
စစ်တစ်ပွဲ ရှုံးနိမ့်ခဲ့ရင် ပါဝင်တိုက်ခိုက်ခဲ့သော စစ်သည်အရေအတွက်ထက် ပိုပြီး သေဆုံးစရာ မရှိပါ၊ သို့သော် နိုင်ငံရေး ရှုံးနိမ့်ရင် တစ်ဖွဲ့လုံး သေဆုံးခြင်း ပါပဲ။
ဆိုရှယ်မီဒီယာပေါ် ဖြတ်ခနဲ တွေ့လိုက်ရသော အထက်ပါ မှတ်ချက်စကားက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အလံထောင်ပြီး လားရှိုးမြို့ထဲ တန်းစီဝင်လာသော အာဏာသိမ်းစစ်တပ်၏ စစ်ယာဥ်တန်းကို ကြည့်လျက် ပြည်သူတစ်ဦး၏ ရင်တွင်းခံစားချက်မှ ပေါ်ထွက်လာသည့် လေးနက်သော ခံစားချက် ဖြစ်ပြီး၊ သွေးထွက်အောင် မှန်ကန်သော စကားပေတည်း။
မြန်မာပြည်တွင်းစစ်သမိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေသော စစ်ပွဲများကို “တော်လှန်ရေး” ဟု အမွှမ်းတင် တံဆိပ်ကပ် ပြောဆိုကြလေ့ရှိသည်။ ၎င်းတို့ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (ERO) ဟု ခေါ်ဝေါ်မှ ကြိုက်နှစ်သက်ကြသူများလည်း ဖြစ်သည်။
၎င်းတို့၏ တော်လှန်ရေးသည် တရားမျှတမှု၊ တိုင်းရင်းသားတန်းတူညီမျှမှုနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် ဖြစ်သည်၊ ထို့ကြောင့် တော်လှန်ရေးဆင်နွှဲနေသည် ဟုလည်း တရားထူထောင်ထားကြသည်။
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မပေါ်ပေါက်မီအထိ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တို့၏ ပြောဆိုချက်များကို ၎င်းတို့ကြီးစိုးရာဒေသမှ ဒေသခံများအပါအဝင် ပြည်သူလူထုအများစုက စစ်မှန်သောစကား များဖြစ်သည် ဟု ယုံကြည်သူ နည်းပါးသည်။
အကြောင်းမှာ ထိုအဖွဲ့များသည် သမိုင်းတစ်လျှောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်လိုက်၊ စေ့စပ်ညှိနှိုင်းလိုက်၊ အပစ် အခတ်ရပ်စဲလိုက်၊ တိုက်ပွဲတွေပြန်ဖြစ်လိုက် လုပ်လာကြသည်၍ ဖြစ်သည်။ စစ်တပ်နှင့် ထိုအဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခ သံသရာ ဆယ်စုနှစ်များစွာအတွင်း စစ်ဘေးဒဏ် ခါးသည်းစွာ ခံစားခဲ့ရသော ပြည်သူတို့အတွက် ထိုဖြစ်စဥ်များက အထူးအဆန်း မဟုတ်တော့သလို၊ ပြည်သူကို ကောင်းကျိုးမပေးသော မည်သည့်ဘက်ကိုမျှ အယုံအကြည် မရှိကြပါ။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လက်နက်အားကိုးဖြင့် ထပ်မံ စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ဆင်းရဲဒုက္ခတွင်းထဲ ဆွဲချခဲ့သော စစ်တပ်၏လုပ်ရပ်ကို ပြည်သူတစ်ရပ်လုံးက သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသမိုင်းတွင် အထူးခြားဆုံး ပြည်သူကိုယ်တိုင် ရွေးချယ်ခဲ့သော “ပြည်သူ့တော်လှန်ရေး” (People’s Revolution) ပေါ်ပေါက်လာခြင်း ဖြစ်သည်။
