် MNDAA နှစ်ဖက်စလုံးမှ ဖိတ် ကြားချက်ကြောင့်ဟု အကြောင်းပြခဲ့သည်။
မဟာဗျူဟာအမြော်အမြင် ကင်းမဲ့နေသမျှ တရုတ်ဖိအားကို ရင်ဆိုင်ရန်မလွယ်ကူ
ရှမ်းမြောက်က မြို့နယ်များကို သိမ်းပိုက်ရာတွင် သုံးဖွဲ့လုံး အပြိုင်အဆိုင် ဟန်ချက်ညီညီ ထိုးစစ်များကြောင့် စစ်တပ် အလဲလဲအပြိုပြို ဖြစ်ခဲ့ရခြင်းအပေါ် ကျေနပ်အားရ အောင်ပွဲခံနေချိန်၊ ၎င်း၏စစ်တပ် မရှု့မလှအရေးနိမ့်ပြီး စစ်ရေး ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ခြင်းကို ပြန်လည်ထိန်းညှိရန်၊ တန်ပြန်ထိုးစစ်အစား မင်းအောင်လှိုင် သည် တရုတ်အစိုးရကို ကိုယ်ထိလက်ရောက် စွက်ဖက်ခွင့်အား ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ MNDAA နှင့် TNLA တို့ သည် တရုတ်၏ ကိုယ်ထိလက်ရောက် စွက်ဖက်လာမှုအပေါ် ကြိုတင်တွက်ဆ ပြင်ဆင်ထားခဲ့ခြင်း ရှိပုံမရပါ။
အကယ်၍များ လားရှိုးမြို့ကို သိမ်းပိုက်ရရှိပြီးနောက် MNDAA သည် မြို့အုပ်ချုပ်ရေးကို ပြည်ထောင်စုအစိုးရဖြစ် သော NUG အား လွှဲအပ်ပေးခဲ့မည်ဆိုလျှင် ယခုအခါ တရုတ်အစိုးရသည် လားရှိုးကိစ္စတွင် NUG နှင့် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းရပေတော့မည်။
ထိုအခါ NUG ကို အသိအမှတ်မပြုချင်သော တရုတ်အစိုးရအတွက် အကျပ်အတည်းရိုက်နိုင်သည် ဟု လားရှိုးအရေး စောင့်ကြည့်လေ့လာသူတစ်ချို့က တရုတ်အစိုးရ ကိုယ်ထိလက်ရောက် ကြားဝင်လာခြင်းကို ဟန့်တားနိုင်သော နည်းလမ်းတစ်ခုအဖြစ် သုံးသပ်ကြသည်။ ထို့အတူ မင်းအောင်လှိုင်လည်း NUG နှင့် တရုတ်အကြား ဆက်ဆံရေး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ယခုလို တရုတ်နှင့်လှည့်၍ ကစားနိုင်မည့် အခွင့်အလမ်း ရရှိလိမ့်မည် မဟုတ်တော့ပါ။
ယင်းသည် စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး ပေါင်းစပ်ထားသော မဟာဗျူဟာအမြော်အမြင် ဖြစ်သည်။ ထိုအမြော် အမြင်ကို ချမှတ်နိုင်ရန်မှာ ခေါင်းဆောင်များ၏ ရေရှည်မြော်မြင်နိုင်စွမ်းရှိမှု၊ အတ္တကို ရှေ့တန်းမတင်ခြင်း၊ သဘော ထားကြီးရန် လိုအပ်ပြီး၊ မတူညီသော အားသားချက်များကို အပြန်အလှန် အသိအမှတ်ပြုခြင်းနှင့် ပေါင်းစပ်စွမ်းအား (Synergetic Power) တည်ဆောက်ပြီး အကျိုးရှိရှိ အသုံးချနိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

လားရှိုးဖြစ်စဥ်က ပြည်သူများအကြား စိတ်ညှိုးနွမ်းစေခဲ့သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ၎င်းတို့အကြား စစ်ရေးအရ မည်မျှသွေးစည်းကြောင်း ကြေညာချက်များ အပြန်အလှန်ထုတ်ပြန်ကြ၊ သုံးဖွဲ့ပေါင်း ထုတ်ပြန်ခြင်းများဖြင့် သက်သေပြခဲ့ကြသော်လည်း၊ လားရှိုးဖြစ်စဥ်တွင် တရုတ်ဖိအားကို လက်တွဲ မဖြုတ်တမ်း ရင်ဆိုင်မည်ဆိုသည့် စည်းလုံးညီညွတ်မှုမျိုး ပြသနိုင်ခြင်း မရှိကြပါ။ ထိုကြောင့် ၎င်းတို့၏ မဟာမိတ် ဖြစ်မှုသည် ပြီးပြည့်စုံသော မဟာမိတ်အမျိုးအစား မဟုတ်ကြောင်း တွေ့မြင်လာကြသည်။
