
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတောင်းဆိုသူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်နှိမ်နှင်းသည်ကို တွေ့မြင်ပြီးနောက် ပြန်လည်ခုခံလိုသည့် အသက် ၂၅ နှစ်အရွယ် ရဲဘော် Micky သည် တိုင်းရင်းသား လက်နက်ကိုင် ဒေသတစ်ခုသို့ သွားရောက်ပြီး စစ်ပညာ သင်ယူခဲ့သည်။
၂၀၂၁ နှစ်လယ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရန်ကုန်မြို့ပြပြောက်ကျား လှုပ်ရှားမှု များတွင် ဦးဆောင်ပါဝင်ခဲ့သည်၊ ယခုအခါတွင် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တချို့ကို စုစည်းထားသည့် မြို့ပြကြွက်အမည်ရှိ မြေအောက်လှုပ်ရှားမှုအဖွဲ့၏ခေါင်းဆောင် ဖြစ်လာသည်။
လက်ရှိတွင် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်များသည် စစ်ကောင်စီတပ်က ထုတ်ပြန် ထားသည့် စစ်မှုထမ်း ဥပဒေ၊ သန်းခေါင်းစာရင်း ကောက်ခံမှုစသည့် အခြေအနေများကြားတွင် သိုသိုဝှက်ဝှက် နေထိုင်နေကြရသည်ဟု ရဲဘော် Micky က ပြောသည်။
ရန်ကုန်မြို့ပြပြောက်ကျား အချို့ စုပေါင်းပြီး မြို့ပြကြွက် UG Network အဖွဲ့ကို ဖွဲ့စည်းခဲ့ပုံ၊ အဖွဲ့ ဘဏ္ဍာရေး အခြေအနေ၊ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၏ အခက်အခဲများနှင့် ပတ်သက်ပြီး မြို့ပြကြွက်အဖွဲ့ခေါင်းဆောင် ရဲဘော် Micky ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
မေး – မြို့ပြကြွက်ဆိုတာ ဘာကိုဆိုလိုတာလဲ မြို့ပြကြွက်တွေကို ဘယ်လိုမျိုး ဖွဲ့စည်းထားတာလဲ။
ဖြေ – ဒီမြို့ပြကြွက်ဆိုတဲ့ နာမည်က ဘဏ္ဍာရေး လိုအပ်ချက်အရတွေကို ဖြည့်တင်း နိုင်ဖို့ အတွက် Campaign လုပ်ကြရတဲ့နေရာမှာ (မြို့ပြပြောက်ကျား)UG တွေကို ဘာနဲ့ တင်စားမလဲဆိုတဲ့ ပုံစံနဲ့ ကျွန်တော်တို့ ဝိုင်းဖွဲ့စဉ်းစားကြတဲ့အခါမှာ မြို့ပြကြွက်ဆိုတဲ့ နာမည်ရလာတာဖြစ်တယ်။ ဒီနေရာမှာ မြို့ပြကြွက်ဆိုတာ တနိုင်ငံလုံးမှာရှိနေတဲ့ မြို့ပြ UG တွေ အကုန်လုံးကို ကိုယ်စားပြုတာလို့ တချို့က ယူဆနေကြတာရှိတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ မြို့ပြကြွက်ဆိုတာ နာမ်စားတစ်ခုသာ ဖြစ်တယ်။ ဒီနာမ်စားကို ကျွန်တော်တို့ UG အဖွဲ့တွေရဲ့ တာဝန်ရှိသူတွေက ဝိုင်းစဉ်းစားရင်းနဲ့ ပေါ်ပေါက်လာတဲ့ နာမည်တစ်ခုသာဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကတော့ ၂၀၂၁ မှာကတည်းက အဖွဲ့ကိုယ်စီက သက်ဆိုင်ရာအဖွဲ့ကိုယ်စီနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားကြတယ်။ နောက်ပိုင်းမှာ တစ်ဖွဲ့တည်း လှုပ်ရှားတာထက်စာရင် အဖွဲ့တွေ အများကြီး ပူးပေါင်းတာက ပိုပြီးတော့ အဆင်ပြေမယ်ဆိုပြီးတော့ Network တွေ တည်ဆောက်ကြတာ မျိုးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီNetwork တွေမှာ တချို့က လုံးလုံးပျောက်သွားပြီး နာမည်ပဲကျန်တော့တာ မျိုးတွေရှိတယ်။
အခု ရန်သူ့ဘက်က ထိုးဖောက်ဝင်ရောက် လာမှုတွေက ပုံစံမျိုးစုံနဲ့ဖြစ်တယ်။ အဆိုးဆုံးကတော့ UG ယောင်ဆောင်ပြီးတော့ ပြည်သူတွေဆီက အလှူငွေလိမ်တာတွေ၊ လှုပ်ရှားတိုက်ခိုက်မှု အတုတွေ လုပ်ပြီးတော့ UG Network တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး UG တွေကို ဖမ်းဆီးတာတွေ နည်းမျိုးစုံနဲ့ လုပ်ကြတော့ ကျွန်တော်တို့ ၂၀၂၂ နောက်ပိုင်းမှာ UG အင်အားတွေက တော်တော်ကြီး လျော့နည်းသွားတယ်။ လှုပ်ရှားရတာလည်း အခက်အခဲတွေ အများ ကြီးဖြစ်တယ်။ ထိခိုက်ဆုံးရှုံးရတာတွေလည်း များလာတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒါကိုဘယ်လို Counter လုပ်မလဲဆိုပြီး စဉ်းစားတယ်။ ဒီ UG လိုင်းထဲမှာ ဝင်ရောက်နေတဲ့ UG တပ်ဖွဲ့ တချို့ကို ရှင်းထုတ် လိုက်နိုင်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့က ပုံစံသစ်တစ်ခုနဲ့ ပြန်တည်ဆောက်မှရမယ်ဆိုပြီး တွေးလာတယ်။
