
လူထောင်ချီသေဆုံးခဲ့သည့် ငလျင်ကြောင့် ကိုးကန့်၊ တအာင်းနှင့် ရခိုင် ညီနောင် မဟာမိတ် ၃ဖွဲ့က မေလတစ်လလုံး အပစ်အခတ်ရပ်စဲမည်ဟုကြေညာထားရာ ရခိုင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးတည်ငြိမ်နေလျက်ရှိသည်။
သို့သော် အာရက္ခတပ်တော်(AA) သည် ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်ကင်းစင်ရမည်ဆိုသည့် စစ်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်ရှိသောကြောင့် လက်ကျန်မြို့များကို ဆက်လက် သိမ်းပိုက်လိမ့် မည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေ၊ တရုတ်စီမံကိန်းကြီးများရှိသည့် ကျောက်ဖြူ နှင့် မာန်အောင်တို့ကို စစ်ကောင်စီတပ် ဆက်လက် ထိန်းချုပ်ထားပြီး ကျန် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီးဖြစ်သည်။ အထက်ပါ ၃မြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်များတွင်သာ စစ်ကောင်စီယန္တရား လည်ပတ်နိုင်တော့သည်။
ကိုးကန့်နှင့် တအာင်းတပ်များ တရုတ်အစိုးရ၏ ကြီးမားသောဖိအားနှင့် ရင်ဆိုင်နေရချိန် AA အပေါ် တရုတ်၏ဩဇာလွှမ်းမိုးမှု၊ ထိန်းချုပ်ထားမြို့များတွင် အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတို့နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ထို့ပြင် ဘူးသီးတောင်နှင့်မောင်တောမှာ ရိုဟင်ဂျာများအတွက် ပြည်နယ်ထူထောင်နိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပါတီတစ်ခုက တရုတ်အစိုးရကို အဆိုပြုထားသည့်ကိစ္စအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA လက်ရှိဆက်ဆံရေးအခြေအနေများနှင့်ပတ်သက်ပြီး ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကို Myanmar Now ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်ပြည်ရဲ့ လတ်တလော စစ်ရေးနိုင်ငံရေးအခြေအနေဘယ်လိုရှိနေလဲ ပြောပြပေးပါ။
ဖြေ ။ ။ လက်ရှိအခြေအနေမှာတော့ စစ်ရေးတွေ အထိုက်အလျောက် တည်ငြိမ်နေတယ်လို့ ပြောလို့ရပါ တယ်။ စစ်ကောင်စီဘက်ကလည်း လေယာဥ်နဲ့ပစ်တာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေ မတွေ့ရသလောက်ပါပဲ။ ဒါပေမယ့် ကျောက်ဖြူဘက်မှာတော့ စစ်ကောင်စီတပ်တွေက အာရက္ခတပ်တော်ရဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတဲ့အတွက် ကြိုကြားကြိုကြားတိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းတွေ တော့ ရရှိပါတယ်။
စစ်ရေးရည်မှန်းချက်ပြည့်တော့မယ်ဆိုရင် နိုင်ငံရေးအရ ဘယ်လိုပုံဖော်လာမလဲပေါ့၊ ဒါတွေကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်ညီနောင် ၃ ဖွဲ့က တစ်လအပစ်အခတ်ရပ်စဲ ထားတဲ့အတွက် တည်ငြိမ်နေတဲ့ကိစ္စတွေလည်း ပါကောင်းပါနိုင်ပါတယ်။