၎င်းတို့အကြား နိုင်ငံရေးအရ ပြင်ဆင်ခဲ့ခြင်း၊ စဥ်းစားခဲ့ခြင်း မရှိခဲ့ကြပါ။ ထို့အပြင် NUG ကို အလေးထားရမည့် မဟာမိတ်တစ်ဦးထက် ပို၍ မဆက်ဆံခဲ့ကြပါ။ NUG ၏ အခန်းကဏ္ဍကို မြော်မြင်နိုင်စွမ်း၊ အသုံးချနိုင်စွမ်း မရှိကြပါ။ ကျဥ်းမြောင်းသော လူမျိုးရေးရည်မှန်းချက်များ၏ ရှေ့ဆောင်မှုနောက်ကိုသာ လိုက်ပါခဲ့ကြသည်။
မင်းအောင်လှိုင်သည် ၎င်း၏ ရန်သူတော်များအကြား ထိုအားနည်းချက်ကို ရှာဖွေသိရှိခဲ့ပုံရသည်။ ထို့ကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား တရုတ်၏ ကြားဝင်ဖိအားပေးမှုဖြင့် သင်းကွဲရေး မဟာဗျူဟာကို ပြောင်းလဲ ကစားနိုင်ခဲ့ သည်။ တရုတ်ခေါင်းဆောင်များရှေ့မှောက် ဒူးထောက်လိုက်၍ စစ်တိုက်စရာမလိုဘဲ ကြီးစွာသော အကျိုးအမြတ် ရရှိမည်ကို အသေအချာတွက်ချက်၍ ဗျူဟာခင်းခဲ့ခြင်းဖြစ်ပြီး အထိုက်အလျှောက် အောင်မြင်ခဲ့သည်။
တရုတ်အစိုးရ၏ ညီနောင်မဟာမိတ် သုံးဖွဲ့ကို တစ်ဖွဲ့ချင်း ခွဲ၍ ညှိနှိုင်းသည် နည်းဗျူဟာကြောင့် ထို သုံးဖွဲ့အကြား သင်းကွဲခဲ့ရပြီ ဖြစ်သည်။ လားရှိုးအရေးတွင် TNLA နှင့် AA နှစ်ဖွဲ့စလုံး နှုတ်ဆိတ်နေခဲ့ခြင်းက ထိုအချက်ကို ပြသ နေခြင်း ဖြစ်သည်။ MNDAA ရင်ဆိုင်ခဲ့ရသော တရုတ်ဖိအားများကြောင့် လားရှိုးမြို့ပေါ်မှ ဆုတ်ခွာခဲ့ရခြင်းအပေါ် စာနာနားလည်းကြောင်းပင် ကြေညာချက် မထုတ်ပြန်ကြတော့ပေ။ ယင်းအစား ငလျင်ဘေး ကြေညာချက်များသာ ထုတ်ပြန်ခဲ့ကြသည်။
ယခုအခါ MNDAA ကို အသက်ရှုခွင့်ပေးထားပြီး၊ TNLA ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခြင်းနှင့် တရုတ်က ပိတ်ဆို့ဖိအားပေးမှုများဖြင့် နှစ်ဖက်ညှပ် ဖိအားပေးနေပြီ ဖြစ်သည်။ သင်းကွဲလျင် ကျားဆွဲခံရမည် ဆိုသည့်အတိုင်း လတ်တလော ဖြစ်စဥ်များက ညွှန်ပြနေသည်။
စစ်အောင်နိုင်လာပြီးနောက် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး၊ တရုတ်ဖိအားကို ခေါင်းငုံ့ခံမည်ဆိုလျင် ရရှိထားသော နယ်မြေများ တဖြည်းဖြည်း ပြန်လည်လက်လွှတ်ရနိုင်ပါသည်။ မည်မျှ စစ်အင်အားတောင့်တင်းသော လက်နက်ကိုင် အဖွဲ့ဖြစ်ပါစေ၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လျှင် ပြည်သူကို ကိုယ်စားပြုသည့် အဆင့်အတန်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပါ။ ယနေ့ မင်းအောင်လှိုင် ကြုံတွေနေရသည့် အခြေအနေမျိုး ရောက်သွားနိုင်ပါသည်။
ပြည်သူကိုယ်စားပြုမှုဆိုသည်မှာ ပြည်သူများ၏ယုံကြည်အားကိုးမှုပေါ်တွင် အခြေခံသည်။ ထိုယုံကြည်အားကိုးမှု ကို အလုပ်ဖြင့် သက်သေပြသမှသာ ရရှိနိုင်မည်ဖြစ်ပြီး၊ သတင်းစာရှင်းလင်းပွဲတစ်ခုဖြင့် ပြည်သူထောက်ခံမှု တောင်းခံ၍ မရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။