အဲဒီအတွက် ပုံစံသစ် တစ်မျိုးနဲ့ ဒီ Network ကိုတည်ထောင် ဖြစ်တာဖြစ်တယ်။ ကျွန်တော်တို့ ရဲ့ Unit တစ်ခုစီမှာဆိုရင် ၅ ယောက်ကနေ ၁၀ ယောက်ကြား ပါဝင်တယ်။ ကျွန်တော်တို့ Unit ဘယ်နှစ်ခု ဖွဲ့ထားတယ်ဆိုတာတော့ အသေးစိတ်မပြောတော့ဘူး။ ဒါပေမယ့် လူအင်အား ရာဂဏန်းအထိ ကျွန်တော်တို့ ဆီမှာရှိတယ်။ ဒီအဖွဲ့တွေက တစ်ဖွဲနဲ့တစ်ဖွဲ့ ချိတ်ဆက်ထားတာ လုံးဝမရှိဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့လည်း မသိကြဘူး။ ဘယ်အဖွဲ့က ဘာလုပ်မယ်။ ဘယ်အဖွဲ့က ဘယ် Mission လုပ် မယ်ဆိုတာမျိုးကိုလည်း မျှဝေတာမျိုး မရှိဘူး။ ဒါတွေအားလုံးက One Command အောက်မှာပဲရှိတယ်။ Mission ပိုင်းဆိုင်ရာတွေကို ကိုင်တွယ်တဲ့ ခေါင်းဆောင် ပိုင်းတွေကလွဲပြီး ဘယ်သူမှမသိနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ Network ထဲက Unit တစ်ခုကို ရန်သူက မိသွားခဲ့မယ်ဆိုရင်တောင်မှ ဘယ်လိုနည်းနဲ့မှ တခြား Network တွေ နဲ့ Network ကြီးတစ်ခုလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိနိုင်မှာ ရှာဖွေတွေ့ရှိနိုင်မှာမျိုးမရှိဘူး။

မေး – မြို့ပြကြွက် Network အနေနဲ့ ၄ နှစ်တာကာလအတွင်း အောင်မြင်မှု ဘယ်လောက်ထိ ရယူထားနိုင်သလဲ။
ဖြေ – မြို့ပြကြွက် UG Network အနေနဲ့ ဒီနာမည်တော့ မဟုတ်ဘူးပေါ့။ လှုပ်ရှား ဆောင်ရွက်ရချိန်မှာ ရဲဘော်တွေရဲ့ လုံခြုံရေး၊ နောက်တစ်ခုက ရန်သူတွေ ဝိုင်းနေတဲ့ ကြားထဲမှာ နေရတဲ့အတွက် ကျွန်တော်တို့ ရဲဘော်တွေရဲ့ လုံခြုံရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ အမည်ဝှက်တွေ နာမည်ဝှက်တွေ သုံးရတာမျိုးတွေရှိတယ်။ ကျွန်တော်အနေနဲ့ တိတိကျကျတော့ Misision တွေကို ပြောမသွားတော့ဘူး။ စစ်ခြေစိုက် စခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေကိုလည်း အောင်အောင်မြင်မြင် လုပ်ခဲ့နိုင်သလိုမျိုး စစ်တပ်ဘက်က စစ်ဖက်ဆိုင်ရာ အရာရှိ ကြီးကြီးမားမားအထိ လုပ်ကြံအောင်မြင်ထားတာမျိုးတွေရှိတယ်။ ဒီဟာကို ကျွန်တော်တို့ ဘယ်နှစ်ခုနှစ်၊ ဘယ်လိုအချိန်၊ ဘယ်ကာလမှာ ဆိုတာမျိုးတော့ မပြောတော့ဘူး။ ကျွန်တော်တို့ ဒီလို Misision တွေကိုလည်း တချို့ Mission တွေကိုဆိုရင် လုံးလုံး မထုတ်ပြန်တာမျိုးတွေလည်း ရှိတယ်။ ဒါက ရန်သူသိတယ်။ ကျွန်တော်တို့ သိတယ်ဆိုတဲ့ အခြေအနေမျိုးမှာပဲရှိတယ်။
ကျွန်တော်တို့ ထုတ်ပြန်ရင် ရန်သူ့လက်ထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပေးသလို ဖြစ်သွားမယ်။ ပြည်သူကို ထုတ်ပြလိုက်ရင်တော့ အားတက်သွားမယ်။ ကျွန်တော်တို့လည်း ပြည်သူကိုအားတက်စေချင်တယ်။ သိစေချင်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်လုပ်ထားတဲ့ Misiion ဖြစ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဂုဏ်ယူဝင့်ကြွားသင့်တဲ့ အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့က မြို့ပြလှုပ်ရှားမှု လုပ်နေတာဖြစ်တယ်။ အချိန်တိုင်းက ဓားသွားပေါ်မှာ လမ်းလျှောက်နေရတာဖြစ်တဲ့အတွက် လုပ်ပြီးတဲ့ Mission ဆိုရင်တောင်မှ UG နည်းနာအရ မဖြစ်မနေ မေ့ပစ်ရတယ်။ ကျွန်တော်တို့ခေါင်းထဲမှာ ကျန်နေရင်တောင်မှ ဒါကြီးကမဟုတ်ဘူး၊ ငါတို့လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာမျိုး သွားနေရတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် ဒီလောက်ထိပဲ ပြောလို့ရတယ်။ ကျွန်တော်တို့ အနေနဲ့က အသေးစား ပစ်ခတ်တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေဆိုရင်တော့ Mission ပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပြီးဖြစ်တယ်။
မေး – ငွေကြေး လိုအပ်ချက်တွေ ရှိတာကြောင့် မရှောင်တိမ်းနိုင်ဘဲ မြို့ပြ UGတွေ မကြာခဏ ဖမ်းဆီးခံရတဲ့ သတင်းတွေ ကြားရတယ်။ ဒါကိုရော ဘယ်လို ဖြေရှင်းကြသလဲ။