မေး ။ ။ မေလတစ်လလုံးတော့ ငလျင်ကြောင့် ပြည်သူတွေဒုက္ခရောက်နေလို ညီနောင် မဟာမိတ် ၃ ဖွဲ့က အပစ်အခတ် ရပ်စဲထားပါတယ်။ အပစ်ရပ်သက်တမ်းကုန်ဆုံးသွားတဲ့အခါ အထူးသဖြင့် ရခိုင်ပြည် မှာ AA ရဲ့ထိုးစစ်တွေကို မြင်ရနိုင်ပါသလား။ အခြေအနေတွေကို သုံးသပ်ပေး ပါဦး။
ဖြေ ။ ။ အဲလိုအပစ်အခတ်ရပ်စဲတဲ့ရက်တွေ၊ ရက်အကန့်အသတ်ကုန်သွားတဲ့အခါ အပစ်အခတ်ရပ်စဲရေး ကြေညာချက် ထုတ်လာနိုင်မလား၊ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတာတော့ ကျွန်တော်တို့ ပြောရခက် တယ်။ ဒါပေမယ့် AA ရဲ့ စစ်ရေးရည်မှန်းချက်က ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီတပ်တွေ ကင်းစင် သွားဖို့ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် ကျန်တဲ့မြို့ ၃ မြို့ဟာလည်းပဲ သူ့ (AA) အနေနဲ့ တိုက်စစ် ဖွင့်ပြီးတော့ အနှေးနဲ့အမြန်ဆိုသလိုမျိုး၊ အတိုးအလျှော့ ဒါတွေတော့ရှိမှာပေါ့။ အဲလို သိမ်းပိုက်ဆိုတာတော့ ယုံကြည်ပါတယ်။ အခုလောလောဆယ်လည်းပဲ ဒီမြို့ ၃ မြို့က ကွက်ကွက်လေးပဲ ကျန်တော့တာပါ။ နယ်တွေကျတော့ အကုန်လုံး အုပ်ချုပ်ရေးယန္တရားတွေပေါ့နော်၊ AA တပ်ဖွဲ့တွေ စိုးမိုးထားမှုက ရာနှုန်းအပြည့်နီးပါးရှိနေပါပြီလို့ ပြောချင်ပါတယ်။
မေး။ ။ တရုတ်က ဖိအားပေးလို ကိုးကန့်တပ်လည်း MNDAA က လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန် ထည့်ပေးလိုက်ရပါတယ်။ ဒါ့အပြင် TNLA ကိုလည်း ဖိအား ပေးတာ ရှိပါတယ်။ တရုတ်ဟာ AA ကိုလည်း ဖိအားပေးပြီး လုပ်လာနိုင်သလား။ AA အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်လား။ ဘယ်လောက်သက်ရောက်နိုင်ခြေရှိသလဲ သုံးသပ်ပေးပါဦး။
ဖြေ ။ ။ MNDAA ကတော့ အတိုးအလျှော့လုပ်ပြီး လားရှိုးကို ပေးလိုက်ရတယ်။ လားရှိုးမြို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့က နေရာယူလိုက်ပြီဆိုတဲ့သတင်းတွေကြားရပါတယ်။ TNLA ကတော့ စစ်ကောင်စီက ပြန်တောင်းတဲ့မြို့တွေကို လက်မခံဘူး။ စစ်ရေးနဲ့ဖြေရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုး၊ ဒါ.. နောက်လမှာ ပြန်ညှိကြမယ်ပေါ့။ အဲလိုသတင်းတွေလည်း ကြားရပါတယ်။ ဒီတော့ ဒီကိစ္စတွေကတော့ တစ်ဖက် အဖွဲ့ အစည်းအနေနဲ့လည်း တော်တော့်ကို ဆုံးဖြတ်ရခက်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ သြဇာ အရှိန်အဝါကိုလည်း MNDAA တို့၊ TNLA တို့က လွန်ဆန်နိုင်ပုံမရပါဘူး။