နိုင်ငံအနှံ့မှ ပြည်သူများ ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်စနစ်တော်လှန်နေခြင်းကို တွေ့မြင်လာရသည့် အခါ ပြည်သူနှင့်အတူ ရပ်တည်မည်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ခြေမှုန်းမည် ဟု ကြွေးကြော်လျက်၊ လက်နက်ကိုင်တော်လှန်ရေး ရေစီးကြောင်းအတွင်း စီးမျောလိုက်ကြသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များပင် ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုသာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးကို ကူညီ ရာရောက်သဖြင့် ပြည်သူများကလည်း ကြိုဆိုခဲ့ကြသည်။
ထိုအချိန် လက်နက်အင်အားပြည့်စုံစွာ တပ်ဆင်ထားပြီး စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသော စစ်တပ်ကို ရင်ဆိုင်နိုင်သော လက်နက်ကိုင်တပ်ဖွဲ့များဆို၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသာ ရှိသည်။ ၎င်းတို့က ပြည်သူ့ဘက်မှ ရပ်တည်လာကြသည့်အတွက် ပြည်သူတို့က အားကိုးခြင်း၊ ထိုအဖွဲ့များ ထိန်းချုပ်ရာနယ်မြေသို့ သွားရောက် စစ်ပညာသင်ယူခြင်း၊ ထိုအဖွဲ့များနှင့်အတူ အသက်ပေးပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်ခြင်း စသည့် ဖြစ်စဥ်များမှာ လွန်ခဲ့သော ၄နှစ်အတွင်း “ပြည်သူ့တော်လှန်ရေး” ၏ သန္ဓေတည် ပေါက်ဖွားခဲ့သော ဖြစ်စဥ်များပင် မဟုတ်ပါလား။
ယနေ့အချိန်ထိ သမိုင်းတွင်မကြုံဖူးသော အာဏာသိမ်းစစ်တပ် ကျရှုံးနေခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စွမ်းအားနှင့် စွမ်းရည် တစ်ခုတည်းကြောင့် မဟုတ်ပါ။ ပြည်သူ့ထောက်ခံမှု၊ ပြည်သူ့အင်အား၊ ပို၍ အလေးအမြတ်ပြုရမည့် ပြည်သူများ၏ ပိုင်ဆိုင်သမျှ ချွေးနည်းစာများကိုပါ ရင်းနှီးထားသော၊ တော်လှန်ရေး ရန်ပုံငွေများအပေါ်အခြေခံ ဖြစ်ပေါ်လာသော “ပြည်သူ့တော်လှန်ရေး” ကြောင့်သာ အဆိုပါ စစ်ရေးအောင်မြင်မှု ရလဒ်များ ရရှိလာခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် သမိုင်းတစ်လျှောက် ပြည်သူကိုနှိပ်စက်သက်ဖြတ်လာခဲ့သော သန္ဓေယုတ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင်များကို အမြစ်ဖြတ်ရှင်းလင်းနိုင်တော့မည် ဟု ယုံကြည်မှုများ ပြည့်ဝလာချိန် လားရှိုးအညံ့ခံပွဲ ဖြစ်စဥ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ခံယူထားသည့် “တော်လှန်ရေး” ၏ အဓိပ္ပာယ်ကို အရေခွံခွာချ ပြသလိုက်ခြင်းလား ဟု မေးခွန်းထုတ်ရပေလိမ့်မည်။
ထိုအပြင် လားရှိုးအညံ့ခံပွဲသည် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်သမိုင်းတစ်လျှောက် တွေ့မြင်ခဲ့ရသော စစ်တပ် နှင့် တိုက်ခိုက်လိုက်၊ စေ့စပ်ဆွေးနွေးလိုက်၊ အပစ်ရပ်လိုက် သံသရာ တစ်ပတ်လည်ခြင်း၏ အစ ပေတည်း။
ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်သည် သူ့အဖေ ဖုန်ကြားရှင်ကဲ့သို့ပင် မိသားစုအကျိုးစီးပွားအခြေခံပေါ် တည် ဆောက်ခဲ့သော MNDAA လက်နက်ကိုင်အဖွဲ့ အကြီးအကဲတစ်ဦးသာ ဖြစ်ပြီး၊ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ သော ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ထုတ်ပြန်ခဲ့သော ရဲရဲတောက် ကြေညာချက်ကို ခေါက်သိမ်း လိုက်ပြီး ဖြစ်သည်။
ဖုန်ကြားရှင်ကဲ့သို့ပင် ၎င်း၏မိသားစု အာဏာတည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက် စစ်ခေါင်းဆောင်များ နှင့် အပေးအယူလုပ်ခဲ့ပြီ ဖြစ်သည်။ ပြည်သူကို ကျောခိုင်းသော ထိုကဲ့သို့ အပေးအယူမျိုးကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မျှော်လင့်နေသည်မှာလည်း လွန်ခဲ့သော ၄နှစ်လုံးလုံး ဖြစ်သည်။
ကိုးကန့်ခေါင်းဆောင်များ၏ ထိုခြေလှမ်းအတိုင်း ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော တအာင်း (TNLA) ၊ ကချင် (KIA) နှင့် အာရက္ခတပ်တော် (AA) တို့ ဆက်၍ လှမ်းလေမည်လား။ သို့ဆိုလျှင် ပြည်သူများနှင့်အတူ ရပ်တည်ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မည်သည့်အတွက် ကြွေးကြော်ခဲ့သနည်း။ ၎င်းတို့ကို ယုံကြည်စွာဖြင့် လားရှိုး မြို့သိမ်းစစ်ဆင်ရေးအတွက် ပါဝင်ခဲ့ကြသော လူငယ်တော်လှန်ရေးရဲဘော် မြောက်မြားစွာ၏ သွေးများက လားရှိုးမြို့ လမ်းမများပေါ် စွန်းထင်းနေဆဲမှာပင် စစ်ကောင်စီကားများ၏ ထပ်မံ ဖြတ် ကြိတ်သွားခြင်း ခံခဲ့ရလေပြီ။ သစ္စာဖောက်ရက်လေခြင်း ဟု တမလွန်မှ နာကျင်စွာ ခံစားကြရပေလိမ့်မည်။
အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသော လားရှိုးမြို့သိမ်းစစ်ဆင်ရေး
ဧပြီလ ၂၁ ရက်နေ့ သေနတ်တစ်ချက် ပစ်ဖောက်ရန်မလိုဘဲ လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရန် ဝင်ရောက်လာသော စစ်ကောင်စီ၏ စစ်ယာဥ်တန်းများကို မြင်တွေ့ခဲ့ရသည့် အခိုက်အတန့်သည် ပြည်တွင်းစစ် သမိုင်းတွင် မကြံဖူးသော နောက်ထပ်ဖြစ်ရပ်တစ်ခုကို ထပ်မံတွေ့မြင်နေရပြီ ဟု ဆိုချင်ပါသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် တစ်လကျော်ခန့် ကျားကုတ်ကျားခဲ မြို့သိမ်းတိုက်ပွဲကြီး ဆင်နွှဲပြီး လားရှိုး မြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့် MNDAA တပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်း ပိုက်ထိန်းချုပ်လိုက်ပြီ ဆိုသည့်သတင်း ပြန့်နှံ့ခဲ့စဥ်ကလည်း မကြုံဖူးသည့် ပြည်တွင်းစစ်သမိုင်း ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ထိုသတင်းကြောင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ဝမ်းသာပျော်ရွှင်ခဲ့ကြပြီး၊ ဤတစ်ကြိမ်တော့ဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားနိုင်တော့မည်ဟု ယုံကြည်မှုများ ပြည့်ဝခဲ့ကြသည်။
