သတင်း

နေပြည်တော်ရှိ ဝန်ကြီးဌာနများ ယခုလကုန် ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီကြိုးပမ်း

ပြိုကျဝန်ထမ်းအိမ်ရာများမှ ဝန်ထမ်းများမှာ ရွက်ဖျင်တဲများတွင်နေထိုင်ကာ ရုံးပြန်တက်နိုင်ရေး ပြင်ဆင် နေရသလို သိပ်မပျက်စီးသည့်အိမ်ရာများမှဝန်ထမ်းများမှာ ယာယီရုံးများတွင် ငလျင်ထောက်ပံ့ရေးပစ္စည်း များနှင့်အဆောက်အဦရှင်းလင်းရေးများ လုပ်နေရသည်ဟု သိရသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်မှုများခဲ့သည့် နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများအားလုံး လကုန်ပိုင်းတွင် ပြန်လည်ပတ်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် ထုတ်ပြန်ချက်များမှတဆင့် သိရသည်။  

ဝန်ကြီးဌာန အဆောက်အအုံနှင့်ဝန်ထမ်းအိမ်ရာများ ပြိုလဲပျက်စီးခဲ့ရာ စစ်ကောင်စီသည် ၎င်း၏ ဝန်ထမ်းများ ယာယီနေထိုင်ရန် ရွက်ဖျင်တဲများ၊ ယာယီအဆောက်အအုံများကို ဦးစားပေး ဆောက်လုပ် စီစဉ်ပေးနေခြင်းမှာ ဝန်ထမ်းများ  လုပ်ငန်းခွင်ပြန်ဝင်နိုင်ကြရန် ရည်ရွယ်သည်ဟု ယူဆနေကြသည်။

ယခုလကုန်တွင် ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည််ဖြစ်ရာ ရုံးများကို အဓိကထားပြုပြင်သွားမည်၊ ပြုပြင်နေဆဲကာလတွင် ယာယီ ရုံးများဖွင့်လှစ်၍ ဆောင်ရွက်ရန်လိုအပ်သည် ဟု  ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဧပြီ ၈ ရက်နေ့က ပြုလုပ်သော  ငလျင်ဘေးအန္တရာယ်ဆိုင်ရာအစည်းအဝေးတွင် ပြောထားသည်။ 

ရာနှင့်ချီပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများကို ၁၀ ရက်ကျော်သည်အထိ ဖြိုချရှင်းလင်းခြင်း မရှိသေးကြောင်း၊ အုပ်ချုပ်ရေးယန္တရားရပ်မသွားစေရန်  ဖိအားပေးရုံးတက်ခိုင်းနေကြောင်း လုပ်ငန်းခွင်ဝင်နေရသည့် နေပြည်တော်မှ ဝန်ထမ်း ၅ ဦးထက်မနည်းက ပြောသည်။

နေအိမ်မပြိုသည့် ဝန်ထမ်းများကို ငလျင်အပြီး မတ် ၃၁ ရက်နေ့ကတည်းက ယာယီရုံးများတွင် လုပ်ငန်းခွင်ဝင်ခိုင်းသည်ဟု သိရသည်။ 

“ငလျင်လှုပ်ပြီး နှစ်ရက်နေတော့ နေအိမ်မပြိုတဲ့အိမ်ရာက ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ဖုန်းဆက်ပြောတယ်၊ ဘယ်မှာရုံးတက်ရလဲဆိုတော့ ကားပါကင်နဲ့နေရာလွတ်တွေမှာ ယာယီတဲထိုးပြီးရုံးတက်ခိုင်းတာ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ အရာရှိအမျိုးသမီးတစ်ဦးက ပြောသည်။

ပုံမှန်ရုံးလုပ်ငန်းများမလုပ်ရဘဲ ဌာနအတွင်း ပစ္စည်းများသိမ်းဆည်းခြင်း၊ ဌာနအတွင်း ငလျင်ပျက်စီးမှု စာရင်းကောက်ခိုင်းခြင်း၊ ဝန်ထမ်းများကိုထောက်ပံ့ရန် ပစ္စည်းများဝယ်ယူရခြင်းတို့ လုပ်ရသည်ဟု ၎င်းက ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  အမျိုးသမီးဝန်ထမ်းတစ်ဦးကလည်း အလားတူ ပြောသည်။