ဒီလိုလိုက်လျှော့တဲ့အတွက်ကြောင့် စစ်ကောင်စီကတော့ ဘာပဲပြောပြော ခဏတာ အသက်ရှုချောင်သွား တာပေါ့။ ပြီးတော့ ဒီဘက်ကလည်း စိတ်အားငယ်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ကိုယ့်အချင်းချင်း ပြောဆိုမှုတွေရှိလာတယ်။ ဒါကြောင့် TNLA ကတော့ ရှေ့က MNDAA လို အရှုံးပေးမယ့်ပုံတော့ မပေါ်ပါဘူး။ တရုတ်ရဲ့ လုပ်ရပ်တွေကလည်း အကုန်လုံးက ရှုတ်ချနေကြတာပေါ့နော်။ သူတို့အနေနဲ့ ဒီလိုလုပ်တယ်ဆိုတာ မြန်မာစစ်တပ်ဘက်က မတရားသဖြင့် ဝင်ကူတယ်ဆိုတဲ့ ပုံစံမျိုး၊ ဒါတွေကို ပြည်သူတွေကတော့ တရုတ်အစိုးရကို ဆန္ဒပြတာတွေ၊ ပြောဆိုဝေဖန်တာတွေရှိလာတာပေါ့။
AA အနေနဲ့ကတော့ တရုတ်က အဲ့လောက်ထိ ဖိအားပေးစရာမလိုဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီ တရုတ်ရဲ့ စီးပွားရင်းနှီးမြုပ်နှံမှုတွေကို သူ့အနေနဲ့ကာကွယ်ပေးမယ်၊ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေကို လည်း ဖိတ်ခေါ်တယ်ဆိုပြီး ကြိုပြီးပြောထားပြီးသားဖြစ်တယ်။ ဒီနေ့ထက်အထိလည်း တရုတ်ရဲ့ရင်းနှီး မြှုပ်နှံမှုတွေကို သူ့အနေနဲ့ ဘယ်လိုမှ မထိအောင်၊ စစ်ပွဲတွေ စစ်ဆင်ရေးတွေကို လုပ်နေတယ်လို့ မြင်တယ်။ ဒါကြောင့် AA ကို ဒီထက်တိုးပြီး ဖိအားပေးစရာမမြင်ဘူး။
အာရက္ခတပ်တော်ကလည်း တရုတ်ဖိအားပေးတိုင်း လိုက်လျောစရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။ နယ်စပ်ဒေသ မဟုတ်တဲ့အခါမှာ တရုတ်ရဲ့ဖိအားပေးမှုဟာ အထိုက်အလျောက်၊ သိပ်ပြီး တော့ ထိခိုက်အောင် အာရက္ခတပ်တော်နဲ့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကို ပြောင်းပြန်ဖြစ်သွားအောင်၊ နစ်နာ သွားအောင် အဲ့လောက်ထိ ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့မြင်ပါတယ်။

မေး ။ ။ AA က ရခိုင်ပြည်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲစည်းပြီး အုပ်ချုပ်နေပါတယ် ။ အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးလည်ပတ်နေမှုကို ဘယ်လိုတွေ့ရပါလဲ။ အားနည်းချက်၊ အားသာချက်ကို ဝေဖန်သုံးသပ်ပေးပါဦး။
ဖြေ ။ ။ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲမှာ ULA(ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်)ကတော့ အုပ်ချုပ်ရေးယန္တရားတွေအဓိကထားပြီး ပုံဖော်နေတာပေါ့။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုး ရေး ၊ ဒါက တော့ အရင်ကထက်ပိုပြီးကောင်းလာပါတယ်။ ရာဇဝတ်မှုတွေဆိုလည်း မရှိသလောက်ပေါ့။ ဘာလို့လဲဆိုတော့ နယ်မြေအနှံ့အပြားမှာ အုပ်ချုပ်ရေးယန္တရားတွေ တော်တော့်ကို အားကောင်းခိုင်မာလာတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကတော့ အရင်ကထက် အဆပေါင်းများစွာ အေးချမ်းတယ်၊ တည်ငြိမ်တယ်လို့ ပြောလို့ရတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသ ဖွံ့ဖြိုးရေးကအစ သူတို့ အနေနဲ့ အစွမ်းကုန် ကြိုးစားနေတယ်ပေါ့နော်။ ဒါတွေကလည်း တော်လှန်ရေးအစိုးရတစ်ရပ်ဆိုတော့ တကယ့် ပြီးပြည့်စုံတဲ့ အစိုးရတစ်ရပ်မဟုတ်ပေမယ့် သူတို့ဘက်က လုပ်ဆောင်မှုတွေဟာ တော်တော့်ကို ခရီးရောက်ပါတယ်။ ပြည်သူတွေအတွက်လည်း အထိုက်အလျောက် ခရီးရောက်တယ်လို့ ပြောလို့ ရပါတယ်။
