
တစ်နေ့တခြား ထိန်းချုပ်နယ်မြေဆုံးရှုံးနေပြီး လေကြောင်းတိုက်ခိုက်မှုကို အားကိုးနေရသည့် စစ်ကောင်စီ သည် မြေပြင်စစ်ကြောင်း မထိုးနိုင်ခြင်း၊ လေယာဉ်ဆီ ချွေတာလိုခြင်းတို့ကြောင့် အင်ဂျင်တပ်လေထီးများ ပိုမိုအသုံးပြု၍ နိုင်ငံအလယ်ပိုင်းဒေသတွင် တိုက်ခိုက်နေသည်။
ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှ တက်လာသည့် အင်ဂျင်တပ်လေထီး ၃ စီးအနက် တစ်စီးကို ဒေသအခြေစိုက် Burma Revolution Rangers အဖွဲ့က ပစ်ခတ်ခဲ့ရာ စက်ချို့ယွင်းပြီး မြေပြင်ပေါ်သို့ အရေးပေါ်ဆင်းခဲ့ရသည်။
ထိုသို့ ဆင်းသက်သည့် အင်ဂျင်တပ်လေထီးနှင့် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးမှာ တော်လှန်ရေးအဖွဲ့များက လိုက်လံရှာဖွေနေချိန် ထွက်ပြေးလွတ်မြောက်သွားကြသည်။
ဒေသတွင်းလှုပ်ရှားသော ချောက်မြို့နယ်အခြေပြု တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Burma Revolution Rangers က ထိုယာဉ်ကို သယ်ယူရန် ပြင်ဆင်ချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် မီးရှို့ ဖျက်ဆီးခဲ့သည်၊ ကြွင်းကျန်သည့် အပျက်အစီးကို စစ်တပ်က လာရောက်သိမ်းဆည်းသွားသည်ဟု သိရသည်။
ထိုသို့ အင်ဂျင်တပ်လေထီးကို တော်လှန်ရေးအားစုဘက်က အနီးကပ် တွေ့ရှိ မှတ်တမ်းတင်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုယာဉ်၏ ထူးခြားချက်၊ ထုတ်လုပ်မှုပုံစံ၊ တိုက်ခိုက်နိုင်စွမ်း၊ အားသာချက်၊ အားနည်းချက်များနှင့်ပတ်သက်ပြီး Burma Revolution Rangers တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ကိုဒီမိုကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
လေကြောင်းတိုက်ခိုက်မှုအနေဖြင့် လေယာဉ်များ၊ တိုက်ခိုက်ရေးဒရုန်းများကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေ သည့် စစ်ကောင်စီသည် အင်ဂျင်တပ်လေထီးသုံးပြီး တိုက်ခိုက်မှုကို၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် စတင်လုပ်ဆောင်ခဲ့ပြီး လေတပ်အခြေချနေရာ များနှင့်နီးသော နိုင်ငံအလယ်ပိုင်းတွင် ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။
အဆိုပါအင်ဂျင်တပ်လေထီးသုံးပြီး တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရသလို အဆောက်အဦများလည်း ပျက်စီးခဲ့သည်။
ထိုအင်ဂျင်တပ်လေထီးသည် အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေးလံသော ဗုံးသီးများ မသယ်ဆောင်နိုင်ခြင်း စသည့် အားနည်းချက်များရှိနေသည်။