“ငလျင်လှုပ်တဲ့အချိန်မှာတောင်  ဝန်ထမ်းတွေရုံးတက်တယ်ဆိုတာ လူကြီးအကြိုက်ပြချင်လို့ တက်ခိုင်းတာ၊ ပြီးတော့ အပျက်စီးတွေကိုလည်း ရှင်းခိုင်းချင်တာလည်း ပါပါတယ်”ဟု သူက ပြောသည်။

လက်ရှိတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ကျေးလက်ဦးစီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို တစ်ရက်ခြားစီ ရုံးတက်ခိုင်းပြီး ကျန်ဌာနမှ ဝန်ထမ်းများလည်း အလှည့်ကျပုံစံဖြင့် ရုံးတက်နေကြရကြောင်း စုံစမ်းသိရှိရသည်။

“ရုံးပိုင်းတွေက အလှည့်ကျရုံးတက်ရတာ၊ အပြင်ထွက်ရတဲ့ ဝန်ထမ်းတွေကတော့ မြေပြင်မှ နေ့တိုင်း လုပ်ရတာတွေတော့ရှိတယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနလည်း လည်ပတ်နေပြီး သတင်းများ နေ့စဉ် ထုတ်ပြန်နေသည်ကို တွေ့ရသည်။ 

ငလျင်ဒဏ်ကြောင့် ခိုလှုံစရာမဲ့သွားသော  ဌာနဆိုင်ရာဝန်ထမ်းများ 

အင်အားပြင်းငလျင်ဒဏ်ကို ခံလိုက်ရသည့် ဝန်ထမ်းများအတွက် စစ်ကောင်စီသည် သီးခြားမူဝါဒ ချမှတ် ခြင်းမရှိဘဲ ငလျင်လှုပ်ပြီး ပထမရက်သတ္တပတ်အတွင်း ဝန်ထမ်းများမှာ ပျက်စီးနေသည့် အိမ်ရာများအနီး   ဖြစ်သလိုခိုလှုံနေထိုင်နေကြရသည်။

အိမ်ရာပြိုကျသည့်အထဲ သေဆုံးသူဝန်ထမ်းများနှင့်မိသားစုဝင်များ ပါရှိရာ ရုပ်အလောင်းတချို့မှာ ဝန်ထမ်းအိမ်ရာများအောက် ရှိနေဆဲဖြစ်သည် ဟု နေပြည်တော် ဒေသခံများက ပြောကြသည်။

မြန်မာပြည်သို့ ရောက်လာသည့် နိုင်ငံတကာအဖွဲ့များကို နေပြည်တော်သို့ ဦးစားပေးစေလွှတ်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်စေခဲ့သည်ကို တွေ့ရသည်။ 

ဝန်ထမ်းတချို့က ဌာနဆိုင်ရာ ဂိုဒေါင်များတွင် ပစ္စည်းများအပ်နှံကာ နေရပ်ဇာတိသို့ ပြန်ကြသည်၊ ငွေကြေးတတ်နိုင်သူတချို့က အိမ်ငှားနေထိုင်ကြသည်၊ အများအပြားမှာ  ဝန်ကြီးဌာနက စီစဉ်ပေးသည့် ဌာနအဆောက်အအုံများ၊ ဘောလုံးကွင်းအတွင်းရှိ ယာယီတဲများ၊ ယာယီအဆောက်အအုံများတွင် နေထိုင်နေကြရသည်။

 ဧပြီ ပထမပတ်က ဧကာ ၄၀၀၀ ဘောလုံးကွင်းထဲ တွေ့ရသော အစိုးရဝန်ထမ်းများအတွက် ဆောက် ထားသည့်ယာယီတဲများ ။ (ဓာတ်ပုံ- Myanmar Now)