မေး။ ။ စစ်ကောင်စီဟာ ရခိုင်ပြည်ကို ဖြတ်လေးဖြတ်လုပ်လိုက်တော့ ကုန်စည်စီး ဆင်းမှုလည်း နှေးကွေးသွားပြီး ကုန်စျေးနှုန်းတွေမြင့်တက်တာ၊ ရှားပါးတာနဲ့ရင်ဆိုင်ခဲ့ရတယ်။ အခု လက်ရှိ အခြေအနေမှာရော အရင်လိုပဲလား။ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဘာတွေကို မြင်ရပါသလဲ။
ဖြေ ။ ။ အာရက္ခတပ်တော်နဲ့တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီတပ်တွေဟာ ဖြတ်လေးဖြတ်နဲ့ ရခိုင်ပြည် ကို လုပ်ထားတယ်။ ပြည်မက ပစ္စည်းတွေ အထူးသဖြင့် စားသောက်ကုန်၊ ဆေးဝါးတွေပေါ့ ။ တခြားအသုံး အဆောင်တွေက အစ ဖြတ်တောက်ထားတယ်။ တော်တော့်ကို ဒုက္ခရောက်ခဲ့ကြပါတယ်။ တစ်မြို့နဲ့တစ်မြို့ ၊ မြို့နဲ့နယ်၊ တစ်ရွာနဲ့တစ်ရွာ မသွားရအောင်အထိ ပြည်သူတွေကို ဒုက္ခပေးခဲ့ပါတယ်။ အခုတော့ ဒီအခက် အခဲ၊ အကျပ်အတည်းတွေ လွန်မြောက်သွားပါပြီ။
ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ရတဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးလည်း အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီ ဆိုတော့ စားနပ်ရိက္ခာက အထိုက်အလျောက် စျေးနှုန်းကျဆင်းပြီးတော့ သက်သာသွားပြီ။ ခြုံပြောရရင် တော့ ရခိုင်တွေမငတ်ကြတော့ဘူးပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး စိုက်ပျိုးလာကြပြီလို့ ပြောလို့ရပါတယ်။
မေး ။ ။ မွတ်ဆလင်တွေအတွက် ဘူးသီးတောင်နဲ့မောင်တောမှာ ပြည်နယ်ထူထောင်နိုင်ဖို ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမားတချို့က တရုတ်အစိုးရကို အဆိုပြုထားပါတယ်။ ဒီလို ပြည်နယ်ထူထောင်ဖို့ ပြောဆိုနေ တဲ့အပေါ် ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးအနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါလဲ။
ဖြေ ။ ။ အာရက္ခတိုင်းပြည်ထဲမှာ နေထိုင်တဲ့ လူမျိုးတွေအကုန်လုံးက နိုင်ငံသားအခွင့်အရေးကိုရကြမယ်၊ တန်းတူ အခွင့်အရေးတွေရကြမယ်ဆိုရင် နောက်ထပ် နေရာသစ်တစ်ခု၊ ပြည်နယ်သစ်တစ်ခု ပေါ်ပေါက် လာနိုင်စရာ မလိုအပ်တော့ဘူး။ ပေါ်ပေါက်လာဖို့လည်း အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်က မွတ်ဆလင်တွေနဲ့ရခိုင်တွေကို လိုရင်လိုသလို ရန်တိုက်ပေးပြီးတော့ အခွင့်အရေးတွေကို တိုးလိုက်၊ လျှော့လိုက် လုပ်ပြီးတော့ ဆရာကြီးလုပ်ခဲ့တယ်ပေါ့။ တစ်ဖက်လူမျိုးစုတွေက နိုင်ငံရေးအရ၊ စစ်ရေးအရ အသုံးချခံခဲ့ရတယ်။
