
ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)ပူးပေါင်းတပ်များ ရှိနေသည့် ဖားကန့်မြို့ အဝင်၊ အထွက်လမ်းများကိုပြန်ထိန်းချုပ်ရန် စစ်ကောင်စီတပ်သား အင်အား ၆၀၀ ကျော်ပါသည့်စစ်ကြောင်းတစ်ခု ဖားကန့်မြို့သို့ ဦးတည် နေရာ တိုက်ပွဲများရက်ဆက်ပြင်းထန်နေသည်ဟု သိရသည်။
ဧပြီ ၂၃ ရက်မှ စတင်ကာ ဖားကန့် အရှေ့ဘက် မိုင် ၄၀ ခန့်အကွာရှိ ကာမိုင်းမြို့မှထွက်ခွာလာသည့် ထိုစစ်ကြောင်းသည် သီတင်းနှစ်ပတ်ခန့်ကြာပြီးနောက် ဖားကန့်-ကားမိုင်း လမ်းပိုင်း၏ တစ်ဝက်ခန့်သို့ ရောက်ရှိလာသည်၊ ဖားကန့်မြို့အရှေ့ဘက် ၂၂ မိုင်ခန့်အကွာရှိ ကပ်မှော်ရွာအနီးသို့ မေလ ၃ ရက်နေ့တွင် ရောက်လာခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က အင်အားများတယ်၊ ၆၀၀ လောက်ရှိတယ်၊ သူတို့ကစစ်ကြောင်းခွဲပြီး တက်လာတာ လမ်းမကနေလည်းတဆင့်၊ ပြီးတော့ တောလမ်းတွေကနေပြီးမှ စစ်ကြောင်းထိုးပြီး တက်လာတာ၊ လောလောဆယ် နမ့်ယားအထွက် ကပ်မှော်ရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
စစ်ကောင်စီဘက်တွင် လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြု တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူ စသည့် အားသာချက်များ ရှိသည့်အတွက် KIA ပူးပေါင်းတပ်များက တဖြည်းဖြည်း ဆုတ်ပေးနေရသည်ဟု သိရသည်။
မေ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လေတပ်က နန့်ယားကျေးရွာ အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဖားကန့် ကပ်မှော်ရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
လတ်တလောတွင် စစ်ကောင်စီတပ်များ ဖားကန့်မြို့အဝင် လယ်ပြင်စခန်း၊ မဇွပ်ယာန်ထောင်၊ ကံဆီးဗျူဟာကုန်း၊ ကန်းခေါင်၊ လုံးခင်းမျောက်ကုန်း၊ ဖားကန့်တပ်မကုန်းနှင့် ဖားကန့်ရဲစခန်းတို့တွင် တပ်စွဲထားသည်။ ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများမှာလည်း စစ်ကြောင်းမထိုးနိုင်ဘဲစခန်းအတွင်း ပိတ်မိနေသည်မှာ ကြာပြီဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်များက မြို့ပတ်လည်ရှိ စခန်းများနှင့် ကျေးရွာများကို သိမ်းပိုက်ထားသည်။ မြို့ အဝင်အထွက်လမ်းများဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်း, ဖားကန့်-အင်းတော်ကြီးလမ်းနှင့် ဖားကန့်-ဆယ်ဇင်း လမ်းပိုင်းအားလုံးကိုလည်း ထိန်းချုပ်ထားသည်။
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးရသည့် စခန်းများကို ပြန်ထိုင်ရန်တပ်များ အပြောင်းအလဲလုပ်ကာ နယ်မြေစိုးမိုးမှု ပြန်ရယူရန်နှင့် KIA ထံလွှဲပြောင်း ပေးထားရသည့် ကျောက်စိမ်းအခွန်ငွေများ ပြန်ကောက်နိုင်ရန် စစ်ကြောင်းထိုးလာနိုင်ခြင်း ဖြစ်နိုင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ခြုံပြီးမှ ပြောရမယ်ဆိုရင် ဖားကန့်ဘက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးတာရှိပါတယ်၊ KIA ရဲ့ဝင်ငွေတွေကို ဖြတ်တောက်ဖို့အတွက် အခုလိုမျိုးထိုးတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ကခန့်မှန်းပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဖားကန့်-အင်းတော်ကြီး လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့တိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်မှာ လုံးတုံကျေးရွာအနီး တပ်စွဲထားသည်ဟုသိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်-ကာမိုင်းလမ်းပိုင်းကို ယာယီပိတ်ထားရပြီး နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နန့်တိန်းနှင့် အခြားရွာအချို့မှ ဒေသခံ ၃၀၀၀ ခန့်မှာ ဖားကန့်မြို့သို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