ထိုဖြစ်စဥ်က တံလျှပ်ပမာ တစ်နှစ်ပင် မကြာခဲ့ပေ။ ကိုးကန့်ခေါင်းဆောင်များသည် ပြည်သူတို့၏ ယုံကြည်ချက်ကို ရိုက်ချိုးပစ်လိုက်လေပြီ။ တော်လှန်ရေးရဲဘော် လူငယ်များစွာ၏ အသက်များ ပေးဆပ်ရင်းနှီးရယူခဲ့ရသော လားရှိုးမြို့သိမ်းတိုက်ပွဲဖြစ်စဥ်ကို ကောင်းစွာသိရှိကြသူ တချို့ထံမှ အံကြိတ်သံနှင့်အတူ ထွက်ပေါ်လာသည်က ဆုံးရှုံးခဲ့ရသော အသက်အရေအတွက်မှာ “ရာပေါင်းများစွာ” သို့မဟုတ် “ထောင်နှင့်ချီသည်” ဟူသော အသံများပင် ဖြစ်သည်။ ထိုအရေအတွက်ကို Myanmar Now က လွတ်လပ်သော သီးခြားအတည်ပြုမှု လုပ်နိုင်ခြင်း မရှိသေးပါ။
လားရှိုးမြို့သိမ်း စစ်ဆင်ရေးပြီးနောက်ပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ဆေးကုသမှုခံယူရန် ဟု သွားရောက်ခဲ့ရာမှ တရုတ်အစိုးရ၏ ထိန်းသိမ်းခြင်းခံခဲ့ရသည် ဟု သတင်းများဖြစ်ပေါ်ခဲ့ပြီး၊ လူမြင်ကွင်းမှ လနှင့်ချီ ပျောက်သွားခဲ့သော MNDAA ခေါင်းဆောင် ဖုန်တာရွှင်သည် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လည် ထိုးအပ်ပွဲ မပြုလုပ်မီ ရှမ်းမြောက်၏ “၁၀၂၇ စစ်ဆင်ရေး” တွင် ကျဆုံးခဲ့သော ရဲဘော်များ မြှုပ်နှံထားသည့် သင်္ချိုင်းဂူများသို့ သွားရောက်ပြီး ပန်းခွေချ အလေးပြုအခမ်းအနား တစ်ခုကို လုပ်ဆောင်ခဲ့သည်။
လားရှိုးကို စစ်ကောင်စီတပ်များလက်ထဲ ပြန်လည်ထိုးအပ်ခဲ့သော လုပ်ရပ်အတွက် ဖုန်တာရွှင် တစ်ယောက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်တို့၏ ဝိညာဥ်များကို တောင်းပန်ပွဲ ကျင်းပခဲ့လေသလား။ သို့မဟုတ် တရုတ်အစိုးရ၏ ဖိအားများအောက် ဒူးထောက်အညံ့ခံလိုက်ရသော ၎င်း၏အဖြစ်ကို ဖုံးကွယ်ရန် ထိုအခမ်းအနားကို စီစဥ်အသုံးချခဲ့လေသလား၊ ဖုန်တာရွှင်ကိုယ်တိုင်ပင် သိရှိပါလိမ့်မည်။
မည်သို့ပင်ဆိုစေ စစ်တပ်၏ အလွန်အင်အားကြီးမားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်သည် အထိ စွမ်းဆောင်နိုင်ခဲ့ပြီး၊ ကိုးကန့်သမိုင်းတွင် ကြီးမြတ်သော ထိုအောင်ပွဲကြီးကို ရယူနိုင်ခဲ့သော ကိုးကန့်တပ်ဖွဲ့ အကြီးအကဲတစ်ဦး၏ ရန်သူရှေ့မှောက် ဂုဏ်သိက္ခာမဲ့စွာ ဒူးထောက်ခဲ့ရသော ဖြစ်ရပ်ပင် ဖြစ်သည်။ ထို့အတွက် မည်သို့သော ကျိုးကြောင်းပြဆင်ခြေများဖြင့် ဖုံးကွယ်နိုင်စွမ်း မရှိပေ။ နောက်နောင် “တော်လှန်ရေး” ဟူသော ဝေါဟာရ၏ ဂုဏ်သရေသည် ကိုးကန့်ခေါင်းဆောင်နှင့် ထိုက်တန်ခြင်းမရှိနိုင်တော့ပေ။ ပြည်သူတစ်ရပ်လုံး၏ ယုံကြည်မှု ဆိုသည်မှာ နှစ်ကြိမ်နှစ်ခါ ရနိုင်ကောင်းသောအရာ မဟုတ်ပါ။