အဲဒါကြောင့်လည်း မွတ်ဆလင်နဲ့ရခိုင်တွေကြားထဲမှာ ပြဿနာတွေဖြစ်လာခဲ့တယ်။ ခုချိန်မှာတော့ အာရက္ခတပ်တော်၊ ULA အစိုးရရဲ့ မူဝါဒကြောင့် မွတ်ဆလင်နဲ့ရခိုင်တွေဟာ အေးအေးချမ်းချမ်းနဲ့အတူတူ နေထိုင်နေတဲ့အခြေ အနေမျိုး၊ ဟိုမသွားရ ဒီမသွားရ ၊ ဟိုမလုပ်ရ၊ ဒီမလုပ်ရ ကန့်သတ်ချက်မျိုးတွေလည်း မရှိတော့ဘူး။ အဲလို ရခိုင်နဲ့ မွတ်ဆလင်တွေကြားမှာ တန်းတူရည်တူအခွင့်အရေး ရမယ်၊ လူ့အခွင့်အရေး တွေ ရမယ်ဆိုရင်၊ နိုင်ငံသားအခွင့်အရေးတွေရမယ်ဆိုရင် ပြည်နယ်ဆိုတာမလိုအပ်တော့ပါဘူး။
ကျွန်တော်တို့အတူတကွ ဒီမြေကို စောင့်ရှောက်မယ်၊ ဒီမြေမှာ အတူတကွ နေထိုင်ကြမယ်။ ဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွကြိုးစားကြမယ်။ အဲလိုအသိစိတ်ဓာတ်မျိုးက ဒီနေ့ မွတ်ဆလင် တွေမှာလည်း စပြီးတော့ ဖြစ်ပေါ်လာပါပြီ။
အရင်တုန်းကတော့ တစ်ဖက် သွေးခွဲအုပ်ချုပ်မှုပေါ့၊ အဲလိုလုပ်ထားတဲ့အတွက် ဒီပြဿနာတွေ ဖြစ်လာတာ ပါ။ ကျွန်တော်တို့တော်လှန်ရေးအစိုးရဘက်ကလည်း အခု အကုန်လုံး မူဝါဒတွေနဲ့ ဖြေလျှော့ပြီးတော့ သူ့ ဒေသကို သူအုပ်ချုပ်တာတို့၊ ဂျူရီလူကြီးတွေနဲ့ဆုံးဖြတ်တာတို့ ၊ မွတ်ဆလင်ရေးရာကော်မတီ ဖွဲ့စည်းတာ တို့ အဲဒါမျိုးလုပ်ပေးနိုင်တဲ့အတွက် မကြာခင်ပဲ ဒီကိစ္စတွေက ပြေလည်သွားလိမ့်မယ်၊ အစွန်းရောက်တွေ ကတော့ ရှိမှာပဲ။ ဒါပေမယ့် မွတ်ဆလင်တွေကလည်း အစွန်းရောက်အဖွဲ့တွေကို လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ တစ်သွေးတည်း၊ တစ်သားတည်း ရပ်တည်ပြီးတော့ ရခိုင်ပြည်ကို ကာကွယ်ကြလိမ့်မယ်၊ အဲလိုစိတ်ဓာတ်ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

မေး ။ ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်တစ်ဦးက ဘင်္ဂလားဒေ့ရှ်အနေနဲ့ AA နဲ့ ထိတွေ့ ဆက်ဆံသင့်တယ်လိုပြောပါတယ်။ ဒီအပေါ် မှာရော ဘယ်လိုမှတ်ချက်ပြုချင်ပါလဲ။ ပြီးတော့ လက်ရှိမှာ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးဘယ်လိုရှိနေတာမြင်ရပါသလဲ။
ဖြေ ။ ။ လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ်မှာ အာရက္ခတပ်တော်က စခန်းပေါင်း မြောက်များစွာကို သိမ်းထားပြီးတော့ ဘူးသီးတောင်၊ မောင်တောလည်း သိမ်းထားပြီးပြီ။ အဲဒီဘက်မှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘူး။