အသက် ၃၀ကျော်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦးက အိမ်ရာပြိုပျက်ပျက်စီးရာတွင် အသက်ဘေးမှ လွတ်မြောက်ခဲ့သူဖြစ်သည်။ 

“ဘဝက အစက ပြန်စရတော့မှာ၊ ရှိတဲ့ ရွှေထည်လေးတွေတောင်ပြန်မရဘူး။  ဇာတိပြန်နေတာဆိုတော့ ဘာအကူညီမှမရဘူး၊ ရုံးကလည်းဖုန်းဆက်ပြီး ထောက်ပံ့ပစ္စည်းတွေ လာယူဖို့ပြောပေမယ့် သွားရမဲ့ စရိတ်နဲ့ ရမဲ့ဟာနဲ့က မကာမိဘူးလေ”ဟု ထိုအမျိုးသားက ပြောသည်။

နေထိုင်စရာမဲ့သွားသော ဝန်ထမ်းများကို အိမ်ငှားစရိတ်နှင့် ရွှေ့ပြောင်းစရိတ်များပေးမည်ဟု ပြောသော်လည်း ယနေ့ထိမရရှိသေးကြောင်း ဝန်ထမ်းတချို့က ပြောကြသည်။

ဗဟိုဘဏ်ကမူ ငလျင်ဒဏ်သင့် အမှုထမ်းဝန်ထမ်းတို့ကို အစားသောက်ရိက္ခာများအပြင် ထောက်ပံ့စရိတ် တစ်ရက်လျှင် ကျပ်ခုနှစ်သောင်း၊ အရာထမ်းဝန်ထမ်းများကို တစ်ရက်လျှင် ကျပ်သုံးသိန်းမှ ခုနှစ်သိန်း အကြား ထောက်ပံ့ကြောင်း ယင်းဌာနမှ ဝန်ထမ်းအမျိုးသားတစ်ဦးက ဆိုသည်။  ပုဂ္ဂလိကဘဏ်များ၏ အကူအညီဖြင့်ရနေခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကုမ္ပဏီတချို့ကလည်း  လုပ်ငန်းတွဲလုပ်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဝန်ထမ်းတို့အတွက် စားနပ်ရိက္ခာများ၊ ငွေကြေး ထောက်ပံ့မှုများ ပေးအပ်နေသည်ဟု သိရသည်။

နေပြည်တော် ပျက်စီးမှု

လွှတ်တော်အဆောက်အအုံများ အပါအဝင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားကို အဓိက မောင်းနှင်ပေးသည့် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေး၊ စက်မှု၊ စွမ်းအင်နှင့် အလုပ်သမားဝန်ကြီးဌာနများ၏ အဆောက်အဦများစွာ မတ် ၂၈ ရက်နေ့က ငလျင်ကြောင့် ပျက်စီးသွားခဲ့သည်။ 

ထို့ပြင် စစ်ရုံးချုပ်၊ ပြည်ထဲရေး၊ မြန်မာ့မီးရထားနှင့် ဗဟိုဘဏ်အဆောက်အဦတို့မှာလည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် သတင်းများတွင် ဖော်ပြထားသည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အအုံနှင့် e-Government ဒေတာစင်တာတို့ အကြီးစား ထိခိုက်ပျက်စီးခဲ့ရာ ပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်၍ ပြန်လည်ပတ်နိုင်ရန်စီစဉ်နေသည်ဟု စစ်ကောင်စီ ပို့်ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါဌာနသည် ဆက်သွယ်ရေးကွန်ရက်ကို စောင့်ကြည့်ကာ အများပြည်သူ လုံခြုံရေးထိခိုက်စေမည့် ကိစ္စများ ဆောင်ရွက်နေခြင်း ဖြစ်သည်။ 

ဌာနဆိုင်ရာဝန်ထမ်းများနေထိုင်သည့် ခရေ၊ ကံ့ကော်၊ ဘူးကွဲ၊ ပိတောက်၊ ဝဏ္ဏသိဒ္ဓိအိမ်ရာ၊ ဧက ၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀ အိမ်ရာများလည်း ပျက်စီးခဲ့သည်။