“အကုန် ဖားကန့်ကို စစ်ရှောင်ကြပြီ၊ သူတို့ စစ်ကြောင်း အပြင်ဘက် ရောက်လာကတည်းကအကုန်စစ်ရှောင်ကြပြီ တော်တော်များများ ဖားကန့်ကိုရောက်နေကြပြီ၊ ထောင်ဂဏန်းရှိတယ်”ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
ဖားကန့်အဝင် အဓိက လမ်းပိုင်းအချို့ကို ပိတ်ထားသည့်အတွက် အရပ်သားကားများနှင့်ကုန်ကားများလည်း ကွင်းရှောင်လမ်းများမှသာ သွားလာနေရသည်ဟု ဒေသခံ အချို့ကပြောသည်။
ဖားကန့်တိုက်ပွဲပြင်းထန်နေသလို ၅ လခန့်ကြာမြင့်နေပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်းဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အင်အားအချို့ ထပ်မံပို့ထားသည်ဟု သိရသည်။
ဧပြီ ၃ ရက်က ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံးစီးဖြင့် အင်အားအချို့ ပို့ဆောင်ခဲ့ပြီး မြို့တွင်းရှိ နေရာအချို့နှင့် စစ်ကောင်စီတပ်စခန်းအချို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့ကတော့ စကစ ဘက်က စစ်အင်အားတွေဖြည့်တဲ့ အနေအထားရှိပါတယ်။ ဟယ်လီကော်ပတာ ၃ စီးနဲ့ အင်အားတွေဖြည့်တာ၊ အကြမ်းဖျင်းကတော့ ၆၀ ကျော် ၇၀ လောက် ပြန်ဖြည့်တယ်လို့ ခန့်မှန်းပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်၊ ကျဆုံးများပြားနေခြင်း၊ တပ်တွင်းပိတ်မိနေသည့် အခြေအနေများကြောင့် အောက်ခြေရဲဘော်များ စိတ်ဓာတ်ကျနေသည်ဟု အတွင်း သတင်းများ ရထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ဒီမနက်ကနေပြီးမှ တိုက်ပွဲတွေရှိတယ်၊ လေကြောင်းနဲ့ အဆက်မပြတ်ကို လာပြီးမှ ဗုံးကြဲတာဆိုတော့ စစ်ရေးအခြေအနေကတော့ ဆက်ပြီးမှ ပြင်းထန်တဲ့အနေအထားတော့ရှိတယ်ဗျ” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိက စခန်ကြီးဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၂၁)ဝန်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ဗန်းမော်မြို့တွင်းနေရာအချို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်၏ စကခ(၂၁)၊ မြို့တောင်ဘက်ရှိ ခလရ(၄၇)၊ တာမိုင်းလုံဘက်ရှိ တပ်မ(၈၈)တပ်အချို့၊ နည်းပညာတပ်အချို့နှင့်ထောက်ပို့တပ် နှင့် မြို့ပေါ်ရှိ နေရာအချို့တွင် တပ်စွဲထားပြီးစုစုပေါင်း စခန်း ၇ ခု ခန့် ကျန်ရှိနေသေးသည်ဟု KIA ထံက သိရသည်။
နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်သည့် ရှမ်းမြောက်မှ MNDAA နှင့် TNLA အဖွဲ့တို့တရုတ်၏ ဖိအားကို ရင်ဆိုင်နေရချိန် ကချင်ပြည်နယ်တွင် KIA က မြို့သိမ်းတိုက်ပွဲဆက်လက် ဖော်ဆောင်နေသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အကြာ ယမန်နှစ် နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များ ကချင်ပြည်နယ်အတွင်းမြို့သိမ်းစစ်ဆင်ရေးများကို အရှိန်မြင့်လာခဲ့သည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။