မေး ။ ။ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ ၁၀၁ က တက်လာတဲ့ ပါရာမိုတာ လို့ခေါ်တဲ့ အင်ဂျင်တပ်လေထီး ၃ စီးအနက် တစ်စီးကို ပစ်ခတ်ရာမှာ စက်ချို့ယွင်းပြီး မြေပြင်ပေါ် ဆင်းလာတာကို Burma Revolution Rangers အဖွဲ့က စီးနင်းမီးရှို့ခဲ့တယ်လို့သိရတယ်။ အဲဒီဖြစ်စဉ်လေးကို သိချင်ပါတယ်။
ဖြေ ။ ။ ဒီကောင်တွေတက်လာတယ်ဆိုတာကို သတင်းကြားလို့ စောင့်နေတဲ့အချိန်မှာ သူတို့ တက်လာတော့ နိမ့်နိမ့်လေးဗျာ။ ၂ စီးလုံးက နိမ့်နိမ့်လေးတက်လာတာ။ ကျွန်တော်တို့ခေါင်းဆောင်က G3 နဲ့ ပစ်တယ်။ ပစ်တဲ့အခါကြတော့ ရှေ့နားလေးလည်းရောက်ရော တဖြည်းဖြည်းချင်း (အောက်ကို) နိမ့်ကျတာကို တွေ့တယ်။ ကျန်နေတဲ့တစ်စီးကတော့ အပေါ်ကနေ ၅ ခေါက်လောက် ဝဲပေးနေပြီးမှ သူတို့ဌာနေကို ပြန်သွားတာ။
အဲ့ဒီအချိန်မှာ အခြား (တော်လှန်ရေး) တစ်ဖွဲ့နဲ့ ပေါင်းပြီးတော့ ကျသွားတဲ့အစီးကိုလိုက်ရှာတာ။ ကျွန်တော် တို့တွေ့တဲ့အခါကျတော့ စစ်ကောင်စီဘက်က ထွက်လာတယ်ဆိုတာက သတင်းက ရနေတယ်၊ ကားအကြီးကြီး ၂ စီးရယ်၊ သံချပ်ကာကား ၂စီးရယ် ခန့်မှန်းခြေ အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတာမို့လို့ ဒါကို (အင်ဂျင်တပ်လေထီးကို) ယူချိန်မရလို့ မီးရှို့ခဲ့တာ၊ တပ်မ (၁၀၁) ရဲ့ အနီးနားမှာပဲ။ မြို့ရဲ့ အနောက်မြောက်ဘက်၊ တပ်မ (၁၀၁) ရဲ့ မြောက်ဘက်ပေါ့။
မေး ။ ။ အင်ဂျင်တပ်လေထီး တက်လာတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျည်ထိမှန်ပြီး စက်ချို့ယွင်းသွားတာလား။ သူ့ဘာသာသူ ချို့ယွင်းတာလား။
ဖြေ ။ ။ ကျည်ထိမှန်ပြီး ချို့ယွင်းတာဖြစ်နိုင်တယ်။ ကျွန်တော်တို့ ပစ်ပြီးခါမှ သူ့ဘာသာနိမ့်ဆင်းပြီး တော့ ကျလာတာ။ စုစုပေါင်းတက်တာကတော့ ၃ စီးတက်တာ။ ၁ စီးကတော့ အခြားကိုခွဲသွားတာ။ ကျွန်တော်တို့ ဘက်ကို တက်လာတာတော့ ၂ စီးပြိုင်တူ တက်လာတာ။ ၂ စီးစလုံးက စတက်တဲ့အချိန်မှာ နိမ့်နိမ့်လေးတွေပါ။ (တော်လှန်ရေးဘက်က သေနတ်နဲ့) ပစ်တာကတော့ ၁၅ ချက်လောက်ပဲပစ်တာဗျ။ G3 နဲ့ ခေါင်းဆောင် လိုက်ပစ်တာ။
သူတို့အောက်ဆင်းလာတဲ့အချိန်မှာ ထန်းပင်တို့ ထနောင်းပင်တို့နဲ့ ဝင်ငြိတာမျိုးတွေလည်းရှိတယ်။ စောင်းသွားတာမျိုးတွေလည်း မြင်တော့မြင်လိုက်ရတယ်။ ဒီနေ့မနက်တော့ ကျွန်တော်တို့ မီးရှို့ခဲ့တဲ့ဟာကို ဘာများကျန်ဦးမလဲဆိုပြီး သွားကြည့်တဲ့အခါကြတော့ ဒီကောင်တွေ ညတုန်းက စစ်ကြောင်းနဲ့ တစ်ခါတည်း ကားပေါ်တင်ပြီး သယ်သွားပုံရတယ်၊ ဘာမှမတွေ့တော့ဘူး၊ အဲ့ဒီမှာ ၁၂၀ မမ ဗုံးသီးတစ်လုံးတော့ ချန်ခဲ့တယ်။ မပေါက်ကွဲသေးတဲ့ဗုံးသီးပေါ့။