အာရက္ခတပ်တော်က လက်မခံရင်တော့ ဘယ်လိုအစီအစဥ်မျိုးမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို သူတို့ဘက်ကလည်း နားလည်လာတယ်။ ဒါကြောင့် ဒီနေ့အချိန်မှာတော့ သူတို့က အစိုးရ တစ်ရပ်အနေနဲ့ အသိအမှတ်မပြုရင်တောင်မှ အာရက္ခတပ်တော်နဲ့ မဖြစ်မနေ ဆက်ဆံမှ ပြဿနာတွေ အားလုံး၊ စီးပွားရေးကအစ နယ်စပ်ဖြတ်ကျော်မှု၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံမှု အားလုံးဟာ အာရက္ခ တပ်တော်အပေါ်မှာမူတည်ပါတယ်။ အာရက္ခတပ်တော်မပါရင် ဘယ်လိုမှ ပြီးမြောက်နိုင်မှာမဟုတ်ဘူး ။ ဘယ်လိုမှ အကျိုးဖြစ်ထွန်းမှာမဟုတ်ဘူးဆိုတာကို သူတို့ဘက်က နားလည်လာတယ်။
အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ တရားဝင် ဆက်သွယ်မှု ရှိ မရှိတော့ မသိဘူး။ ဒါပေမယ့် နယ်စပ်မှာတော့ ကုန်သည်တွေကတော့ သူ့နည်း၊ သူ့ဟန်နဲ့ ဖြတ်ကျော်ပြီးတော့ စီးပွားရေး လုပ်နေကြတယ်။ ဟိုဘက်၊ ဒီဘက် အဲဒါတွေကတော့ရှိပါတယ်။ ဒါကလည်း ကုန်သည်၊ ကုန်သည်အချင်းချင်း ၊ ပြည်သူ၊ ပြည်သူအချင်းချင်း နယ်စပ်ဒေသဆိုတာ အရင်ကလည်း ဆက်ဆံခဲ့တယ် ။ အခုလည်း အဲလိုပဲ။ စီးပွားရေးသမားဆိုတာ စီးပွားရေးလုပ်ကြတာပဲ။
ဒါကြောင့် မကြာခင်လည်း တရားဝင်ဆက်ဆံရေးဖြစ်ကောင်းဖြစ်လာနိုင်တယ်။ နိုင်ငံရယ်လို့ အသိအမှတ် မပြုပေမယ့် ဒီဟာကို အဓိက ဖြေရှင်းတဲ့နေရာမှာ အာရက္ခတပ်တော်ကို သူတို့မလွဲမသွေ အသိအမှတ် ပြုပြီးတော့ ဆက်ဆံရမှာဖြစ်ပါတယ်။
မေး ။ ။ နောက်ထပ်ဖြည့်စွပ်ပြီး ဘာတွေများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ခြုံပြီးပြောရရင်တော့ ဒီရခိုင်ပြည်ဟာ စစ်ရေးတွေရည်မှန်းချက်ပြည့်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ဘယ်လိုစခန်းသွားကြမလဲပေါ့။ ဒါကလည်း တစ်ပိုင်းပေါ့နော်။ စစ်ရေးနဲ့ သပ်သပ် အပြီးသတ် ဖြေရှင်းကြမလား။ ဒါမှမဟုတ် နိုင်ငံရေးနဲ့ သူတို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ပြည့်စုံအောင် လုပ်ကြမလားပေါ့။ အဲဒါတွေကတော့ ပြောဖို့စောသေးတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ အာရက္ခတပ်တော်က ပုဂ္ဂိုလ်တွေကလည်း အတော့်ကို နိုင်ငံရေး အမြော်အမြင် ကြီးကြပါတယ် ။ ဒါကြောင့် သူတို့ဘက်က အကောင်းဆုံးလုပ်ဆောင် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ပြည်သူတွေက ယုံကြည်ပါတယ်။
ဒါ အာရက္ခတပ်တော်ကသာ ရခိုင်ပြည်တစ်နံတစ်လျားကို အုပ်ချုပ်နိုင်ပြီ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီ ၊ ကိုယ့် ဒေသကို အုပ်ချုပ်ခွင့်ရပြီဆိုရင် အကုန်လုံးဟာ ပြေလည်သွားလိမ့်မယ်လို့ ကျွန်တော်တို့က ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ အားကိုးတယ်၊ မျှော်လင့်တယ်။ ကျွန်တော်တို့ အရင်ကထက် အဆပေါင်းများစွာ ရခိုင်ဒေသ တိုးတက်လာလိမ့်မယ်လို့ ယူဆပါတယ်ဗျာ။