ညီနောင်မဟာမိတ် နှစ်ဖွဲ့၏ ရပ်တည်ချက်အပေါ် စိန်ခေါ်လာသော လားရှိုးအညံ့ခံပွဲ
ကိုးကန့်တပ်များ၏ လားရှိုးအညံ့ခံပွဲကြောင့် နွေဦးတော်လှန်ရေး၏ စိတ်ဝိညာဥ်တစ်ခုလုံး ညှိုးနွမ်းစေခဲ့ခြင်းက ဖုံးကွယ်စရာမလိုသော အမှန်တရား ဖြစ်လာသည်။ တချို့က ကိုးကန့်ခေါင်းဆောင်များသည် နွေဦးတော်လှန် ရေးကို မည်မျှကူညီပံ့ပိုးပေးခဲ့ကြကြောင်း ခုခံချေပနိုင်ပါသည်။
သို့သော် လားရှိုးအညံ့ခံပွဲသည် အကြောင်းပြ ချက်များ ပေးရန်မလိုအပ်သော ရှင်းလင်းလှသည့် ဖြစ်စဥ်တစ်ခုပင်။ တနည်းအားဖြင့် စစ်အာဏာရှင်များနှင့်အတူ ယှဥ်တွဲနေထိုင်မည်ဆိုသည့် ကိုးကန့်ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို လူသိထင်ရှား ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
ဤနေရာတွင် “၁၀၂၇ စစ်ဆင်ရေး” ကို ကိုးကန့်တပ်များနှင့်အတူ ညီနောင်မဟာမိတ်များအဖြစ် လက်တွဲဆင်နွှဲ ခဲ့ကြသော တအောင်းတပ်ဖွဲ့ နှင့် အာရက္ခတပ်တော် တို့သည် လားရှိုးဖြစ်စဥ်အပေါ် သဘောထား ထုတ်ပြန် ချက်များ ယခုဆောင်းပါး ရေးသားချိန်အထိ မပြုလုပ်ဘဲ တိတ်ဆိတ်နေသည်ကို လေ့လာတွေ့ရှိရသည်။
တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား အပြန်အလှန် ကြေညာချက်ထုတ် ထောက်ခံအားပေးတတ်ကြသော အဆိုပါ ညီနောင် မဟာမိတ်အဖွဲ့များ၏ နှုတ်ဆိတ်နေမှုက ၎င်းတို့၏ ပြည်သူအပေါ် စစ်မှန်ရိုးသားမှုအား အစစ်ဆေးခံနေရပြီ ဆိုသည့်အချက်ကို သတိပြုမိရန် လိုအပ်ပါသည်။
ယခုအခါ ကိုးကန့်အလှည့်ပြီးလျှင် တအာင်းတပ်ဖွဲ့အလှည့် လာတော့မည် ဆိုသည်ကို ပြည်သူများ သိရှိနေကြပြီ ဖြစ်သည်။ တရုတ်အစိုးရက တအာင်းတပ်ဖွဲ့ကို ၎င်းတို့၏နယ်စပ် နမ့်ခမ်းမြို့မှ ဆုတ်ခွာခိုင်းမည်လား၊ သို့တည်းမဟုတ် ကမ္ဘာကျော် တန်ဖိုးကြီးကျောက်မျက်ရတနာများ ထွက်ရှိရာ မိုးကုတ်မြို့မှ ဆုတ်ခွာခိုင်းမည်လား။
တရုတ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် စစ်တပ်နှင့် စေ့စပ်ဆွေးနွေးပါမည်ဟု လူသိရှင်ကြား ထုတ်ပြန်ပြောဆို ခဲ့သော တအာင်းခေါင်းဆောင်များ၏ ခြေလှမ်းများကို ပြည်သူတို့က အနီးကပ်စောင့်ကြည့်နေပါလိမ့်မည်။
ထို့အတူ စစ်တပ်နှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းပါမည်ဟု တရုတ်အစိုးရ အလိုကျ ကြေညာချက်ထုတ်ပြန်ထားသော အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်၏ ထူးခြားသော နယ်မြေတည်နေရာအရ တရုတ်ဖိအားကို ကျန်နှစ်ဖွဲ့ လောက် မရင်ဆိုင်ရသော်လည်း၊ ပြည်နယ်တစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်း သွားမည်ဟု ၎င်းတို့၏ ကြွေးကြော်သံအတိုင်း လုပ်ဆောင်နိုင်မည်လား စောင့်ကြည့်ရပါလိမ့်မည်။