သူတို့ (အင်ဂျင်တပ်လေထီးမှာ) သယ်ဆောင်လာတာတော့ ၁၂၀ မမ ဗုံးသီးတွေ သယ်လာတာဗျ။ လူ ကတော့ ၂ ယောက်ပါတယ်။ အဲ့ဒီမှာ ရှေ့ကမောင်းတဲ့လူဆောင်းတဲ့ ဦးထုပ်ပေါ့။ ဆက်သွယ်ရေးလုပ်တဲ့၊ နားကြပ်ပါတဲ့ဦးထုပ်၊ အဲ့ဒီတစ်လုံးတော့ ကျွန်တော်တို့ ယူနိုင်ခဲ့တယ်။ ကျန်တာကတော့ ဘာမှ မယူနိုင်ခဲ့ဘူးဗျ။
နှမျောတော့ နှမျောတယ်။ နှမျောပေမဲ့လည်း သူတို့ပြန်သုံးလို့ မရအောင် မီးရှို့ခဲ့တာ။ ပါလာတဲ့ ၁၂၀ အဖူး တွေက အကုန်လုံးကွဲတယ်။ တစ်လုံးပဲကျန်တယ်။ လိုက်ပစ်တဲ့အချိန်မှာ ပါရာမော်တာအမြင့်က မီတာ ၄၀၀ ကျော် ၅၀၀ လောက်တော့ရှိမယ်ထင်တယ်။ ဗုံးကြဲတိုက်ခိုက်တာ မလုပ်ရသေးဘူး။ သူတို့ ဌာနေနဲ့ သိပ်လည်းမဝေးတဲ့နေရာပေါ့။

မေး ။ ။ ပါရာမိုတာမောင်းလာသူတွေက ဘယ်လိုလွတ်မြောက်သွားလဲ။
ဖြေ ။ ။ သူတို့ကျပြီးတော့ အပေါ်မှာ ကျန်တဲ့တစ်စီးက ၅ ခေါက်လောက် ဝဲပေးနေတာ။ တပ်မထဲကို အဆက်သွယ်လုပ်ပေးနေတယ်လို့ ကျွန်တော်တို့က ထင်တာပဲ။ ဒီကောင်တွေ ( မြေပေါ်) ကျလည်း ကျရော ဦးထုပ်လည်း ချွတ်ပြီးတော့ ထားခဲ့တယ်၊ လွတ်ရာကို ထွက်ပြေးတာပေါ့။ နောက်ကနေ လိုက်ပစ်လည်း ဘယ်လိုမှ မမှီတော့ဘူး။ အဲ့ဒါကြောင့် လွတ်သွားတာ။
မေး ။ ။ အနီးကပ်ကြည့်ခွင့်လည်းရတယ်ဆိုတော့ သူတို့သုံးတဲ့စက်က ဘယ်နိုင်ငံ ထုတ်လဲ။ ဘယ်လိုထူးခြားချက်တွေ ရှိလဲ။
ဖြေ ။ ။ တရုတ်ထုတ်တွေပဲ ဖြစ်မယ်ထင်တာပဲဗျ။ ကျွန်တော်တို့လည်း အရမ်းကြီးအချိန်မရခဲ့ဘူး။ ရောက်တာနဲ့ ယူဖို့ပြင်ဆင်တဲ့အခါကြတော့လည်း အချိန်မရခဲ့တော့ အဲဒီမှာပါတဲ့ လေထီးစကို (ယာဉ်) ကိုယ်ထည်မှာ ပတ်ပြီးတော့ မီးရှို့ခဲ့လိုက်တာ။ စာတန်းတွေတော့ မတွေ့ခဲ့ဘူး။ အင်ဂျင်ဘက်ကို ကောင်းကောင်းတောင် ကြည့်ချိန်မရခဲ့ဘူးဗျ။ အဲ့လောက်ကြီးထိအချိန်မရခဲ့ဘူး။ သူတို့ဌာနေနဲ့နီးတဲ့ အတွက်ကြောင့် ဘာမှကို အချိန်မရဘဲ ဖြစ်သွားတယ်။
ကျွန်တော်အထင်ပြောရလို့ရှိရင်တော့ ကပစမှာ ထုတ်တာမျိုး ဖြစ်နိုင်တယ်။ အင်ဂျင်ကို တခြားနိုင်ငံက ဝယ်ပြီး ကျန်တဲ့ဘော်ဒီပိုင်းတွေ အကုန်လုံးကို ကပစမှာ ထုတ်တာမျိုးဖြစ်နိုင်တယ်။ ပြီးတော့ လက်ရာတွေကလည်း မသေသပ်ဘူး။ သပ်သပ်ရပ်ရပ်လည်းမရှိဘူး။ ဒိုက်ခွက်တွေလည်း သပ်သပ်ရပ်ရပ် မရှိဘူး။ ပြီးစလွယ် လုပ်ထားတဲ့ပုံစံမျိုးတွေ။ ဗုံးသီးခန့်မှန်းခြေ ၁၂၀ မမ ၈ လုံး ကျော်ကျော်လောက် သယ်ရတယ်။
စတက်တက်လာချင်း သိပ်မမြင့်သေးတဲ့အချိန် တွေ့ရတာဆိုတော့ ထင်ထင်ရှားရှားမြင်နေရတာဗျ။ ပုံမှန် သူတို့ပျံသန်းမယ့်အချိန်ဆိုရင်တော့ မှုန်မှုန်လေးလောက်ပဲ မြင်ရလောက်တယ်။ အသံကတော့ တော်တော်လေးတော့ ကျယ်တယ်။ ကြားရတယ်။
