မတ်လ ၂၇ က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ်မြို့တော်အိမ်ရာမှ ကျူရှင်ဆရာတစ်ဦးသည် ဆန္ဒပြစဉ် ဖမ်းဆီးခံရပြီး လေးရက်အကြာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
အသက် ၃၉ နှစ်အရွယ် ကျူရှင်ဆရာ ကိုကျော်မိုးခိုင်သည် နှလုံးသွေးခဲခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ယမန်နေ့ (မတ် ၃၁) နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ကျဆုံးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“သူတို့(ဆရာဝန်)က ဗိုက်ခွဲစစ်ဆေးဖို့ မိသားစုကို တိုင်ပင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က မလုပ်တော့ဘူး။ နှလုံးသွေးခဲသွားတယ်ပြောတယ်။ အထဲမှာ သွေးယိုစိမ့်မှုဖြစ်ပြီး သွေးခဲသွားတယ်ပေါ့နော်။ ကျောက်ကပ်လည်း ပျက်စီးသွားတယ်ပြောတယ်” ဟု ကိုကျော်မိုးခိုင် ညီမဝမ်းကွဲ၏ ခင်ပွန်းသည်က ပြောသည်။
၂၉ ရက်နေ့ နံနက်တွင် ဒဂုံဆိပ်ကမ်းရဲစခန်းက မိသားစုကို အကြောင်းကြားသဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ရောက်ရှိနေကြောင်း ၎င်းကပြောသည်။
“အောက်ဆီဂျင်ပေးထားတယ်။ ပထမနေ့ကကျတော့ သွေးပေါင်ချိန် လုံးဝ သုညထိဖြစ်သွားတယ်။ သွေးသွင်းပြီး ပြန်လုပ်ထားတော့ အသက်ပြန်လည်လာတယ်။ ဒီနေ့တော့ လုံးဝမရတော့ဘူး။ အမောဖောက်လာပြီး ဆုံးသွားတယ်” ဟု ၎င်းက မတ်လ ၃၁ တွင် ပြောသည်။
မတ် ၂၇ နံနက်ပိုင်းက ကိုကျော်မိုးခိုင်နှင့် ဆန္ဒပြသူတို့သည် ယုဇနဥယျာဉ်မြို့တော်အိမ်ရာ ၈ လမ်းထဲတွင် စစ်ကောင်စီလက်နက်ကိုင်များက နှစ်ဖက်ညှပ်ပိတ်ကာ ဖြိုခွင်းချိန်တွင် သုံးလွှာတိုက်ခန်းတစ်ခုတွင် ဝင်ရောက်တိမ်းရှောင်ခွင့်ရခဲ့သည်။
ထိုအချိန်တွင် အိမ်ရှင်၏ သားဖြစ်သူက အောက်ဆင်းကာ လက်နက်ကိုင်များပစ်ထည့်သော မီးခိုးဗုံးကို ရေဖျန်းရာမှ စစ်သားနှစ်ယောက်က တွေ့ရှိခဲ့ပြီး တိုက်ခန်းပေါ်အထိ လိုက်လာကာ တံခါးကို ချိုးဖျက်ဝင်လာသည်။
“ကျွန်တော့်အစ်ကိုက နောက်ဖေးပေါက်က sun shade (နေကာအမိုး) လေးပေါ် တက်နေတာ။ အဲဒီအချိန်မှာ သူတို့က မပြေးနဲ့ဆိုပြီး အတင်းထိုးလိုက်တယ်။ ကျွန်တော့်အစ်ကိုတို့က ခုန်ချဖို့လည်း ရည်ရွယ်ပြီးပြီ။ ဒါပေမယ့် မခုန်ချခင်ကတည်းက လူရော sun shade ရော ပြုတ်ကျသွားတယ်” ဟု ၎င်းကပြောသည်။
ကိုကျော်မိုးခိုင်၏ ခြေနှစ်ဖက်နှင့် တင်ပါးဆုံတို့တွင် အရိုးများ ကွဲအက်သွားကြောင်း ဓာတ်မှန်ရလဒ်အရ သိရသည်။
“အဲဒီမှာ ဘယ်လိုမှ မထနိုင်တဲ့အခြေအနေမှာ စစ်သားနှစ်ယောက်က ရိုက်နှက်ကန်ကျောက်ပြီး လက်ကနေ ဆွဲသွားတယ်။ သူပါတဲ့ဟာတွေ အကုန်ဖြုတ်ယူတယ်။ နာရီ၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင်တွေ အကုန်ပါသွားတယ်” ဟု ကိုကျော်မိုးခိုင် မသေဆုံးမီ ပြန်လည်ပြောပြခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပြင်းထန်ဒဏ်ရာများဖြင့် ဒဂုံဆိပ်ကမ်းရဲစခန်းတွင် ထိန်းသိမ်းခံရစဉ်ကလည်း ဆေးကုသခွင့်မရဘဲ မကြာခဏ ရိုက်နှက်ခံခဲ့ရကြောင်း ၎င်းကပြောသည်။