ဖြေ – ရဲဘော်တွေကို ရန်သူ့ဘက်က သတိထားမိသွားပြီဆိုတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ အရေးပေါ် အသုံးစရိတ်တွေ လိုအပ်လာတာမျိုးတွေဖြစ်လာတယ်။ ကျွန်တော်တို့က Unit တစ်ခုကို ရန်သူ့ဘက်က အခြေခံမိသွားတယ်။ Unit တစ်ခုထဲက တစ်ယောက်ကို မိသွားပြီဆိုတဲ့ အချိန်မှာ ကျွန်တော်တို့က ချက်ခြင်း ကျန်တဲ့လူတွေကို ဆွဲထုတ်နိုင်ဖို့ဆိုရင် အရေးပေါ် အသုံးစရိတ် လုံလုံ လောက်လောက် ရှိဖို့လိုတယ်။ အရေးပေါ် အသုံးစရိတ်က ခိုင်ခိုင်မာမာ ကိုင်မထားနိုင်ဘူး ဆိုရင် ကျွန်တော်တို့ ရဲဘော်တွေကို ဆွဲမထုတ်နိုင်တော့ဘူး။ အဲဒီလို အခြေအနေမျိုးမှာဆို သွားပြီပေါ့။ ရဲဘော်တွေ အတွက် အရေးပေါ် အသုံးစရိတ်တွေ စီမံပေးနိုင်ဖို့ ဆိုရင် ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေး လိုအပ်ချက်ရှိတယ်။ တချို့ရဲဘော်တွေဆိုရင် အရေးပေါ် အသုံးစရိတ်မရှိတာကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးတွေလဲ ရှိတယ်။ ကျွန်တော်တို့က ဘဏ္ဍာရေး လိုအပ်ချက် ကြီးကြီး မားမားရှိတယ်။
ဘာလို့ ဘဏ္ဍာရေး လိုအပ်ချက် ကြီးကြီးမားမားရှိလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျွန်တော်တို့က Network အနေနဲ့ Unit တွေ အများကြီးနဲ့ အခိုင်အခံ့ တည်ဆောက်ထားတဲ့ UG Network တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာက ဌာနတွေ ဆိုရင်လည်း ထုတ်လုပ်ရေး၊ နည်းပညာ၊ သုတေသနနဲ့ သက်ဆိုင်တာတွေပြီးရင် ရန်သူ့ဆီ သတင်းအချက်အလက် ထိုးဖောက်ဝင်ရောက်ပြီးတော့မှ သတင်းအချက်အလက် ရယူတာမျိုးတွေ ကျွန်တော်တို့ လုပ်နေတာရှိတယ်။ ကျွန်တော်တို့က Missionကို ဆက်တိုက် ကနေတဲ့ အဖွဲ့မျိုးတွေမဟုတ်ဘူး။ ကသင့် ကထိုက်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ကတယ်။ သေချာတာက ရန်သူ့ကို ထိခိုက်စေတဲ့ အရာမျိုးတွေမှာဆိုရင် အသံတိတ် လှုပ်ရှားလိုက်တာမျိုးတွေရှိတယ်။ တချို့ အခြေအနေမျိုး တွေမှာဆိုရင် လိုအပ်ချက်အရ မလုပ်တာမျိုးတွေ ရှိတယ်။ အဲဒီလို မလုပ်ဘူးဆိုရင်တောင်မှ UG လှုပ်ရှားမှုတွေက ရပ်တန့်နေတာမဟုတ်ဘူး။ UG လှုပ်ရှားမှုတွေထဲမှာ ရန်သူ့ဆီက သတင်းအချက်အလက် ရယူတာမျိုးတွေရှိတယ်။
ကျွန်တော်တို့ UG Network အင်အားစုတွေ ဆီက အရေးပါတဲ့ သတင်းအချက်အလက်တွေ ရတာရှိတယ်။ ဒါတွေက မြို့ပေါ်မှာ မဖြစ်ဘူးဆိုရင်တောင်မှ တောထဲက ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေအတွက် အကျိုးရှိတဲ့ သတင်းတွေ ဖြစ်တယ်။ ဒီလို သတင်းတွေကို ကျွန်တော်တို့ ပေးပို့ပြီးတော့ ဒါကိုလည်း မြို့ပြ လှုပ်ရှားမှုတစ်ခုအဖြစ် ယူဆလို့ရပါတယ်။ ကျွန်တော်တို့က မရပ်တန့်ဘဲ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တောထဲမှာ အခိုင်အခန့်တည်ဆောက်ထားတဲ့ တပ်တွေ အနေနဲ့က ပြင်ဆင်စုဖွဲ့ဖို့ အချိန်လုံလုံလောက်လောက် ရနေတဲ့ အချိန်မှာတောင်မှ ကျွန်တော်တို့က ဒီလို ပြင်ဆင်စုဖွဲ့နိုင်ဖို့အတွက် တောက်လျှောက်တိုက်နေရတဲ့ အင်အားစုဖြစ်တော့ ကျွန်တော်တို့မှာ ထိခိုက်ဆုံးရှုံးမှုကများတယ်။ ကျွန်တော်တို့က တိုက်ရင်းပြင်ဆင်နေရတဲ့ အဖွဲ့ဖြစ်တော့ ဘဏ္ဍာရေး လိုအပ်ချက်က များလာတယ်ပေါ့။ ဒီတစ်ခေါက်မှာတော့ မြို့ပြကြွက်တွေရဲ့ ၂၀၂၁ တုန်းကလို ပြည်သူတွေရဲ့ အားပေးကူညီမှုတွေကို ပြန်ပြီးတော့မှ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရန်သူ့အရှိုက်ကို ထိုးနိုင်ဖို့အတွက်ဆိုရင် ဘဏ္ဍာရေး ဖြည့်တင်းဖို့လိုလာတယ်။ ပိုပြီးတော့မှ ပြန်လည်တည်ဆောက်မှုကို ဦးစားပေးဖို့ လိုအပ်တဲ့ အခြေအနေဖြစ်လာတယ်။ ဒါတွေကို ကျွန်တော်တို့ လုပ်နေတယ်။ ဆက်ပြီးတော့မှ ရန်သူကို အရှိုက်ကောင်းကောင်းထိုးနိုင်ဖို့ ပြင်ဆင်နေတဲ့ အနေအထားမျိုးတွေရှိတယ်။

မေး – မြို့ပြကြွက်အဖွဲ့တွေရဲ့ ဘဏ္ဍာငွေဆိုင်ရာ အခက်အခဲကို ဘယ်လို ဖြေရှင်း နေထိုင်ကြပါသလဲ။
ဖြေ – အစောပိုင်းကာလမှာတော့ လူငယ်တွေ ကိုယ်ထူကိုယ်ထ ရုန်းကန်ကြရတဲ့ အခြေအနေမျိုးတွေမှာတော့ အများကြီး မတွေးနိုင်ခဲ့တဲ့ အခြေအနေလို့ ပြောရမှာပေါ့။ ကျွန်တော်တို့ လူထုကလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နေတဲ့အခါမှာ ဒီလက်နက်ကိုင် တော်လှန်ရေးဟာ လူထုပါဝင်ပူးပေါင်းမှု အားကြီးကြီးမားမားနဲ့ အမြန်ဆုံး ပြတ်သွားနိုင်တယ်ဆိုပြီး လူငယ်တွေ ကြားထဲမှာ ယုံကြည်မိတဲ့ အခြေအနေတွေရှိခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ လုပ်ဆောင်ကြတဲ့ အခါမှာတော့ ကျွန်တော်တို့ ဖြတ်သန်းရမယ့်လမ်းခရီးက ပိုပြီးတော့ ကြမ်းတမ်းနိုင်တယ်၊ ပိုကြာနိုင်တယ်ဆိုတာကို မြင်လာရတယ်။ အဲဒီအခါမှာ ကိုယ့်သက်ဆိုင်ရာ ကူညီထောက်ပံ့ပေးတဲ့ သူတွေနဲ့ပဲ ရပ်တန့်နေလို့ မရတော့ဘူးလို့ ကျွန်တော်တို့ တွေးဖြစ်လာတယ်။ ဒါတွေက ဘဏ္ဍာရေး ပြဿနာကို တိတိကျကျ မြင်လာရတဲ့ အချိန်မှာ ကြုံလာရတာပေါ့။
လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်း ရတဲ့အခါမှာ ကုန်ကျစရိတ်ပမာဏက တော်တော်ကြီးများတယ်။ မြို့ပေါ်မှာဖြစ်တဲ့အတွက် ဒါတွေက ဆုံးရှုံးသွားနိုင်ခြေရှိတယ် ဆိုပေမယ့်လည်း ဒါကို ရပ်လိုက်လို့မရဘူး။ ဘာလို့ရပ်လို့ မရလဲဆိုတော့ ဒီမြို့ပြလှုပ်ရှားမှုတွေက မဖြစ်မနေ လိုအပ်နေတဲ့ အခြေအနေမှာ ရှိနေတယ်ပေါ့။ လုပ်ကိုလုပ်သင့်တဲ့ အရာဖြစ်တယ်။ ခေတ်အဆက်ဆက်မှာဆိုလည်း ကျွန်တော်တို့ တောတွင်းကနေ တိုက်ပွဲတွေ တောက်လျှောက် လုပ်ခဲ့ကြတဲ့ အခြေအနေမျိုးတွေရှိတယ်။ ဒါပေမယ့် ထိရောက်တဲ့ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ကြဘူး။
ဒီတော်လှန်ရေးမှာတော့ မြို့ပြပြောက်ကျားလှုပ်ရှားမှုကို အကျယ်တဝင့်လုပ်နိုင်တယ်။ မြို့ပြပြောက်ကျား လှုပ်ရှားမှုကြောင့် လူထုပါဝင်မှုနှုန်းကလည်း အများကြီး မြင့်တက်လာတယ်။ ဒီမြို့ပြပြောက်ကျားတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တောတွင်းကတပ်ဖွဲ့တွေ သူတို့ ပြင်ဆင်စုဖွဲ့နေတဲ့ အချိန်မှာ ကျွန်တော်တို့က တောက်လျှောက်လုပ်ပေးနေတယ်။ လုပ်နိုင်တဲ့အတွက် ပြည်သူပါဝင်မှုကလည်း အများကြီး အားဖြစ်စေတယ်။ ပါဝင်ပူးပေါင်းမှုကလည်း အားပိုကောင်း လာစေတယ်။ သက်ရောက်မှုတွေအများကြီးရှိတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အောင်မြင်သလောက် ပြန်ဆုံးရှုံးရတဲ့အရာတွေ ထိခိုက်ရတဲ့ အရာတွေကလည်း များတယ်။ အဲ့လိုထိခိုက်ရတဲ့ အရာတွေ များလာတဲ့အခါမှာ ဘဏ္ဍာရေးလိုအပ်ချက်အရ ကျွန်တော်တို့မှာ Unit တွေ အများကြီးရှိတယ်ဆိုရင် ဒီ Unit တစ်ခုစာ တစ်ယောက်စာစီရဲ့ အသုံးစရိတ်တွေပေါ့နော် ပြန်တွက်ရတယ်။ မြို့ပေါ်မှာနေတဲ့အခါမှာ သိုသိုဝှက်ဝှက်နေနိုင်ဖို့အတွက် တည်ဆောက်ရတဲ့ Profileတွေ ရှိတယ်။ တည်ဆောက်ရတဲ့ ပုံစံ မျိုးစုံ ရှိတဲ့အတွက် ကျွန်တော်တို့မှာ လုံလောက်တဲ့ ဘဏ္ဍာရေး ပြည့်စုံဖို့လိုတယ်။ ဒါနဲ့ ပတ်သက်လို့လည်း မြို့ပြ UG ဘဝကို ခံယူကြတဲ့သူတွေက သိပ်တော့ Complain မတက်ကြဘူး။ ဒီပေါ်မှာလဲ သိပ်ပြီးတော့ ခံစားချက်မရှိကြဘူး။ ငါတို့က တော်လှန်ရေး ရဲဘော်တွေဖြစ်တယ်။ ဒီတော့ ငါတို့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲပေါ့။
မြို့ပေါ်မှာပဲ ထမင်းငတ်နေတဲ့ ကာလတွေ တခါတရံမှာရှိတယ်။ ဘဏ္ဍာရေး လိုအပ်ချက်အရ။ အဲဒါထက်ပို အရေးကြီးတာက ထမင်းငတ်တာ မစားနိုင်တာထက် ငါတို့ တစ်ခုခုလုပ်မှ ရမယ်။ Misiion လုပ်မှ ရမယ်ဆိုတဲ့ အဲဒီ ခံယူချက်က ပိုပြင်းတယ်။ Mission တစ်ခု လုပ်ပြီဆိုရင် ထုတ်လုပ်ရေး တွေရှိတယ်။ ဖြည့်တင်းရတဲ့ဟာတွေ ရှိတယ်။ ထုတ်လုပ်ရေးဆိုတဲ့ အပိုင်းမှာလည်း နည်းပညာပိုင်း ပါလာပြီပေါ့။ နည်းပညာအရ ရန်သူကို ကိုယ့်လူအင်အား နည်းနည်းနဲ့ တိုက်ခိုက်ချင်တယ်။ ဒါမှ မဟုတ်ရင် လူမပါဘဲနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် နည်းပညာတွေကို စမ်းသပ်ရတယ်။ အဆင့်မြှင့် ရတာမျိုးတွေရှိတယ်။ နည်းပညာတွေကို စမ်းသပ်ရ အဆင့်မြင့်ရတဲ့အခါမှာ ကုန်ကျစရိတ်က အရမ်းများတယ်။ ရန်သူ့ဘက်ကလည်း ကျွန်တော်တို့ နည်းပညာ တစ်ခုကိုသိသွားပြီ ဆိုတာနဲ့ ချက်ခြင်း သူတို ဘက်ကနေပြီး Counter ပြန်ထောက်နိုင်ဖို့အတွက် လုပ်လိုက်တာ ပြင်ဆင် လိုက်တာမျိုးတွေ ရှိတယ်။ ရန်သူ့ ဘက်မှာက ပိုက်ဆံ ပေါပေါလောလောသုံးနိုင်တာဖြစ်တဲ့အတွက် ရန်သူက နည်းပညာကို Upgrade လုပ်ရတာ အရမ်းမြန်တယ်။ ကျွန်တော်တို့ကတော့ အဲဒီလို မဟုတ်ဘူး။ နည်းပညာ တစ်ခုကို လေ့လာအားထုတ်ရတယ်။ ကျွန်တော်တို့က ဒီ ၄ နှစ် အတွင်းမှာလုပ်တဲ့ အလုပ်တွေအပေါ်မှာ ကျွမ်းကျင်လာတယ်။