သူ့အားနည်းချက်က အပေါ်မှာဆိုရင် ပျံတော့လည်း သိပ်ပြီးမမြန်ဘူး။ သွားချင်ရာကို ကွေ့တော့လည်း ခက်ခက်ခဲခဲ ကွေ့နေရတယ်။ သူတို့က (စက်ချို့ယွင်းသည့် ပါရာမိုတာယာဉ်မောင်းတွေက) မောင်းခါစ မို့လို့လားမသိဘူး၊ တော်တော်လေးတော့ ကသိကအောင့် နိုင်လောက်တယ်ဗျ။

မေး ။ ။ စစ်တပ်က ဘာကြောင့် အင်ဂျင်တပ်လေထီးတွေ ပိုသုံးလာတာလဲ။ ပခုက္ကူမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က အင်ဂျင်တပ်လေထီးနဲ့တိုက်ခိုက်တဲ့အခြေအနေတွေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ ဘာကြောင့်သုံးလာလဲဆိုတော့ မြေပြင်မှာလည်းမနိုင်ဘူး။ မြေပြင်လာလို့ရှိရင် ဒီကောင်တွေပဲ ခံနေရတာ။ အဲ့ဒါကြောင့် ဒါမျိုးတွေပဲသုံးတာ။ ပြီးတော့ သူတို့ တိုက်လေယာဉ်တွေ သုံးမယ်ဆိုရင်လည်း စရိတ်စကများတာကြောင့် ဒါတွေသုံးတယ် ထင်တာပဲ။ ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ဒီဟာတွေက နေရာလည်း သိပ်ပေးစရာမလိုဘူး။ အလွယ်တကူ ပျံသန်းလို့ ရတယ်။ ဆုံးရှုံးသွားမယ်ဆိုရင်လည်း သူတို့အတွက်က ဆုံးရှုံးမှုနည်းတယ်။ အဲ့ဒီအတွက် ဒါမျိုးတွေ သုံးတယ်လို့ထင်တယ်။
ပခုက္ကူနယ်ထဲမှာတော့ (တိုက်ခိုက်တာ)ရှိတယ်။ ပခုက္ကူအနောက်ဘက် တော်တော်ဝေးတဲ့ အထဲမှာရှိတယ်။ မြစ်ခြေဘက်တွေ၊ ကမ္မဘက်တွေမှာတော့ရှိတယ်။ ကျွန်တော်တို့နားလေးမှာတော့ မနေ့ကပဲ စပြီး တက်လာတာမျိုးတွေရှိတာပေါ့။ အခုနောက်ပိုင်း စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်တာတွေရော၊ ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်တာတွေရောက ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ပြည်သူတွေ အိမ်တိုင်း၊ အိမ်တိုင်း ပုန်းခိုကျင်းတွေဘာတွေ တူးထားတာမျိုးတွေလုပ်ပြီးတော့ အဲ့လိုမျိုးရှောင်ရင်တော့ အန္တရာယ် ကင်းမယ်လို့ထင်တယ်။
မေး ။ ။ ဖြည့်စွက်ပြောချင်တာရှိရင်သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ဘက်မှာ နောက်ထပ် ၂ စီးကျန်သေးတယ်။ သူတို့လည်း နောက်တစ်ခါလုပ်ဖို့က တော်တော်စဉ်းစားပြီးလုပ်တော့မှာပေါ့။ အခုလို နမော်နမဲ့နိုင်တာမျိုးမရှိတော့ဘဲ သေချာဂရုစိုက်ပြီးတော့ အကွက်ချပြီးလုပ်လောက်တယ်။
ကျွန်တော်တို့လည်း တော်တော်ကြီးကို အန္တရာယ်များတယ်။ သူ့တို့က ပုံမှန်အတိုင်းဆိုရင် အမြင့်ကြီးတွေ အထိ ပျံမှာဗျာ။ ပစ်ချနိုင်တဲ့လက်နက်တွေ လိုချင်တာဗျ၊ ကိုယ့်ဆီမှာ လက်နက် ကောင်းကောင်း လိုတာပေါ့ဗျာ၊ ပွိုင့်ဖိုက်တို့၊ ငါးကျင်းမြီးတို့ အဲ့ဒါမျိုးတွေ လိုတာပေါ့။ စတက်တဲ့အချိန် သိပ်မကြာခင် အချိန်မှာဆိုရင် အနိမ့်လေးကတော့ G3 လောက်နဲ့ကို မှီတယ်။