ထိုနေ့က သတိလစ်မေ့မြောနေသော ကိုကျော်မိုးခိုင်ကို တရွတ်တိုက်ဆွဲကာ ခေါ်ဆောင်သွားသည်ကို ရပ်ကွက်နေပြည်သူတစ်ဦး ရိုက်ထားသော ဗီဒီယိုနှင့် ဓာတ်ပုံသည် facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
“ဖြစ်ဖြစ်ချင်း (မတ် ၂၇) ညနေမှာ သူ့အမေနဲ့ ကျွန်မနဲ့ ရဲစခန်းကို သွားမေးတော့ အင်းစိန်ထောင် ပို့လိုက်ပြီပြောတယ်။ အဲဒါနဲ့ ဘယ်နားစုံစမ်းလို့ စုံစမ်းရမှန်းမသိဘဲ ဆက်သွယ်လာမှာကို ထိုင်စောင့်နေတာ” ဟု ကိုကျော်မိုးခိုင်၏ ညီမဝမ်းကွဲဖြစ်သူက ပြောသည်။
နောက်တစ်နေ့ မတ် ၂၈ တွင်မှ မင်္ဂလာဒုံရှိ အရိုးအကြောစစ်ဆေးရုံသို့ ပို့ဆောင်ကာ မတ် ၂၉ နံနက်တွင်မှ ရဲစခန်းက မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
သုံးလွှာတိုက်ခန်းပေါ်မှ ပြုတ်ကျသည့် ဒဏ်ရာနှင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ကိုကျော်မိုးခိုင်သည် မတ် ၃၁ နံနက်တွင် မင်္ဂလာဒုံစစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်၌ ကွယ်လွန်ခဲ့သည်။
“လုံးဝ မကျေနပ်ဘူးပေါ့နော်၊ ဒီလိုမျိုး ရိုက်တာနှက်တာတွေ။ လူတိုင်းကို သူတို့ ဒီလိုတွေ လုပ်နေတာပဲ။ ဒါပေမယ့် မကျေနပ်ဘူး၊ မုန်းလည်းမုန်းတယ်” ဟု ညီမဝမ်းကွဲဖြစ်သူက ပြောသည်။
ကိုကျော်မိုးခိုင်၏ ရုပ်ကလာပ်ကို မနက်ဖြန် (ဧပြီ ၂) နေ့လယ် ၁ နာရီတွင် ကျီစုသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
အာဏာသိမ်းထားသည့် ၂ လ အတွင်း ဆန္ဒပြသူများကို နှိပ်ကွပ်ရာ သေဆုံးသည့် အရပ်သား ၅၀၀ ထက်မနည်း ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။
သေဆုံးသူများထဲတွင် အသက်မပြည့်သေးသူနှင့် ကလေး ၄၃ ဦးထက်မနည်း ပါဝင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သော Save The Children က အဆိုပါ မှတ်တမ်းကို ကိုးကားပြီး ယနေ့ ဧပြီ ၁ တွင် သတင်းထုတ်ပြန်ထားသည်။
(မှတ်ချက် – မတ် ၂၇ တွင် ကိုကျော်မိုးခိုင်ကို စစ်သားများက ဖမ်းဆီးရိုက်နှက်ပြီး တရွတ်တိုက်ဆွဲသွားသည်ကို ယုဇနမြို့တော်ဥယျာဉ်အိမ်ရာနေ မျက်မြင်တွေ့ရှိသူတစ်ဦးက ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကာ Myanmar Now သို့ ပေးပို့ဆက်သွယ်လာပါသည်။)
၎င်းက ကိုကျော်မိုးခိုင် ကျဆုံးပြီဖြစ်ကြောင်း မတ် ၂၈ ညပိုင်းတွင် Myanmar Now ထံသို့ သတင်းပို့လာသည့်အတွက် ထပ်မံအတည်ပြုနိုင်ရန် Myanmar Now က မိသားစုဝင်များ ဖုန်းနံပါတ်ကို စုံစမ်းခဲ့သော်လည်း မရရှိခဲ့ပါ။ မတ်၂၉ ညပိုင်းတွင် မတ် ၂၇၊ ၂၈ နှစ်ရက်အတွင်း ကျဆုံးသူများစာရင်းကို Myanmar Now က ဖော်ပြခဲ့ရာ၌ ကိုကျော်မိုးခိုင်အမည်ကို ထည့်သွင်းခဲ့ပါသည်။
စာရင်းမှားယွင်းနေပါက သက်ဆိုင်သူများက လာရောက်ပြောကြားရန်လည်း ကျဆုံးစာရင်းထုတ်ပြန်စဉ်ကတည်းက ထည့်သွင်းဖော်ပြထားသည်။
မတ် ၃၁ တွင်မှ မိသားစုဝင်နှင့် အဆက်အသွယ်ရခဲ့ပါသည်။ အဆင်မပြေမှုများအတွက် Myanmar Now က တောင်းပန်အပ်ပါသည်။