ဒါပေမယ့် အသစ်တစ်ခုကို ဖန်တီးရတယ်။ စမ်းသပ်ရတယ်ဆိုတဲ့ အခါမှာ အခက်အခဲ အကျပ်အတည်း အများကြီးရှိတယ်။ ကျွန်တော်တို့မှာက တရားဝင်လမ်းကြောင်းကနေပြီး ပစ္စည်းတွေကို ဝယ်ယူလို့လဲ မရဘူး။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့က အချိန်ပြန်စောင့်ရတယ်။ စမ်းသပ်ဖို့အတွက် ကုန်ကျစရိတ်က တောက်လျှောက်လိုအပ်နေတယ်။ လိုအပ်နေတဲ့ အခါမှာ ကျွန်တော်တို့ ပြည်သူဆီကနေပြီး ဘဏ္ဍာရေး လိုအပ်ချက်အရ ပြန်အပူကပ်ရတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ ဒါကြောင့်မို့လဲ ကျွန်တော်တို့က ဒီ မြို့ပြကြွက်ဆိုတဲ့ Campaign ကို ကျွန်တော်တို့ လုပ်ဆောင်နေကြတာ ဖြစ်တယ်။ နဂိုသွားနေတဲ့ ထောက်ပံနေတဲ့ အင်အားစုတွေနဲ့ တင်မလုံလောက်တော့ဘူး။ ကျွန်တော်တို့မှာ အဆင့်မြှင့်ရမယ့် နည်းပညာတွေရှိတယ်။ လူတွေကို အဆင့်မြင့်ရမှာတွေ ရှိတယ်။ ဒီလိုဟာတွေအတွက် ဘဏ္ဍာရေး လိုအပ်ချက်က အများကြီး ဖြစ်လာတယ်။
မေး – စစ်ကောင်စီက UG အသွင်ယူပြီး ထောက်လှမ်းတာမျိုးရှိတယ်လို့ ဖြေထားတယ်။ အဲဒီထဲက ကွန်ယက်တွေ ဘယ်နှစ်ခု လောက်မိခဲ့ဖူးသလဲ။
ဖြေ – ကျွန်တော်တို့က လုပ်ရကိုင်ရတဲ့ အခြေအနေတွေကတော့ နည်းမျိုးစုံရှိတယ်။ အဲဒီလိုပဲ ရန်သူကလည်း ကျွန်တော်တို့ကို သူ့နည်းသူ့ဟန်နဲ့ ထိုးဖောက်ဖို့ကြိုးစားနေတယ်။ ပိုဆိုးတာကတော့ ကျွန်တော်တို့ကို မိသွားတဲ့အခါမှာ ရဲဘော်တွေ မိထားတာမျိုး အကျဉ်းထောင်ထဲ ရောက်သွားတာမျိုးမှာ သူတို့က ကျွန်တော်တို့ ထုတ်ပြန်ချက်တွေ လုပ်တာ များသောအားဖြင့် ပြည်သူကသိချင်တယ်။ UG တွေ ဘာလုပ်နေတာလဲ သတင်းတွေ ထုတ်ပြန်ပါလား။ အဖွဲ့ နာမည်တွေပေါ့။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမျိုးကို သိချင်တယ်။ သိချင်တာကိုလည်း ကျွန်တော်တို့က နားလည်တယ်။ ထုတ်ပြန်ချက် တစ်စောင်တိုင်းဟာ ကျွန်တော်တို့ ရဲဘော်သာ ရန်သူ့လက်ထဲကို ရောက်သွားရင် အဲဒါက သေမိန့်ကျမယ့် သက်သေတွေ ဖြစ်သွားစေတယ်။ အဖွဲ့ တစ်ဖွဲ့တည်း အမည်ခံပြီး လှုပ်ရှားဖို့လဲ မလွယ်ဘူး။ ပြီးရင် ကိစ္စတိုင်းမှာ ထုတ်ပြန်ကြေညာဖို့လဲ မလွယ်ဘူး။
မြေပြင်မှာရန်သူ့ ထောက်လှမ်းရေးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်နေလို့ ရန်သူက ကျွန်တော်တို့အကြောင်းကို သာမန်ပြည်သူထက် အများကြီး ပိုသိသလို ကျွန်တော်တို့ကလည်း ရန်သူ့အကြောင်းကို အများကြီးသိတယ်။ အဲ့လိုမျိုး ဖြစ်နေတဲ့အခါမှာ တခါတရံမှာ အကျပ်အတည်း အများကြီးတွေ့တယ်။ ကျွန်တော်တို့ ထုတ်ပြန်ချင်တယ်။ ဒါပေမယ့် ထုတ်ပြောလို့ မရတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ငြိမ်နေလိုက်ရတယ်။ နောက်ပိုင်း ပြည်သူတွေဘက်ကကျတော့ ဒီလူတွေက အလုပ်ရောလုပ်ရဲ့လားဆိုတဲ့ သံသယမျိုး ဖြစ်သွားနိုင်တာလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောနိုင်တာ တစ်ခုက ၂၀၂၁ ခုနှစ်ကနေစပြီး ကျွန်တော်တို့က တော်လှန်ရေးတာဝန်တွေ မြို့ပြပြောက်ကျားလှုပ်ရှားမှု တာဝန်တွေကို မရပ်မနား ဆောင်ရွက်နေတုန်း။ တောက်လျှောက်လည်း တော်လှန်ရေးပြီးတဲ့အထိ ဆက်လုပ်သွားမယ့် အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို အာမခံနိုင်တယ်။ ကျွန်တော်တို့ ကတိပြုနိုင်တယ်။
မေး – စစ်ကောင်စီတပ်ရဲ့ ထောက်လှမ်းရေးတွေ၊ စစ်တပ် ဒေါက်တိုင် သတင်းပေး ပျူစောထီးတွေကိုရော ဘယ်လိုရှောင်ရှားပြီး လုပ်ကိုင်နေပါသလဲ။
ဖြေ – စစ်ကောင်စီတပ်က မြို့ပြပြောက်ကျားတွေ ကင်းစင်ဖို့အတွက် သူတို့ဘက်က ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေတဲ့ အရာတွေရှိတယ်။ ကျွန်တော်တို့နဲ့ သူတို့နဲ့ကြားမှာ ကွာခြားချက် အကြီးမားဆုံးကတော့ ဘဏ္ဍာရေး သုံးစွဲမှုပေါ့။ ကျွန်တော်တို့ဆိုရင် ၂၀၂၁ ကာလတွေမှာဆိုရင် ကိုယ်ထူကိုယ်ထ ရပ်တည်မှုတွေကို အဓိကအားကိုးရတယ်။ အဲဒီအချိန်မှာကတည်းက စစ်ကောင်စီကို ကြီးကြီးမားမားထိခိုက်အောင် လုပ်နိုင်တယ်။ မြို့ပြ UG လှုပ်ရှားမှုက ၂၀၂၁ နဲ့ ၂၀၂၂ အစောပိုင်း မှာဆိုရင် အင်မတန်အားကောင်းခဲ့ပြီးတော့ ရန်သူကို အရှိုက်ထိစေခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရန်သူ့ဘက်ကနေ မြို့ပြပြောက်ကျားတွေကို နှိမ်နှင်းဖို့အတွက် ငွေကြေးအမြောက် အများသုံးစွဲတယ်။ သတင်းပေး ဒလန်မွေးမြူတဲ့နေရာမှာဆိုရင်လည်း ရပ်ကွက်ထဲမှာ တချို့သော အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေကို ပိုက်ဆံပေးပြီး စည်းရုံးတာမျိုးတွေရှိတယ်။ သတင်းပေးကြတာ မျိုးတွေ ရှိလာတဲ့အခါမှာ ကျွန်တော်တို့အတွက် အခက်အခဲတွေအများကြီး ဖြစ်လာတယ်။