ပြည်သူ့တော်လှန်ရေး အရှိန်အဟုန်ကို ဖြိုခွဲချေမှုန်းမည့် တရုတ်စွက်ဖက်မှုကို ဟန့်တားရန်လိုအပ်
ယခုအခါ ပြည်သူများကိုယ်တိုင် ရွေးချယ်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး “ပြည်သူ့တော်လှန်ရေး” ၏ အရှိန်အဟုန်ကို ဖြိုခွဲချေမှုန်းရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများကို မြေပြင်တွင် သိသာစွာ တွေ့မြင်လာရပြီ ဖြစ်သည်။
လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လည်ရောက်ရှိရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှု လက်တွေ့ဖြစ်မြောက်ခဲ့ ပြီ ဖြစ်သည်။ ထို့အတွက် တရုတ်အစိုးရခေါင်းဆောင်များသည် ယုံကြည်မှုမြင့်မားလာပြီး၊ အခြားသော တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို အလားတူ ဖိအားပေးမှုများ အဆများစွာ တိုး၍ လုပ်ဆောင်လာ ပေလိမ့်မည်။
တရုတ်အစိုးရ၏ စစ်ကောင်စီဘက်မှ ရပ်တည်ကူညီနေသောလုပ်ရပ်သည် စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရန် ကူညီနေခြင်းဖြစ်ပြီး၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည်။ တရုတ်နယ်စပ် နှင့် ရှမ်းမြောက်တွင် တည်ငြိမ်အေးချမ်းရေး ခေါင်းစဥ်ဖြင့် တရုတ်အစိုးရ၏ စွက်ဖက်မှုများမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို တစတစ ပြောင်ပြောင်တင်းတင်း စွက်ဖက်လာခြင်းဖြစ်ကြောင်း လားရှိုးမြို့ လမ်းမပေါ်မှ တရုတ်အလံကပ်ထားပြီး၊ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကားတန်းများ လှည့်ပတ် သွားလာနေခြင်းက သက်သေပင် ဖြစ်သည်။
တရုတ်စွက်ဖက်မှုကို ဆန့်ကျင်တားဆီးနိုင်ရန်မှာ တိုင်းရင်းသားနှင့် ပြည်မ တော်လှန်ရေးအဖွဲ့အစည်းများ အကြား ညီညွတ်စွာ ရပ်တည်၍ လက်ငင်းအကျိုးစီးပွားထက် ရေရှည်တော်လှန်ရေး မျှော်မှန်းချက်ကို ဦးတည် ရင်ဆိုင်နိုင်ရေးက အဓိကကျသည်။ ကိုးကန့်ခေါင်းဆောင်များသည် အဆိုပါ ညီညွတ်ရေးကို ကျောခိုင်းခဲ့ပြီး၊ ၎င်းတို့တစ်ဖွဲ့၏ လက်ငင်းအကျိုးစီးပွားနှင့် ကောင်းစားရေးကို ရှေ့ရှုခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်ခေါင်းဆောင်များ ခြေလှမ်းအတိုင်း အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ လိုက်ပါမည်ဆိုလျှင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူ့တော်လှန်ရေးအတွက် ကြီးစွာသော အနှောင့်အယှက်အန္တရာယ်ကြီး ကျရောက်လာပြီ ဟု သတိပေး သုံးသပ်တင်ပြလိုက်ပါသည်။