ဧပြီ ၅ ရက်နေ့က ကံ့ကော်အိမ်ရာစာသင်ကျောင်းတွင် ခိုလှုံနေသော ဝန်ထမ်းများ။ (ဓာတ်ပုံ- Myanmar Now)

ဧက ၂၀၀၀ နှင့် ၃၀၀၀ ဘက်ရှိ အထပ်မြင့်ဝန်ထမ်းအိမ်ရာ အလုံး၂၀ ထက်မနည်းမှာ မြေကြီးအတွင်း ကျွံဝင်နစ်မြှုပ်ခဲ့၊ မြေပေါ်တွင် အပေါ်ထပ်များကိုသာ မြင်ရတော့သည်ဟု နေပြည်တော် ဒေသခံတစ်ဦးက မတ် ၃၁ ရက်နေ့က ပြောသည်။

ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများကိုအဆင့် ၃ ဆင့်ဖြင့် ခွဲခြားဆောင်ရွက်သွားမည်၊

အသေးစားပျက်စီးမှုကို အပြာရောင်အဆင့်သတ်မှတ်ကာ ပြန်ပြုပြင်ပြီး ပြန်လည်နေရာချထားမည်၊   ဖျက်သိမ်း/အကြီးစား ပြင်ဆင်ရမည်ကို အနီရောင်နှင့်လိမ္မော်ရောင်အဆင့် သတ်မှတ်၍  မိုးမကျမီ ဝန်ကြီးဌာနများအလိုက် ယာယီအဆောက်အအုံများ ဆောက်လုပ်ကာ ပြန်နေရာချထားပေးမည်ဟု စစ်ကောင်စီ၏ ဧပြီ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် ထိုဝန်ထမ်းများမှာ ယာယီရွက်ဖျင်တဲများတွင် နေထိုင်နေကြရကာ စစ်ကောင်စီက သောက်သုံးရေ၊ မိလ္လာကိစ္စများ အဆင်ပြေအောင်ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ 

ပညာရေးဝန်ကြီးဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက ငလျင်ကြောင့် ဇာတိရပ်ရွာပြန်သွားရာမှ နေပြည်တော်သို့ ပြန်ရောက်လာသည်။

“နယ်အိမ်ပြန်လာတာ၊ ခု ဌာနက ရုံးတက်ရမယ်၊ ယာယီတဲရမယ်…….အဲဒါယူမှာလား မေးပြီး ယူမယ်ဆို လာကြည့်ဆိုလို့ မနက်ဖြန် ပြန်လာရမှာ၊ မယူလို့လည်းမရဘူးလေ၊ မယူရင် ရုံးကို ဘယ်က တက်ရမှန်းလဲ မသိဘူး” ဟု သူက ပြောသည်။ 

နေပြည်တော်တွင် အာဟာရသုခဈေး၊ မြို့မဈေး၊ သပြေကုန်းဈေးကြီးများလည်း ပြန်လည်ဖွင့်လှစ်ထားပြီး လှူဒါန်းသူများကြောင့် စားသောက်ရေးအဆင်ပြေကြသော်လည်း ငလျင်ဒဏ်သင့်သူများက နေထိုင်ရေး မှာ အဓိကအခက်အခဲဖြစ်ကြောင်း  ပြောသည်။ 

စစ်ကောင်စီကမူ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းငလျင်တို့အတွက် အကူအညီများ တောင်းခံခဲ့ရာ နိုင်ငံပေါင်း ၃၂ နိုင်ငံထံမှ အကူအညီများ ရနေကြောင်း ထုတ်ပြန်ထားသည်။​

ငလျင်ကြောင့် မြို့နယ် ၃၃၀ အနက် မြို့နယ် ၆၀ နီးပါးမှာနေထိုင်ကြသည့် လူဦးရေ ၁၇သန်းခန့် ထိခိုက်မှုရှိမည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိုနှိုင်းရေး ရုံး (OCHA)က ဧပြီ ၅ ရက်နေ့တွင် ခန့်မှန်းထားသည်။

ဧပြီ ၁၂ ရက်နေ့ထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၄၈ ဦး၊ ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၃၄ ဦးထိ ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button