ပိုဆိုးတာက CCTV တွေပေါ့ ။ ဒါနဲ့ ပတ်သက်ရင်လည်း ပြည်သူအပေါ်မှာ အသိပညာပေးတာတွေ လုပ်ခဲ့တယ်။ CCTV တွေကို ပိတ်ပေးဖို့၊ ဖျက်ချဖို့ ဒါမျိုးတွေလုပ်ခဲ့တယ်။ ဒါပေမယ့် ဒါက ထိထိရောက်ရောက် အောင်မြင်မှုမရှိခဲ့ဘူး။ ပြည်သူလူထုပါဝင်မှု အားနည်းခဲ့တယ်။ ကျွန်တော်တို့ အတွက်တော့ နေရာပေါင်းစုံကနေပြီးတော့ စောင့်ကြည့်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့သာ ပြောပုံဆိုပုံ အနေအထိုင် တချက်လေးမှားတာနဲ့ ရန်သူလက်ထဲ ကျသွားရတဲ့ အခြေအနေမျိုး တွေရှိတယ်။ အဲ့လိုမျိုး မဖြစ်ဖို့ အတွက်တော့ UG နည်းနာတွေကို တောက်လျှောက် Update လုပ်ရတယ်။ အဖွဲ့တွေထဲမှာလည်း ရန်သူ ထောက်လှမ်းရေးနဲ့ အမြဲတမ်း ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ရန်သူ့ထောက်လှမ်းရေးကတော့ ဘယ်လိုထောက်လှမ်းနေတယ်၊ သူတို့ ထောက်လှမ်းရေးက ဘယ်လိုရှိတယ်ဆိုတာကို ကျွန်တော်တို့က ရန်သူ့ဆီက သတင်းရအောင် ကြိုးစားရတာတွေရှိတယ်။ နောက်ပြီး ရန်သူ့ဘက်က ထိုးဖောက်ဝင်ရောက်နေတဲ့ အခြေအနေ မျိုးတွေကို ပြန်ပြီးတော့ Counter လုပ်နိုင်တဲ့ အခြေအနေမျိုး တည်ဆောက်ရတယ်။
ဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ မြို့ပြကြွက် UG Network ထဲမှာဆိုရင် ကျွန်တော်တို့က သီးသန့် ဌာနတစ်ခုအနေနဲ့ Research ဌာနကို ဖွဲ့စည်းထားတယ်။ ကျွန်တော်တို့နဲ့ ရန်သူနဲ့ကြားထဲမှာ ရန်သူဘက်က ဘယ်လိုနည်းပညာတွေသုံးလဲ၊ ဘယ်လို ထောက်လှမ်းရေးနည်းလမ်းတွေသုံးလဲ ကျွန်တော်တို့က ဘယ်လို Counter တွေ ပြန်လုပ်မယ် စတဲ့အရာတွေကို ကျွန်တော်တို့က သေသေချာချာ ပြင်ဆင်လေ့လာသုံးသပ်ပြီးတော့မှ သူတို့ကို တန်ပြန်လုပ်နိုင်ဖို့အတွက် အမြဲတမ်း Update လုပ်နေရတာတွေရှိတယ်။ ပြီးတဲ့ အခါမှာတော့ ဒီ Network ထဲမှာရှိနေတဲ့ UG ရဲဘော်တွေ အားလုံးကို ကျွန်တော်တို့က အသိပညာပေးတာတွေ မွန်းမံသင်တန်းပေးတာတွေလုပ်ပြီးတော့ ရှောင်ရှားကြပါတယ်။
မေး – ဒလန်ရှင်းလင်းတဲ့အခါ အရပ်သား ပစ်မှတ်တွေကို မထိခိုက်အောင်ဘယ်လို ရှောင်လွှဲပြီး လုပ်ကိုင်နေပါသလဲ။
ဖြေ – ဒလန်ရှင်းလင်းရေးတို့၊ အုပ်ချုပ်ရေးမှူး ရှင်းလင်းရေးတို့ ဒီကိစ္စတွေနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့ အစောပိုင်းကာလမှာတော့ တော်လှန်ရေးလိုအပ်ချက်အရ အခြေအနေအရ အုပ်ချုပ်ရေး ယန္တရားတွေ ရပ်ဆိုင်းဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားရတဲ့ အခြေအနေမျိုးမှာတော့ ကျွန်တော်တို့က အခြေအနေအရ ပစ်မှတ်တွေကို အသေအချာရွေးချယ်တယ်။ အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါနေတဲ့သူတိုင်းကို ကျွန်တော်တို့က တိုက်ခိုက်တာမျိုးမလုပ်ဘူး။ ဒီအုပ်ချုပ်ရေး ယန္တရားမှာပါနေတဲ့ သူတွေထဲကမှ ဘယ်သူက ပြည်သူကို တကယ်ဖိနှိပ်နေသလဲ၊ ဒီအချက်အလက်တွေကို ကျွန်တော်တို့က သေသေချာချာ လိုက်တယ်။ တစ်ယောက်ရဲ့ Data ကို တစ်စုံတစ်ယောက်က လာပေးလိုက်တိုင်းမှာ ကျွန်တော်တို့က ချက်ချင်း Action ယူတာမျိုးမဟုတ်ဘူး။ အချိန်ယူတယ်၊ သေချာပြီဆိုမှပဲ အဆင့်ဆင့် သတင်းကို စစ်ဆေးပြီးတော့မှပဲ လှုပ်ရှားဆောင်ရွက်တာမျိုးပါ။
ဒလန်ဆိုတဲ့ကိစ္စကိုတော့ ကျွန်တော်တို့ တတ်နိုင်သလောက်ရှောင်တယ်။ တိကျသေချာတဲ့ အချက်အလက်ရှိတယ်၊ ဖြစ်စဉ်ရှိတယ်၊ ဒီလိုအခြေအနေမျိုးဖြစ်ပြီ လုံးဝလည်းခိုင်မာတယ်ဆိုမှ ကျွန်တော်တို့ အချိန်ပေးပြီးတော့ စောင့်ကြည့်တဲ့နေရာမှလည်း အဆင်မပြေဘူးဆိုရင် Action ယူတာမျိုးရှိတယ်။ အဲဒါထက် ပိုပြီးတော့ လုပ်တာမျိုးတော့ မရှိဘူး။ အဓိက ကျွန်တော်တို့ UG တွေ ရပ်တည်နေတဲ့ အဓိက ရည်ရွယ်ချက်က စစ်ကောင်စီကို နောက်ကျောကနေ ထိထိရောက်ရောက်ရောက် တိုက်ခိုက်နိုင်ဖို့ လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့က ဒီဟာထက် စစ်ကောင်စီရဲ့ လက်ရှိမှာ အထိုင်စခန်းတွေ၊ စစ်ဘက်ဆိုင်ရာရုံးတွေ ဒါတွေကို ဦးတည် တိုက်ခိုက်နေတာမျိုးတော့ရှိတယ်။ ၂၀၂၄ ကာလမှာ စအဖ ရုံးတွေ၊ စစ်အခြေစိုက် စခန်းတွေကို ပစ်ခတ် တိုက်ခိုက် ခဲ့တာမျိုးတွေရှိ တယ်။ ပစ်ခတ် တိုက်ခိုက်တဲ့ နေရာမှာလည်း ပုံစံ ၂ မျိုးရှိတယ်။ တစ်မျိုုးက လူနဲ့တိုက်ခိုက်တာ။ နောက်တစ်မျိုးကတော့ လူမပါဘဲနဲ့ နည်းပညာအားနဲ့ တိုက်ခိုက်တာမျိုးအထိကို ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အနေအထားကို ရောက်လာတယ်။

မေး – UG တွေ မြို့ပြကို စွန့်ခွာသင့်ပြီ ဆိုတဲ့ အမြင်မျိုးတွေရှိနေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမှတ်ချက်ပေးလိုသလဲ။
ဖြေ – ကျယ်ကျယ်လောင်လောင်ကြားရတဲ့ အသံက မြို့ပြလှုပ်ရှားမှုတွေကို ရပ်တန့်သင့်ပြီ၊ မြို့သိမ်းတိုက်ပွဲတွေ တောက်လျှောက်လုပ်နေကြတာဖြစ်တဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေမှာ ပူးပေါင်း ပါဝင်သင့်ပြီဆိုတဲ့ အသံမျိုးတွေကို ထိစပ်ထားတဲ့ အင်အားစုတွေဆီက သော်လည်းကောင်း၊ ထောက်ပံ့ကူညီနေကြတဲ့ ပြည်သူတွေဆီကသော်လည်းကောင်း ပြန်ကြားရတာမျိုးတွေရှိတယ်။ တချို့ကတော့ မလိုလားအပ်ဘဲ ကိုယ့်ရဲ့ဘော်တွေ ဆုံးရှုံးနေရတယ်ဆိုတဲ့ အသိစိတ်ကြောင့် ပြောတာမျိုးရှိတယ်။ စေတနာကြောင့် ပြောတာမျိုးရှိတယ်။ တချို့ကျတော့လည်း ထဲထဲဝင်ဝင်မသိလို့ ပြောတာမျိုးတွေရှိတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်။ မြို့သိမ်းတိုက်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်နေပြီဆိုတာလည်း မှန်သင့်သလောက်မှန်ပါတယ်။ သို့သော်လည်း ဒီနေ့ ဒီအချိန်ထိ ရန်သူကို အဆုံးမသတ်နိုင်သေးဘူး။ တော်လှန်ရေးကို အဆုံးမသတ်နိုင်သေးဘူး။ လွတ်မြောက်နယ်မြေတွေ များလာတာပဲရှိသေးတယ်။ လွတ်မြောက် နယ်မြေတွေများလာတာနဲ့ပဲ တော်လှန်ရေးက အဆုံးသတ်သွားတာမဟုတ်ဘူး။ ရှမ်းမြောက်မှာ လွတ်မြောက်တယ်။ ရခိုင်မှာ လွတ်မြောက်တယ်။ ချင်းပြည်မှာဆိုလည်း ကျွန်တော်တို့ လွတ်မြောက်တဲ့ အနေအထား တော်တော်ရှိနေပြီ။ ကရင်နီ၊ ကရင်နဲ့ ကချင်မှာ လွတ်မြောက် နယ်မြေတွေ အများကြီးရှိတယ်။ ဒါပေမယ့် တော်လှန်ရေး အဆုံးသတ်ဖို့အတွက် ရုပ်လုံးပေါ်ပြီလား။
ရန်သူက အဆုံးသတ်ထိ ပြိုမကျသေးသရွေ့ မြို့သိမ်းတိုက်ပွဲတွေကို ဆောင်ရွက်တဲ့အခါမှာ မြို့ပြပြောက်ကျားတွေက လိုအပ်နေဦးမှာပဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့သိမ်းတိုက်ပွဲ ဆိုတာက အရမ်းကြီး လွယ်ကူနေတာမဟုတ်ဘူး။ သတင်းတွေထဲမှာတော့ ဘယ်လောက်သိမ်းလိုက်ပါတယ်၊ ဘယ်နှစ်ရက်အတွင်း သိမ်းပါတယ်ဆိုပေ့မယ်၊ အသက်တွေနဲ့ရင်းပြီး သိမ်းနေရတာဖြစ်တယ်။ ကျွန်တော်တို့နောက်မှာ ဒီအတွက် သေချာပြင်ဆင်ရတာတွေ၊ သုံးရတဲ့ ဘဏ္ဍာငွေကြေးတွေက အမြောက်အများဖြစ်တယ်။ အဲဒီလို လုပ်ရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲဘော်တွေရဲ့ အသက်၊ သွေးချွေးတွေနဲ့ ရင်းပြီးတော့မှ ရလာတဲ့ နေရာမျိုး စစ်ဆင်ရေးမျိုးတွေဖြစ်တာကြောင့် မြို့တစ်မြို့ကို သိမ်းတဲ့နေရာမှာ မြို့ပြပြောက်ကျားတွေ ကိုယ့်ရဲ့ အတွင်းစည်းတွေသာ ခိုင်ခိုင်မာမာ ရှိမယ်ဆိုရင် ရန်သူရဲ့ စုဖွဲ့မှုကိုလည်း အချိန်တိုအတွင်းမှာ ဖြိုခွင်းနိုင်တယ်။ အလျှင်အမြန် အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်။ အားသာချက်တွေ အများကြီးရှိတယ်။ ဒါက တစ်ချက်ဖြစ်ပါတယ်။
ဒုတိယ တစ်ချက်ကတော့ ၂၀၂၃ နဲ့ ၂၀၂၄ ကာလတွေမှာ သတင်းတွေ အပေါ်ကနေ ကျယ်ကျယ်ပြန့်ပြန့် ကြားနိုင်တယ်။ မြို့ပြပြောက်ကျားတွေ ကင်းစင်ရေးအတွက် ဘယ်လောက် လုပ်ဆောင်နေတယ်။ ဘဏ္ဍာငွေကြေးအရဆိုလဲ ဘယ်လောက်သုံးစွဲထားတယ်။ တန်ပြန်ထောက်လှမ်းရေး အတွက်ဆိုရင်လည်း စစ်ကောင်စီဘက်ကနေပြီးတော့ ဘတ်ဂျက် ဘယ်လောက်ချထားတယ် ဆိုပြီးတော့ သတင်းတွေအရ မြင်နိုင်တယ်။ ရန်သူကဘာကြောင့် မြို့ပြ ပြောက်ကျားတွေကို ရှင်းချင်နေတာလဲ။ ကျွန်တော်တို့ ဒီအချက်ကို ထည့်သွင်းစဉ်းစားရမယ်။ စစ်ပွဲတစ်ခုမှာ ရန်သူ ဖြစ်စေချင်တာကို ပေးမဖြစ်တာက စစ်နည်းဗျူဟာ တစ်ခုပဲ။ ဒီဟာက ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေက မြို့ပေါ်မှာ ဘာလို့ ဆက်ရှိနေရသလဲဆိုတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
တတိယအချက်ကတော့ ရန်သူ့ ထောက်လှမ်းရေးနဲ့ အနီးကပ်ဆုံးရှိနေတာက မြို့ပြပြောက်ကျားတွေ ဖြစ်တယ်။ ရန်သူ့ထောက်လှမ်းရေးတွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လောက် အလုပ်လုပ်နိုင်တယ် ဆိုတာကို အနီးစပ်ဆုံးသိသူတွေကလည်း မြို့ပြပြောက်ကျားတွေ ဖြစ်တယ်။ တော်လှန်ရေး မပြီးဆုံးသေးသရွေ့ ရန်သူ့ဘက်ကနေ လှုပ်ရှားနိုင်မှုတွေအားလုံးကို မျက်ချေမပြတ် စောင့်ကြည့်နိုင်တဲ့ အနီးဆုံးရှိနေတဲ့ ကျွန်တော်တို့ မြို့ပြပြောက်ကျားအင်အားစုတွေက ဒီကောင်တွေကို တန်ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ထိထိရောက်ရောက် သုတ်သင်နိုင်ဖို့ဆိုရင် မြို့ပြပြောက်ကျားတွေက ဆက်လက်လိုအပ်နေဦးမှာပဲ ဖြစ်တယ်။ တော်လှန်ရေး အဆုံးတိုင် ပြီးဆုံးသွားပြီဆိုရင်တော့ ကျွန်တော်တို့ မြို့ပြပြောက်ကျားတွေက ဆက်တည်ရှိတော့မှာ မဟုတ်ပါဘူး။
မေး – ပြည်သူကရောဘယ်လို ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေပါသလဲ။
ဖြေ – ကျွန်တော်တို့ မြို့ပြပြောက်ကြားတွေ အနေနဲ့ ပြန်လွမ်းနေတဲ့ အချိန်တစ်ခုရှိတယ်။ ၂၀၂၁ ဆန္ဒပြကာလကို ပြန်လွမ်းနေတာပါ။ ၂၀၂၁ ဆန္ဒပြကာလမှာ ပြည်သူတွေအားလုံးက တခဲနက် ကျွန်တော်တို့နဲ့ အတူတူရှိနေတယ်။ Defence မှာ လုပ်ခဲ့တုန်းကဆိုလည်း Defence မှာ တစ်ခုခုပဲ ဖြစ်ဖြစ်၊ ရန်သူ့ဘက်က ပစ်ခတ်ချေမှူန်းတဲ့ နေရာမှာပဲဖြစ်ဖြစ် ကာကွယ်ပေးခဲ့တာ၊ ကူညီစောင့် ရှောက်ပေးခဲ့တာ ဒီလိုမိသားစုတွေ ဒီလို ပြည်သူတွေ အများကြီးရှိတယ်။ အင်မတန် အားတက်ရတယ်။
ဒီနေ့ ရန်သူက ပစ်ခတ်ချေမှူန်းနေပေမယ့် နောက်နေ့မှာ ငါတို့ ပြန်ထွက်မှရမယ်၊ ငါတို့ ပြန်ထွက်ဖို့ လိုတယ်ဆိုတဲ့ ခွန်အားကိုအများကြီး မီးထိုးပေးနိုင်တယ်။ သံပုံးတီးသံတွေ ဆူညံတာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အားအများကြီး ဖြစ်စေတယ်။ ဒီနောက်ပိုင်းမှာတော့ ရန်သူ့ရဲ့ အကြမ်းဖက်မှုတွေ အောက်မှာ အကြောက်တရားနဲ့ နေသားကျလာတဲ့လူတွေ ပိုများလာတယ်။ အဲဒါက ကျွန်တော်တို့ မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးသမားတွေကို ထိရောက်မှု ကြီးကြီးမားမား ဖြစ်စေသလို တောထဲမှာ ရှိတဲ့ ထိုးစစ်ဆင်နွှဲဖို့ကြိုးစားနေတဲ့ ရဲဘော်တွေ အပေါ်မှာလည်း သက်ရောက်မှုတစ်ခုရှိတယ်။
ပြည်သူတွေ အနေနဲ့ ၂၀၂၁ စခဲ့တဲ့ စမှတ်တွေကို မမေ့ဖို့ သတိပေးချင်တယ်။ ကျွန်တော်တို့ ဘယ်လို စိတ်ဓာတ်တွေနဲ့ လမ်းပေါ်ထွက်ခဲ့ကြသလဲ၊ ဘာကြောင့် ဒီကောင်တွေကို တွန်းလှန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတာလဲ ဒါတွေကို ကျွန်တော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်ရမယ်။
ရန်သူကို အကြောင်းအမျိုးမျိုးကြောင့် သတင်းပေးရတယ်ဆိုရင်တောင်မှ ကြောက်လို့ပေးရတာဖြစ်ဖြစ်၊ မတတ်သာလို့ပေးရတာ ဖြစ်ဖြစ် သတင်းအချက်အလက်တွေကို မှားယွင်းစွာပေးဖို့ လုပ်လို့ရတာတွေရှိတယ်။
ထပ်ပြီးတော့ အသိပေးချင်တာက UG ဆိုတာက လူတိုင်းဖြစ်နိုင်တယ်ဆိုတာပါပဲ။ ရန်သူကို၊ အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်လို့ရတယ်၊ ဖြိုလဲလို့ ရတယ်။ ကျွန်တော်တို့ ဆန့်ကျင်တဲ့နေရာမှာ လုံခြုံရေးစည်းမျဉ်းတွေ လိုက်နာဖို့တော့လိုတယ်။ ငွေကြေး ထောက်ပံ့တာကလည်း စစ်ကောင်စီကို တွန်းလှန်တာမျိုးဖြစ်တယ်။ ငွေကြေးထောက်ပံ့တာထက် ပိုပြီးကောင်းတဲ့ အရာက သတင်းပါ။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ စစ်ကောင်စီရဲ့ ထောက်တိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေ။ တော်လှန်ရေး အင်အားစုတွေ၊ မြို့ပြလှုပ်ရှားမှု တွေလုပ်နေတဲ့ မြို့ပြကြွက် Network တွေကို သတင်းအချက် အလက်တွေ ပေးလို့ရတယ်။ အဲဒီလို သတင်းအချက်အလက်တွေ ပေးခြင်းက ရန်သူကို ဖြိုလဲနိုင်မယ့် ထိရောက်တဲ့ အင်အားတွေဖြစ်တယ်။
ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပြီးတော့ အားလုံးကညီညီညာညာ လုပ်ဆောင်မယ်ဆိုရင် ရွေ့နိုင်မယ့် အရွေ့တွေက ပိုပြီးတော့မြန်လာမယ်၊ ပိုပြီးတော့ မြိုင်လာမယ်၊ တော်လှန်ရေးက ကိုယ့်ခြေ၊ ကိုယ့်လက်နဲ့ မြန်မြန်အဆုံးသတ်နိုင်ပါလိမ့်မယ်။